Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Posts Tagged ‘အန်အယ်လ်ဒီ

ဂမ်ဘာရီ ခရီးစဉ်သည် မထိရောက်နိုင်ကြောင်း အန်အယ်ဒီ ဝေဖန်

leave a comment »

မဇ္ဈိမ မြန်မာသတင်းဌာန

နန်းဒေဝီ

ကြာသပတေးနေ့၊ သြဂုတ်လ 21 2008 18:39 – မြန်မာစံတော်ချိန်


နယူးဒေလီ ။ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အမျိုးသား ရင်ကြားစေ့ရေးအတွက် ထိရောက်စွာ မလုပ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ၏ ၅ ရက်ကြာ မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အန်အယ်ဒီ က ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသား ရင်ကြားစေ့ရေးတို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးတို့၊ နအဖနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက်ဆွေးနွေးရေးတို့ ဒါတွေက ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်တွေ။ အဲဒီ လမ်းညွှန်ချက်တွေကို အကောင်အထည် ဖော်ဖို့လာတဲ့ ပုဂ္ဂိုလ်က အဲဒီလုပ်ငန်းတွေကို အခုထိ ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ အန်ကယ်တို့ မတွေ့ဘူးဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

သူက ဆက်ပြီး ခရီးစဉ် တခုလုံးကို ခြုံပြီး ပြောရမယ်ဆိုရင် အိမ်ရှင်က စီစဉ်တဲ့ဟာတွေကို မစ္စတာ ဂမ်ဘာရီက အကုန်လုံး လိုက်လျော ဆောင်ရွက် လှုပ်ရှားနေတယ်လို့ အန်ကယ်တို့ အဲဒီလို မြင်ပါတယ်ဟု ပြောသည်။

မစ္စတာ ဂမ်ဘာရီနှင့် အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ၅ ဦးနှင့် ယမန်နေ့ မိနစ် ၂ဝ ကြာ ဆွေးနွေးခဲ့ပြီးနောက် ယခုလို ဒီမိုကရေစီ လှုပ်ရှားသူများကြား မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်အပေါ် ထူးခြားမှု တစုံတရာ ဖြစ်လာစရာအကြောင်း မရှိနိုင်ကြောင်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအကြား ဝေဖန် ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က မစ္စတာ ဂမ်ဘာရီ သူ အလုပ်လုပ်နေရတဲ့ လောလောဆယ် မြန်မာပြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်နေတဲ့အပေါ်မှာ လုံးဝ မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အပြင် နအဖ ရဲ့ လှည့်ကွက်ထဲ ဝင်သွားပြီလို့ ကျနော် ထင်ပါတယ်။ နအဖ အချိန်ဆွဲဖို့ လုပ်နေတဲ့အထဲမှာ မစ္စတာ ဂမ်ဘာရီ မသိမသာ ပါသွားတယ်။ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် အဲဒီ အထဲမှာကို ပါသွားတယ်လို့ ကျနော်ပြောနိုင်ပါတယ်ဟု မဇ္ဈိမကို ပြောသည်။

ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် ၄ ရက်ကြာသည့် တိုင်အောင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိသေးသည့်အတွက် သူ၏ ခရီးစဉ် အောင်မြင်သည်ဟု မခေါ်ဆိုနိုင်ကြောင်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ်ကြိမ် တွေ့ဆုံခြင်းဖြင့် နိုင်ငံတကာ ဖိအားပေးခြင်းမှ သက်သာရာ ရစေသည့်အပြင် စစ်အစိုးရအတွက်သာ အကျိုးရှိစေကြောင်း သူက ဆက်ပြောသည်။

ကိုညိုအုန်းမြင့်ကကျနော်တို့ လိုချင်တာက ရလဒ်လိုချင်တာ။ ကုလသမဂ္ဂရဲ့ မအောင်မြင်တဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ တိုးတက်မှုကို ကုလသမဂ္ဂက အပြုသဘောဆောင် လုပ်နေပေမယ့် ဒီဟာက ပြည်သူလူထုတွေအတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာမယ်လို့ ထင်ပါတယ်။ … ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီတွေ့ဆုံခြင်းဟာ နအဖ အတွက် ပိုအကျိုးရှိတယ်။ နအဖ အနေနဲ့ ကျနော်တို့ဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် လုပ်နေပါတယ်ဆိုတာက ရွေးကောက်ပွဲမတိုင်ခင် တရက်အထိ လုပ်မယ်။ အဲလိုလုပ်ထားရင် နိုင်ငံတကာက သူတို့ကို အပြစ်ပုံလို့မရဘူးဟု ပြောသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးရန် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုအား ငြင်းပယ်ခဲ့ကြောင်း ယမန်နေ့ ညက ထုတ်လွှင့်သည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ဖော်ပြခဲ့သည်။

ယခုလို မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရခြင်းနှင့် ပတ်သက်၍ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း ယခုလို ပြောဆိုသည်။

ကျနော်သိတာက မနေ့ကတော့ တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ သိတယ်။ မတွေ့ဖြစ်ဘူးဆိုတာ သိတယ်။ ဘာကြောင့်လဲဆိုတာနဲ့ ပတ်သတ်ရင် ကျနော် မသိဘူး။ ဒီဥစ္စာက မစ္စတာ ဂမ်ဘာရီရယ်၊ ဒေါ်စုရယ်၊ အစိုးရရော ၃ ဦးကိစ္စပဲ ဖြစ်တယ်။ ဒေါ်စုကြောင့်လို့ပဲ ပြောတာချည်းပဲ ကျနော်တို့ အဲဒါကို မသိဘူး။ အစိုးရကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ မစ္စတာ ဂမ်ဘာရီကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့က အဲလိုတွေးတယ်ဟု သူက ပြောသည်။

သို့သော် ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ အကြားတွင်မူ မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်ခဲ့ခြင်းအပေါ် ယခုလို သုံးသပ် ဝေဖန်ကြသည်။

ဦးညိုအုန်းမြင့်ကမစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်နိုင်ရင် အပတ်တိုင်းတွေ့လည်း နအဖ အကျိုးရှိတယ်လေ။ သူတို့ဘက်က အဖြေတစုံတရာ မပေးဘူး။ ဆုံးဖြတ်ချက် တစုံတရာ မပေးရင် ဒေါ်အောင်ဆန်းစုကြည်က လက်ခုပ်တဖက် တီးလို့ မမြည်ဘူး ဆိုတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်တယ်လို့ မြင်ပါတယ်ဟု ပြောသည်။

ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးဝင်းမင်းကလည်းဂမ်ဘာရီ အနေနဲ့က နှစ်ဖက်စလုံးကို တွေ့မှပဲ Mission အဓိပ္ပာယ် ရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာကြောင့် မတွေ့နိုင်တာလဲဆိုတာ မသိတော့ ပြောဖို့ ခက်တယ်။ တကယ် ငြင်းတယ် ဆိုရင်တော့ မစ္စတာ ဂမ်ဘာရီအနေနဲ့က ပြဿနာ ဖြစ်နိုင်တယ်။ နှစ်ဖက်နဲ့ တွေ့ဖို့က သူ့ခရီးစဉ်ရဲ့ အဓိက အကြောင်းအရာလေဟု ပြောသည်။

ကုလသမဂ္ဂ၏ မအောင်မြင်သည့် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်ရာတွင် မျှော်လင့်စရာ မရှိတော့သည့်အတွက် ကုလသမဂ္ဂအား ဖိအားပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ယခုလို ပြောဆိုလိုက်သည်။

ကျနော်တို့မှာ လမ်းမရှိတော့ဘူး။ ဆက်ဆံတာလည်း အကျိုးမရှိတော့ဘူးလို့ ကျနော်တို့ သိနေတဲ့ အတွက်ကြောင့် အဲဒီလိုလုပ်လိုက်ရင် ကျနော်တို့နိုင်ငံအတွက် အနာဂတ်က၊ နှစ် ၂ဝ ကြာတဲ့ ဒုက္ခက လွတ်မြောက်မယ့် လမ်းစတခု ဖြစ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ယူအင် (ကုလ) ဟာ မလိုတော့ပါဘူး။ ကုလသမဂ္ဂကို တောင်းဆိုတာထက်စာရင် ဖိအားပေးဖို့ လိုမယ်ဟု သူက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/1559-2008-08-21-12-22-56.html

NLD က မစ္စတာ ဂမ်ဘာရီနှင့် တွေ့ဆုံမှုအပေါ် အားရကျေနပ်မှု မရှိ

မြန်မာပြည်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့် ယနေ့ညနေပိုင်းက တွေ့ဆုံပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က…