Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Posts Tagged ‘Barry Bergman

နာဂစ်စ် မုန်တိုင်းဒဏ် ခံရပြီးသည့်တိုင်

leave a comment »

နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံလိုက်ရသော အိမ်တလုံး။ မြန်မာနိုင်ငံ၏ ဆင်းရဲသားများ နေထိုင်ရာ ဒေသရှိ လူနေအိမ်များကို ဝါးလုံး၊ ဓနိ-သက်ငယ်ပျစ် အမိုးများဖြင့်သာ ဆောက်လေ့ရှိရာ လူသေလောက်အောင် ပြင်းထန်သော မုန်တိုင်းဒဏ်ကို ခံနိုင်ရည် မရှိပဲ ပြိုလဲပျက်စီးခဲ့ကြရသည်။ ပင်လယ်ရေလှိုင်းကြီးများ တက်လာသောအခါ အလွယ်တကူပင် မျှောပါသွားရသည်။ အသက်မသေပဲ ကျန်ရစ်သူ မုန်တိုင်းဒုက္ခသည်တို့မှာ စစ်အစိုးရ၏ ကယ်ဆယ် ထောက်ပံ့မှုများမရပဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေခဲ့ရသည်။ နိုင်ငံတကာနှင့် ပြည်တွင်းစေတနာရှင်တို့က ကယ်ဆယ်ထောက်ပံ့ရန် ကြိုးပမ်းကြသော်လည်း စစ်အစိုးရက နှောင့်နှေးကြန့်ကြာအောင် လုပ်ထားသဖြင့် နေရာအနှံ့ မထိရောက်နိုင်ပဲ ရှိနေသည်။ အချို့ဒုက္ခသည်များ၌ ငွေကြေး အနည်းငယ်ရှိသည့်တိုင် လာမည့် စပါး စိုက်ပျိုးရာသီအတွက် ရင်းနှီးမြှုပ်နှံရန် မဖြစ်နိုင်တော့ပဲ ပျက်စီးသွားသောအိမ်ကို ပြန်ပြင်ဆောက်နိုင်ဖို့ အတွက်ကိုသာ သုံးစွဲလိုက်ရတော့သည်။

အဲရစ် စတိုဗာက ဘော့စနီးယား၊ ကမ်ဘောဒီးယား၊ ရဝမ်ဒါနှင့် အီရတ်သို့ ရောက်ခဲ့ဖူးသည်။ တနေရာနှင့် တနေရာ မတူကြသော်လည်း ထိုနေရာများသည် အပျော်သက်သက် အပမ်းဖြေရန် သွားသင့်သည့် နေရာများ မဟုတ်မှန်းတော့ လူတိုင်းပင် သိကြသည်။ တကယ်လည်း အပမ်းဖြေရန် အဲရစ်က သွားခဲ့ သည်မဟုတ်ပါ။ ကမ္ဘာတလွှား ဆိုးပေ့ဆိုသည့် ကပ်ဘေးကြီးများကြုံလျှင် သူသွားကြည့်သည်။ စစ်ပွဲများ ဖြစ်နေလျှင် သူ ရောက်နေတတ်သည်။ ဖိနှိပ်ခံပြည်သူများ ရှိရာတွင် သူရှိနေတတ်သည်။ ဆင်းရဲ နွမ်းပါးသော နိုင်ငံများသို့ သူသွားတတ်သည်။ သူက ဘေးအန္တရာယ်များကြားမှ အသက်နှင့်ရင်းရသည့် အလုပ်ကို လုပ်သည်။ ဒေသခံပြည်သူတို့ ရင်ဆိုင်ကြုံတွေ့ရသည်များကို မနေမနား စူးစမ်းသည်။ စုံစမ်း မေးမြန်းကြည့်သည်။ မှတ်တမ်းတင်သည်။

အမှန်တော့ အဲရစ်သည် ကယ်လီဖိုးနီးယားတက္ကသိုလ်-ဘာကဲလီ၏ လူ့အခွင့်အရေးစင်တာမှ ညွှန်ကြားရေးမှူး ဖြစ်သည်။ သည်တော့ ကမ္ဘာတလွှား လူ့အခွင့်အရေး ဖောက်ဖျက်မှုများ ရှိလာလျှင် အဲရစ် မနေနိုင်၊ မရောက်ရောက်အောင် သွားကြည့်သည်။ အမှန်ဆုံးဖြစ်အောင် မှတ်တမ်းတင်သည်။ အသက်နှင့်ရင်း၍ လူ့အခွင့်အရေး တိုက်ပွဲဝင်သူဖြစ်သည်။ အဲရစ်၏ ပညာရေးနှင့် အလုပ်အကိုင်က နှယ်နှယ်ရရတော့ မဟုတ်။ ဥပဒေနှင့် ပြည်သူ့ကျန်းမာရေးကို ထပ်ဆင့်ဆည်းပူးထားပြီး ဘာကဲလီ-ကယ်လီ ဖိုးနီးယား တက္ကသိုလ်မှ ပရိုဖက်ဆာတဦး ဖြစ်သည်။

သည်တခေါက် အဲရစ် သွားခဲ့သည်ကတော့ မြန်မာနိုင်ငံဖြစ်သည်။ ရည်ရွယ်သည်က စစ်အစိုးရ ရေးဆွဲသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို လူထုက ထောက်ခံခြင်းရှိမရှိ စမ်းသပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လေ့လာရန် သက်သက်သာ ဖြစ်သည်။

မြန်မာနိုင်ငံ သွားဖို့ ဗီဇာရလိုက်သည်မှာ သူ့အတွက် ကံကောင်းလှသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး နောက်တရက်အကြာတွင် မြန်မာနိုင်ငံထဲ သူဝင်လာနိုင်သော ကြောင့်ဖြစ်သည်။ ထို့ထက်နောက်ကျလျှင်တော့ မြန်မာစစ်အစိုးရက နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများ၊ သတင်းထောက်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်သည်နှင့် ကြုံရဖို့ရှိသည်။ ဝင်မည့်သူတို့ကို ပိတ်ရုံတင် မဟုတ်သေး။ မြန်မာနိုင်ငံထဲ ရောက်နှင့်ပြီး နိုင်ငံခြားသားများကိုပင် အတင်းအကြပ် ပြန်မောင်းထုတ်သည်လည်းရှိသည်။ သည်အဖြစ်မျိုးကို သူ နေခွင့်ရသည့် နှစ်ပါတ်အတွင်း ကြုံလိုက်ရသည်။

ထို့ထက်ပို၍ ရှားရှားပါးပါး ကိုယ်တိုင်ကြုံလိုက်ရသည်က နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာ ပြည်သူတို့ အလူးအလှိမ့် ခံလိုက်ရသည့်အဖြစ်ဆိုးကြီး ဖြစ်သည်။ မုန်တိုင်းအပြီး တလအတွင်း စစ် အစိုးရ၏ ထုတ်ပြန်ချက်မှာပင် လူအသေအပျောက်က တသိန်း သုံးသောင်း လေးထောင် ရှိနေခဲ့သည်။ သည့်နောက်ပိုင်း အစိုးရက တခါမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေး။ ကုလသမဂ္ဂကလည်း လူပေါင်း နှစ်သန်းလေးသိန်း အိုးအိမ်မဲ့ ဖြစ်နေသည်ဟု ခန့်မှန်းထားသည်။ ဆိုင်ကလုန်း ကပ်ဘေးကြီးက ဤမျှထိ ဆိုးဝါးလှသည့်တိုင်အောင် မြန်မာနိုင်ငံ၌ (၄၅)နှစ်ကျော်ကြာအောင် မင်းမူလာသည့် စစ်အစိုးရက ဒုက္ခသည် ပြည်သူတို့အပေါ် လစ်လျူရှုနိုင်လွန်းခဲ့သည်။ အစိုးရ၏ လုပ်ပုံကိုင်ပုံများကြောင့် အခြေအနေမှာ ပိုမဆိုးသင့်ပဲ ဆိုးနေခဲ့ရတော့သည်။ လေဘေးဒုက္ခသည်များအဖို့ လဲကျရာ သူခိုး ထောင်းခံရသည့် အဖြစ်ဆိုးပင်။

မြန်မာနိုင်ငံကား ဤသို့ပါတကားဟု အဲရစ် အံ့အားသင့်နေမည်တော့ မဟုတ်ပါ။ ယခင်ကလည်း မြန်မာနိုင်ငံကို ရောက်ဖူးသည်။ ရောက်ရုံတင် မဟုတ်သေး။ မြန်မာနိုင်ငံအကြောင်း စာတစောင် ပေတဖွဲ့ မှတ်တမ်းတင် ရေးထားသည်။ “ကူးစက်ရောဂါများနှင့် လူ့အခွင့်အရေးများ – မြန်မာနိုင်ငံမှာ မုန်တိုင်း တိုက်နေပြီ” ဟု ခေါင်းစဉ်တပ်ထားသည့် ၂ဝဝ၇ ခုနှစ်က မှတ်တမ်းဖြစ်သည်။ အခြားသူ(၈)ဦးနှင့် ပူးတွဲ ရေးသားသည်။ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ခံထားရသည့် မြန်မာနိုင်ငံတွင် အစိုးရမှ ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ပေးရန် ပျက်ကွက်နေသည်ကို ထိုမှတ်တမ်းတွင် ရေးသားထားသည်။ စစ်သည်အင်အား လေးသိန်းကျော်ရှိသည့် မြန်မာစစ်တပ်မှာ အရှေ့တောင် အာရှတွင် ဒုတိယ အကြီးမားဆုံး ဖြစ်နေပြီး ထိုစစ်တပ်ကို ရပ်တည်ပေးနိုင်ရန် နိုင်ငံ့ဘဏ္ဍာငွေ (၄ဝ) ရာခိုင်နှုန်းကို စစ်အစိုးရက သုံးနေကြောင်းဖော်ပြသည်။ ထို့ပြင် တိုင်းပြည်လူဦးရေ (၄၇)သန်းအား လူသားချင်း စာနာ ထောက်ထားမှုဖြင့် ကျွေးမွေးထောက်ပံ့ရန် ကြိုးပမ်းလာသူ ပြည်တွင်းပြည်ပ စေတနာရှင်များကို မြန်မာ စစ်အစိုးရက ကဏ္ဍအတော်များများ၌ အကြီးအကျယ် ဆန့်ကျင်တားဆီးနေသည်ဟုလည်း မှတ်တမ်းတင်ထားသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသော ရွာတရွာ။ နာဂစ်စ် မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် လူနှစ်သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ စစ်အစိုးရထံမှ အကူအညီများ မရသေးပဲ ရှိနေသေးသည်။

မြန်မာစစ်အစိုးရက လေဘေးမုန်တိုင်းဒဏ် ခံရသူတို့အပေါ် အမှန်ပင် သနားညှာတာမှု ရှိနေသယောင် အပေါ်ယံ လုပ်ပြသည်။ ကုလသမဂ္ဂကဲ့သို့ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းမှ တာဝန်ရှိ ကိုယ်စားလှယ်များကပင် စစ်အစိုးရ၏ လုပ်ပုံကိုင်ပုံများကို ပြစ်တင် ဝေဖန် စောကြောရန် တွန့်တွန့် ဆုတ်ဆုတ် ရှိနေပုံရခဲ့သည်။ သို့သော် အချို့ကတော့ ပြတ်သည်။ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်များသည် ဒုက္ခသည်များအပေါ် နည်းနည်းလေးမှ ကိုယ်ချင်းစာ ငဲ့ညှာထောက်ထားမှုမရှိဟု ရဲရဲပင် ဝေဖန်သည်။ ပြစ်တင်ရှုံ့ချသည်။

အခြားနိုင်ငံများတွင် ကပ်ဘေးကြီးများ ကျပြီဆိုကတည်းက သတင်းထောက်နှင့် ကယ်ဆယ်ရေးအတွက် ကူညီသူ၊ ကျွမ်းကျင်သူ နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက် ရောက်လာတတ်သည်။ မြန်မာနိုင်ငံတွင်မူ ထိုသို့မဟုတ်။ နိုင်ငံခြားသားမှန်လျှင် အဝင်မခံ၊ ဗီဇာပိတ်လိုက်သည်။ ကနဦး လေဘေးအပျက်အစီးနှင့် သေကြေဒဏ်ရာရသူများကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့် နိုင်ငံခြားသား အနည်းငယ်သာ ရှိသည်။ ထိုအထဲတွင် အဲရစ် တယောက်လည်းပါသည်။ အဲရစ်မှာ ကိုယ်တိုင် မြင်လည်းမြင်၊ ပြောလည်း ပြောသူဖြစ်ရာ ဖိနှိပ်ချုပ်ချယ်သည့် အာဏာရှင်စနစ် နိုင်ငံရေး ကြာင့် အန္တရာယ်ဆိုးများ ကျရောက်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ဖြစ်လာသည်။

မြန်မာနိုင်ငံမှာကတော့ အရေးပေါ် ဘေးဒုက္ခတွေကို အစိုးရက ကူညီကယ်ဆယ်နိုင်စွမ်း သိပ်မရှိလှပါဘူး။ ပြည်သူတွေက သူတို့ကျန်းမာရေးကို သူတို့ကိုယ်တိုင်ပဲ စောင့်ရှောက်ရတာ ဖြစ်တယ်။ မေလ (၂) ရက် ညနေခင်းကနေ (၃)ရက်နေ့ထိ မြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်နဲ့ အခြားမြို့တွေကို ဆိုင်ကလုန်း တိုက်ခတ်သွားပေမယ့် အစိုးရက ကြိုတင်ပြီး လုံလုံလောက်လောက် သတိပေးတာမရှိခဲ့ပါဘူး။ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ မုန်တိုင်းသတင်းအချို့ကို ထုတ်လွှင့်ပေးပေမယ့်လည်း ပြည်သူတွေမှာ ကြိုတင်ပြင်ဆင် ကာကွယ်နိုင်လောက်အောင် အချိန်မရခဲ့တာ သေချာပါတယ်”ဟု အဲရစ်က ပြောပြ သည်။

အကယ်၍ စစ်အစိုးရက မုန်တိုင်းသတင်း ကြိုတင်သတိပေးချက်များကို အချိန်မီ ထုတ်လွှင့်ပေးနိုင်ခဲ့သည် ဖြစ်အံ့။ မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းအတွင်းရှိ ဒေသခံများအနေဖြင့် ကြားသိကြလိမ့်မည်။ ဘေးကင်းရာဆီသို့ ပြေးလွှား ရှောင်တိမ်းနိုင်ကြလိမ့်မည်ဖြစ်သည်။ လူ့အသက်ပေါင်းများစွာ ယခု လောက် ဆုံးရှုံးရလိမ့်မည်လည်း မဟုတ်ပါ။

အသက်ရှင် ကျန်ရစ်သူ လေဘေးဒုက္ခသည်တွေရဲ့ အိမ်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရပါ တယ်။ အထူးသဖြင့် ကွန်ကရစ်တိုက်အိမ်တွေ၊ အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ ဒါမှမဟုတ်လည်း အသင့်အတင့် ကွန်းခိုနိုင်မယ့် အခြားနေရာတွေဆီမှာ သွားရောက် ခိုလှုံကြရတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လို သဘာဝဘေးဒုက္ခပဲဖြစ်ဖြစ်၊ ဘယ်နှစ်ကြိမ်ပဲဖြစ်ဖြစ်၊ အဆင်းရဲဆုံးသူတွေနဲ့ အကာအကွယ်အမဲ့ဆုံးသူတွေသာ အဆိုးဆုံး ခံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝါး၊ဓနိတွေနဲ့ ဆောက်ထားတဲ့ သူတို့အိမ်တွေဟာ လေပြင်းတိုက်ရင် ပြိုကျတတ်ပါတယ်။ ရေလှိုင်းကြီးတွေ တက်လာတဲ့အခါမှာလည်း တအိမ်လုံး ရေထဲမျှောပါသွားတတ်ပါတယ်။”

လေဘေးမုန်တိုင်းဒဏ်က အလွန်အမင်း ဆိုးဝါးနေခဲ့ပြီ ဖြစ်သည်။ အသက်ဆုံးရှုံးရသူ သောင်းနှင့်ချီ ရှိနေသည်။ ပျောက်ဆုံးနေသူများလည်း သောင်းဂဏန်းများစွာ ရှိသည်။ အသက်မသေကျန်ရစ်သူများမှာ အိုးမဲ့အိမ်မဲ့ ပြောင်သလင်းခါ ဖြစ်ကျန်ရစ်သည်။ အစားအသောက်မဲ့ဖြစ်နေသည်။ လဲစရာအဝတ် မရှိ။ တချို့ အဝတ်ပင် မရှိတော့။ ဘယ်မှာသွားနေရမှန်း မသိသူတွေလည်း ရှိနေသေးသည်။ မိဘမဲ့ကလေးများက တပုံတပင်။ ဒဏ်ရာရလာသူ၊ ကျန်းမာရေး မကောင်းသူတို့အတွက် ကုစားရာ ဆေးမရှိ၊ ကုသပေးသူမရှိ။ ထိုအခြေအနေကို ပိုရှုပ်ထွေးအောင် ထပ်ဆင့် ထိုးနှက်ချက်များ ရှိသည်ဟု အဲရစ်က ဆိုသည်။

လဲရာ သူခိုးထောင်းခံရသည့် အဖြစ်များတွင် ကျန်းမာရေး အဆင့်အတန်း အလွန်နိမ့်ကျရခြင်းက အကြောင်းတခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် သာမန်ပြည်သူတို့၌ ကျန်းမာရေး ဗဟုသုတ အလွန်နည်းပါးသည်။ အစိုးရက တာဝန်ယူရမည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ အလွန်နည်းပါးသည်။ သို့ဖြစ်၍ ကျန်းမာရေးနှင့် ပတ်သက်လာလျှင် ထိခိုက်ဆုံးရှုံးဖို့ များသည်။

နောက်ထပ်ထိုးနှက်နေသည့်အကြောင်းတခုမှာ မြန်မာနိုင်ငံတွင်းရှိ အစိုးရလက်အောက်ခံ မဟုတ်သည့် အဖွဲ့အစည်းများမှာ မုန်တိုင်း တိုက်ပြီးပြီးချင်းတွင် ထိထိရောက်ရောက် မကူညီပေးနိုင်ပဲ လူမှုရေး လုပ်ငန်းများ ရပ်ဆိုင်းနေခြင်း ဖြစ်သည်။ အန်ဂျီအိုများအား နဂိုကတည်းက “ဘာမလုပ်ရ၊ ညာမလုပ်ရ”ဟု အစိုးရက စည်းကမ်းပေါင်းများစွာဖြင့် တင်းကြပ်ထားရာ ဘေးဒုက္ခမှ ကူညီရမည့်အရေးကို တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံလာရသောအခါ အစိုးရထံက ခွင့်ပြုမိန့် တောင်းခံတတ်သည့် အကျင့်က ပါနေတော့သည်။

ထို့ပြင် နိုင်ငံခြားသား ကယ်ဆယ်ရေး ကျွမ်းကျင်သူ ပညာရှင်များနှင့် ကယ်ဆယ်ရေး လုပ်သားများအား စစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ ငြင်းဆန်နေခဲ့သည်။ မိမိကိုယ်တိုင်လည်း မလုပ်ပေးနိုင်၊ လုပ်ပေးမည့် အခြားသူတို့အားလည်း လုပ်ခွင့်မပေးသဖြင့် အချိန်မီ အသက်လုရသည့် ကိစ္စများအပါအဝင် အခြားကိစ္စများအတွက် မလိုအပ်ပဲ နှောင့်နှေးသွားရသည်။ ဤအချက်က လေဘေးဒုက္ခနှင့်ပတ်သက်၍ ထပ်ဆင့်ထိုးနှက်ချက်တခု ဖြစ်သည်။

မြန်မာနိုင်ငံကို စစ်တပ်ကသာ အလွန်အကျွံ လွှမ်းမိုးချုပ်ကိုင်ထားသဖြင့် နိုင်ငံ့အရေးအရာနှင့် ပတ်သက်လာလျှင် စစ်တပ်က မလုပ်သရွေ့ ဘာမှမဖြစ်နိုင်သည့် နိုင်ငံရေး စရိုက်သဘာဝ ရှိနေသည်ဟု အဲရစ်က ရှင်းပြသည်။ အကျိုးဆက်မှာ တာဝန်ရှိ အာဏာပိုင်အဆင့်ဆင့်တို့က ထိပ်ပိုင်းခေါင်းဆောင် နအဖ၏ သဘောတူညီချက် မရသမျှ ကာလပတ်လုံး ဘာမှ မလုပ်နိုင်ပဲ ဖြစ်နေရတော့သည်။

အားလုံးကိုထိန်းချုပ်ထားလို့ တိုးတက်မှုရှိမနေပဲ ဖြစ်နေရင် လူတွေဟာ ဘာလုပ်လို့လုပ်ရမှန်း မသိကြတော့ဘူး”ဟု အဲရစ်က ထောက်ပြသည်။

ဒုက္ခသည် သန်းပေါင်းများစွာအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အကူအညီများ ပေးနိုင်ရေး မြန်မာစစ်အစိုးရထံ ချက်ချင်းပင် ပန်ကြားခဲ့ကြသည်။ သို့သော် ဆိုင်ကလုန်း ဝင်တိုက်အပြီး သုံးပါတ်နီးပါးကြာမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေနှင့် တွေ့ခွင့်ရခဲ့သည်။ ထိုအခါမှ မည်သည့် နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားမဆို မြန်မာနိုင်ငံသို့ လာရောက် ကယ်ဆယ် ထောက်ပံ့ခွင့်ပြုမည်ဟု ဗိုလ်ချုပ်သန်းရွှေက ဘန်ကီမွန်းအား ကတိပေးခဲ့သည်။ ထိုသုံးပါတ်တာအတွင်း ဒုက္ခသည် လေးပုံသုံးပုံမှာ မည်သည့်အကူအညီ အထောက်အပံ့မျှ မရပဲ ဖြစ်သည့်နည်းဖြင့် အသက်ရှင်ရုန်းကန်နေခဲ့ကြရသည်။ ထိုကြားထဲ အသက်ဆုံးရှုံးသွား သူများလည်း ရှိမည်ဟုလည်း ဆိုနိုင်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံတနိုင်ငံကို အပြည်ပြည်ဆိုင်ရာ အကူအညီတွေ ပေးကမ်းနိုင်အောင် အဲဒီနိုင်ငံရဲ့ ခေါင်းဆောင်ဆီကို ကိုယ်တိုင်သွားပြီး ခခယယ တောင်းပန်နေရတဲ့ အဖြစ်မျိုး ကျနော်အရင်က မကြုံဖူး မကြားဖူးပါဘူး”ဟု အဲရစ်က ပြောသည်။

အဆိုးဝါးဆုံး ခံလိုက်ရသည့်ဒေသများသို့ နိုင်ငံခြားသားများ ရောက်မလာနိုင်အောင် စစ်အစိုးရက မပိတ်ဆို့မီ အဲရစ်အတွက် သွားကြည့်ဖို့အခွင့်အလမ်း အနည်းငယ် ရခဲ့သည်။ သို့နှင့် ရန်ကုန်မှ မိုင်တရာ ခန့်အကွာရှိ မုန်တိုင်းဒဏ်ခံရသည့်နေရာများသို့ နှစ်ကြိမ်တိုင်တိုင် သူ သွားကြည့်ဖြစ်ခဲ့သည်။

အဲဒီနေရာတွေဆီကိုရောက်တော့ မြင်လိုက်ရတဲ့အခါ တကယ့်ကို မယုံနိုင်စရာပါပဲ။ မုန်တိုင်းဒုက္ခသည်တွေကို ကယ်ဆယ်ထောက်ပံ့ ကူညီနေသူတွေဟာ မြန်မာနိုင်ငံသား ပြည်သူတွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒေသခံ စီးပွားရေး အဖွဲ့တွေက ကူညီပေးနေတာလည်း တွေ့ရတယ်။ ဘာသာရေး အဖွဲ့တွေလည်း ရှိနေတယ်။ အစိုးရ လက်အောက်ခံမဟုတ်တဲ့ အန်ဂျီအိုတွေလည်း ရောက်နေကြတယ်။ စစ်အစိုးရက ကယ်ဆယ်ထောက်ပံ့ပေးတာတွေ သူတို့ကတော့ မတွေ့ရဘူးလို့ ပြောပြကြတယ်။ နိုင်ငံတကာက အကူအညီတွေ ရောက်မလာနိုင်အောင် အစိုးရက လုပ်ထားတော့ သူတို့ကပဲ အတတ်နိုင်ဆုံး ဟိုဟိုဒီဒီ သွားပြီး အလှူခံရတယ်၊ ဆန်-ငါးခြောက်နဲ့ အခြားထောက်ပံ့စရာ ပစ္စည်းတွေကို ဈေးထဲမှာ သွားဝယ်ပြီး ဒီကို ထွက်လာခဲ့ရတာပဲလို့ ပြောပြကြတယ်။”

လက်တွေ့မှာတော့ အစားအသောက်နဲ့ ခိုလှုံစရာရဖို့က နေရာအတော်များများမှာ အသဲအသန် လိုအပ်နေပါတယ်။ အဲဒါတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ လှူဒါန်းထောက်ပံ့တာဟာ ရေပုံးထဲက ရေတစက် လောက်ပဲ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဟာ အုတ်တချပ် သဲတပွင့်၊ တနိုင်တပိုင် ဝင်ကူကြတာပါပဲ”ဟု အဲရစ်က ဆက်ပြောပြသည်။

ပိုပြီး စိုးရိမ်ကြောက်လန့်စရာ ကောင်းနိုင်သည်မှာ “ဒုတိယ လှိုင်းလုံး”ဖြစ်သည်ဟု အဲရစ်က ဆိုသည်။ နာဂစ်စ် ဆိုင်ကလုန်း မုန်တိုင်းအပြီး အသက်မသေ ရှင်ကျန်ရစ်သူတို့အတွက် အခြေအနေများ ပိုဆိုး လာနိုင်စရာ ရှိနေခြင်းကို ဆိုလိုသည်။

မုန်တိုင်းထိတဲ့ဒေသတွေကို ကားနဲ့ ဖြတ်သန်းသွားတဲ့အခါ အိမ်တွေ ပျက်စီးနေတာကို တွေ့ရတယ်။ အိမ်မရှိတော့ ယာယီတဲတွေကို ကမန်းကတန်းထိုးပြီး နေရတယ်။ တချို့နေရာမှာဆိုရင် ကြက်၊ ဝက်၊ ကျွဲ၊ နွားတွေကို ယာယီတဲတွေမှာပဲ ထိန်းသိမ်းထားတာ တွေ့ရတယ်။ အခုဆိုရင် ရေက မြင့်တက်လာနပြီလေ။ ဘာကြောင့်လဲဆိုတော့ မုတ်သုံရာသီက အဝင်စောသွားလို့ပဲ။ ဒါကြောင့် သွေးလွန်တုပ်ကွေးနဲ့ ဝမ်းလျှောရောဂါတွေ ဖြစ်တတ်ပါတယ်။ အမှန်တကယ်လည်း ဝမ်းရောဂါ ဖြစ်နိုင်စရာ ရှိနေ ပါတယ်။”

မြန်မာနိုင်ငံတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေး စောင့်ရှောက်ထိန်းသိမ်းမှုကို လုံလုံ လောက်လောက် စတင်ဖို့ အလေးပေး မထားသဖြင့် ကျန်းမာရေးကဏ္ဍ၌ (၆ဝ)% ပျက်စီးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization)က ခန့်မှန်းထားသည်။ ဤအချက်ကို အဲရစ်က ထောက်ပြသည်။

နာဂစ်စ်မုန်တိုင်း တိုက်ခတ်လိုက်ချိန်တွင် မြန်မာလယ်သမားတို့မှာ နှစ်စဉ် စပါးစိုက်ပျိုးရေးရာသီ အတွက် ပြင်ဆင်နေချိန် ဖြစ်သည်။ ယခု စတင်ထွန်ယက်စိုက်ပျိုးရန် အချိန်ကျမှ နွားကမရှိ၊ မြေသြဇာ ဝယ်ရန် ငွေမရှိ ဖြစ်နေရသူ အတော်များများ ရှိနေတော့သည်။ နေဖို့အိမ်က ပိုအရေးကြီးသဖြင့် ရှိသမျှ ငွေစအနည်းငယ်ကိုပင် နေအိမ်ဆောက်လုပ်ရန်အတွက် မသုံးမဖြစ် သုံးလိုက်ရတော့သည်။ ယာယီ ဒုက္ခသည်စခန်းများသို့ သွားရောက် နေထိုင်ရသူတို့မှာ လယ်ယာစိုက်ပျိုးရေးကို လုံးဝ ပြန်မလုပ်နိုင်ပဲ ရှိနေသည်။ သို့ဆိုလျှင် လာမည့် နိုဝင်ဘာလ ကောက်သစ်စပါးပေါ်ချိန်၌ တနိုင်ငံလုံး စီးပွားရေးကို ထိခိုက်လာတော့မည့် ပြဿနာပင် ဖြစ်သည်။

စစ်ဖြစ်လျှင် အများအပြား သေကြေ ပျက်စီးဆုံးရှုံးရသည်။ သဘာဝ ဘေးအန္တရာယ် ကျရောက်သည့်အခါလည်း ထို့အတူပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ မုန်တိုင်းဘေးဒုက္ခသည်လည်း ထိုအမှန်တရားကို ရှောင်ဖယ်ထား၍ မရနိုင်ပါ။ သို့သော် စစ်အစိုးရက ထိန်းချုပ်ထားသည့် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ လေဘေး အပျက်အစီးများကို အနည်းဆုံး ဖြစ်နိုင်သမျှဖြစ်အောင် ထုတ်လွှင့်ပြသသည်။ စစ်တပ်အရာရှိကြီးတို့က ရန်ကုန်တဝိုက် လမ်းများပေါ်တွင် ဆန်လိုက်ဝေနေသည်ကို တခမ်းတနား ရိုက်ပြ ထုတ်လွှင့်သည်။ ထိုစစ်ဗိုလ်အရာရှိတို့ကသာ ထိပ်ဆုံးမှ လှူဒါန်းနေသယောင်ယောင် လူထုအား တင်ပြ လျက်ရှိနေသည်။ မပြီးဆုံးသေးသော မုန်တိုင်းကပ်ဘေးကြီးကို အစိုးရက မည်သို့မည်ပုံ ကိုင်တွယ် ဖြေရှင်းပေးနေသည်များအား စုံစမ်းရန် လိုအပ်နေပြီဟု သူယုံကြည်ကြောင်း အဲရစ်က ပြောပြသည်။

အခုအချိန်ဟာ နိုင်ငံရေး လုပ်ဖို့အချိန် မဟုတ်ပဲ လူ့အသက်များကို ကယ်ဆယ်ရမည့် အချိန်သာဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောထားခဲ့ပါတယ်”ဟု အဲရစ်က ပြန်ပြောပြသည်။

အမှန်တကယ်လည်း လူ့အသက်တွေကို အမြန်ဆုံး ကယ်ဆယ်ဖို့၊ အပြည့်အဝ ထောက်ပံ့ကူညီဖို့ လုပ်ရမယ့်အချိန်မှာ မြန်မာစစ်အစိုးရဟာ ဘယ်ဟာကိုမဆို သူတို့လိုချင်တဲ့ နိုင်ငံရေး ကစားကွက်တိုင်း လုပ်ချသွားပါတယ်။ ဒါဆိုရင် အချို့ကိစ္စတွေမှာ ကျနော်တို့ကလည်း နိုင်ငံရေးရှုထောင့်ကပဲ ပြန်ကြည့်ရပါမယ်။ လူသားချင်း စာနာ ထောက်ထားနိုင်ဖို့အရေးထက် နိုင်ငံ့အာဏာကို ဆက်လက်စွဲကိုင်နိုင်ဖို့ကိုသာ ဦးစားပေးတဲ့ မြန်မာအစိုးရကို (၂၁)ရာစုထဲ ဆွဲခေါ်လာရာမှာ ဘယ်လိုမျိုး နိုင်ငံတကာ ဖိအားတွေ ဒီ့ထက်မက ပိုပေးနိုင်မှ ဖြစ်တော့မယ်ဆိုတာ ကမ္ဘာက ကြိုးစား နားလည်ပေးရပါလိမ့်မယ်။”

စစ်အစိုးရ ကျင်းပသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် လွတ်လပ်မှုနှင့် သမာသမတ် မရှိကြောင်း အဲရစ်က သတိပြုမိသည်။ အခြေခံဥပဒေ မူကြမ်းကို လက်ရှိအုပ်စိုးသူတို့ကသာ ရေးဆွဲထားပြီး ယင်းကို ရန်ကုန်မြို့မှလွဲ၍ အခြားနေရာများ၌ မဲပေးသူအများစုတို့က ဖတ်ရှုသုံးသပ်၍ မရနိုင်ခဲ့ပါ။ နိုင်ငံရေး အတိုက်အခံနှင့် ပြည်သူတို့တွင်လည်း ဝေဖန်ပိုင်ခွင့်၊ ဆွေးနွေးပိုင်ခွင့်၊ အကြံပေးပိုင်ခွင့်များ အမှန်တကယ် မရှိခဲ့ပါ။ အစိုးရက လုံးဝထိန်းချုပ်ထားသည့် သတင်းစာနှင့် ရုပ်မြင်သံကြားမှနေ၍ စစ်အစိုးရ ရေးဆွဲသည့် မူကြမ်းအား ထောက်ခံရေးကိုသာ ထပ်ခါတလဲလဲ ဝါဒဖြန့်နှိုးဆော်သည်။ ထိုဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူ ၉၉%က လာရောက်မဲပေးကြပြီး လူထုတရပ်လုံးက အကြီးအကျယ် ထောက်ခံကြောင်း အစိုးရက ကြေညာသည်။ မြန်မာစစ်အစိုးရ၏ ထိုလုပ်ရပ်မှာ မည်သည့်နိုင်ငံတွင် မရှိခဲ့ဖူးသော သမိုင်းသစ် ဖြစ်သည်ဟု အဲရစ်က လှောင်ပြောင်ရှုံ့ချလိုက်သည်။

မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံတနိုင်ငံ၌ အစိုးရလက်အောက်ခံ မဟုတ်သော အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများအနေဖြင့် ဖိနှိပ်မှုများကြားမှ ရုန်းကန်နေရသည်ကို အဲရစ်က စိတ်မကောင်းဖြစ်ရသည်။ သို့သော် အမှန်တရားသည်သာလျှင် အကြွင်းမဲ့ အာဏာပိုင်စနစ်ကို အင်အားကောင်းကောင်းဖြင့် တားဆီးပေးနိုင်မည်သာ ဖြစ်သည်ဟု သူက မရမက အားပေးလိုက်သည်။

လုပ်ရတာ ပိုခက်ရင် ခက်နေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဒီလိုခက်ခဲတဲ့ အခြေအနေမှာပဲ အမှန်တရားကို ရှာဖွေတွေ့ရှိလာမှာ ဖြစ်ပါတယ်။ ခက်ခဲတယ်ဆိုပြီး လစ်လျူရှုနေရင် ပြဿနာက ဆက်ရှိနေလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ စစ်အစိုးရအဆက်ဆက်က မြန်မာနိုင်ငံမှာ အာဏာချုပ်ကိုင်ထားတာ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်လို့ ဒီလိုဆက်တိုက်ဖြစ်နေတာ အတော့်ကို ကြာနေပါပြီ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့ သိဖို့ လိုအပ်နေပါပြီ”ဟု အဲရစ်က နောက်ဆုံး ပြောသွားသည်။

———————

မူရင်းဆောင်းပါး After the storm in Burma

မူရင်းဆောင်းပါးရှင်Barry Bergman

Date of publish – 12 June 2008

Source URL : http://www.berkeley.edu/news/media/releases/2008/06/12_stover.shtml

Copyright UC Regents

အထက်ပါ ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားပါသည်။

လွင်အောင်စိုး

၁၄၂ဝဝ၈

အဲရစ် စတိုဗာက အခြားသူ()ဦးနှင့် ပူးတွဲရေးသားသည့် မြန်မာနိုင်ငံအကြောင်းမှတ်တမ်း

The Gathering Storm: Infectious Diseases and Human Rights in Burma

Download link : http://www.hrcberkeley.org/pdfs/BurmaReport2007.pdf

Advertisements

Written by Lwin Aung Soe

June 18, 2008 at 4:54 am