Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Posts Tagged ‘ဗိုလ်ချုပ်အောင်ဆန်

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး ဘဝဇာတ်ကြောင်း

ဆက်လက်ဖတ်ရှုရန် (စုစုပေါင်း စာမျက်နှာ ၂၅ မျက်နှာ)

Download : self-biography-of-bogyoke-aung-san

မောင်ရိုးသား ပေးပို့သော email မှ ရရှိသည်။

Written by Lwin Aung Soe

August 1, 2008 at 4:37 am

အောင်ဆန်း စိတ်ဓာတ် (Aung San Spirit)

leave a comment »


( စတုတ္ထအကြိမ်၊ ၁၉၆၉၊ သြဂုတ်လထုတ်၊ အောင်သန်း(ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်း) ရေးသော “အောင်သန်း၏ အောင်ဆန်း” စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ စာမျက်နှာ ၅၃-၅၇ -သတ်ပုံမူရင်းအတိုင်း)

သခင်အောင်ဆန်းသည် မိခင်ကို အလွန်ချစ်ပါသည်။ ကျွန်တော်တို့အစ်ကိုတွေ ချစ်သည်ထက် ပို၍ ချစ်ပါသည်။ မိခင်ကလည်း အခြားသားများအပေါ်ထက် အငယ်ဆုံးသားကလေးအပေါ်တွင် သံယောဇဉ်ပိုပါသည်။ သို့ပါလျက် သခင်အောင်ဆန်းသည် မိခင်အပေါ် စိမ်းကားသလို ဖြစ်နေသည်မှာ အခြားကြောင့်မဟုတ်၊ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကိုယ်ကို လှူထားသောကြောင့်ဖြစ်သည် ဟု ယူဆရန်ရှိသည်မှအပ အခြားအကြောင်းများ မရှိနိုင်ပါ။ သခင်အောင်ဆန်းအဖို့ စားလည်း နိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး ဖြစ်နေပါသည်။ နိုင်ငံရေးသာလျှင် အမိ… နိုင်ငံရေးသာလျှင်အဖ…နိုင်ငံရေးသာလျှင် ဆွေမျိုးသားချင်း ဖြစ်နေပါသည်။

ထို့ကြောင့်ပင် စာရေးဆရာ ဒဂုန်တာရာက ၁၉၄၆ ခုနှစ်တွင် ထုတ်ဝေသော “တာရာမဂ္ဂဇင်း”၌ “အောင်ဆန်း-သို့မဟုတ်-အရိုင်း” ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
“သူ့တွင် နိုင်ငံရေး ၀ိဥာဉ်ကား ပြင်းထန်လှ၏။ နိုင်ငံရေး တခုတည်းသာလုပ်သော လူတဦးဖြစ်၏။ သူသည်…ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏၊ ကိစ္စမရှိ၊ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ “တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာလုပ်သော နိုင်ငံရေး သတ္တ၀ါဖြစ်၏” ထို့ကြောင့် ကိစ္စမရှိ။”

သခင်အောင်ဆန်း၏ ရိုင်းပုံ၊ ကြမ်းပုံ တို့ကို သခင်တင်မောင်(ကျုံမငေး)ကလည်း ၄-၁-၆၃ နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ရေးခဲ့ပါသည်။
“၁၉၄၀ ခုနှစ်၊ ဇန်န၀ါရီလတွင် တို့ဗမာ အစည်းအရုံးကြီး၏ အမှုဆောင် အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်။ အမှုဆောင်အားလုံး မန္တလေးရုံးတော်ကြီးရှိ ဦးဘဦးတိုက်ကြီးတွင် တည်းခိုကြသည်။ အစည်းအဝေးကိုလည်း ထိုတိုက်မှာပင် ကျင်းပလေသည်။
အမှုဆောင် အစည်းအဝေး ကျင်းပနေဆဲမှာပင် ဗြိတိသျှလေဘာပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဆာစတက်ဖို့ကရစ်ပ်သည် ဗမာပြည်၏ အခြေအနေကို လေ့လာရန် ရောက်ရှိလာလေသည်။ ဗမာပြည်မလာမီကလေးကပင် ၄င်းအား လေဘာပါတီမှ ထုတ်ပယ်ခံထားရလေသည်။ အကြောင်းမှာ စစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစုတခု ဖွဲ့သင့်သည်ဟု ပါတီတွင် အကြံပေးမိသည့်အတွက် ဖြစ်လေသည်။

ဗမာပြည်တွင် ဦးတင်ထွဋ်အိမ်၌ ခေတ္တတည်းခိုပြီး တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလိုသည့်အတွက် မန္တလးသို့ လိုက်ပါလာခဲ့လေသည်။ ဆာစတက်ဖို့ကရစ်ပ်အား သခင်ကျော်စိန်(ယခု ပြည်သူ့စာပေတိုက်)က မန္တလေးသို့ လိုက်ပို့ရလေသည်။ မန္တလေးတွင် ထိုလေဘာပါတီ ခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံးအမှုဆောင်များ ဆွေးနွေးကြပုံမှာ ကျွန်တော့် တသက်တာတွင် မမေ့နိုင်အောင် ရှိတော့သည်။
“ဆွေးနွေးပွဲကို သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်လေးမောင်တို့အား ဦးဆောင်ဆွေးနွေးရန် သတ်မှတ်ထားကြပါသည်။ သခင်မြမှာ မန္တလေးတွင် ကြာရှည်မနေနိုင်ဘဲ အစည်းအရုံးတာဝန်များနှင့်ပင် ရန်ကုန်သို့ပြန်သွားရလေသည်။ ဆွေးနွေးပွဲတွင် ကရစ်ပ်၏ လက်ျာဘက်က သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်လှဘော်၊ သခင်ထိပ်တင်ကိုယ်တော်ကြီးတို့က ထိုင်နေကြ၏။ လက်ဝဲဘက်တွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျွန်တော်တို့ ထိုင်နေကြသည်။

“ကရစ်ပ်က…“ဗမာပြည်ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံးနဲ့ ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျွန်တော်နားလည်တာနဲ့ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တညလဲ အိပ်မိရော၊ ကျွန်တော်သိထားတာတွေဟာအားလုံး အမြီးနဲ့ ခေါင်းနဲ့ လွဲနေတာ တွေ့ရပါတယ်။” ဟုပြောယင်း ဟားတိုက် ရယ်လိုက်ပါသည်။ “ကျွန်တော် သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားကလေးတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ၊ သူပုန်ထဘို့ သွေးဆူနေတဲ့ သူကလေးတွေ၊ ပညာမဲ့ အလုပ်လက်မဲ့ကလေးတွေ စုပေါင်း ပါဝင်တဲ့ အစည်းအရုံးကြီးဘဲလို့ နားလည်လာခံပါတယ်။ အခုမှ ဒီလိုမဟုတ်မှန်း သိပါတော့တယ်….”။

သခင်အောင်ဆန်းက ရယ်လျက် “ဒါဟာ ဓမ္မတာပါဘဲ။ အုပ်စိုးသူဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုဘဲ သဘောထားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုဘဲ သတင်းပေးကြမှာပါဘဲ။ တခု ကျွန်တော်ပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုဘဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်းဖြစ်နေရတယ်ဆိုရင်လဲ ဘယ်သူ့အပြစ်လဲ။ ဗြိတိသျှအုပ်စိုးခြင်းအောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တခုအနေနဲ့ ဗြိတိသျှလူမျိုးတွေဘဲ ရှက်စရာကောင်းနေမှာပေါ့။”

ကရစ်ပ်။ ။“ကျွန်တော်တခု မေးစမ်းပါရစေ၊ စပ်စုတယ်လို့လဲ မထင်ပါနဲ့။ ရင်းရင်းနှီးနှီးသဘောထားလို့ မေးရဲတာပါ။ ခင်ဗျားတို့က အခု အင်္ဂလိပ်လက်အောက်ခံဘ၀က လွတ်အောင် ကြိုးပမ်းနေကြတယ်။ လွတ်လပ်ရေးကို ဘယ်နည်းနဲ့ရအောင် လုပ်ကြမှာလဲ”။

သခင်အောင်ဆန်း။ ။“နည်းကတော့ ကျွန်တော်တို့ တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာဘဲ”။

ကရစ်ပ်။ ။“မစ္စတာ အောင်ဆန်းပြောတာ နားမလည်သေးပါဘူး။ ထပ်ရှင်းပြပါအုန်း”။

သခင်အောင်ဆန်း။ ။“ရှင်းပါတယ်။ တရားတယ်ထင်တဲ့နည်းဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ်လို့ ဆိုတာဘဲ။ ဥပမာဗျာ ခင်ဗျားအိတ်ထဲမှာ ထည့်ထားတဲ့ ဖောင်တိန်ဟာ ကျွန်တော်ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ကျွန်တော့ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့။ ကျွန်တော်က ခင်ဗျားကို တောင်းပန်ပြီး ပြန်ပေးပါဗျာလို့ ချော့တောင်းမယ်၊ မရရင် နောက်တနည်းနဲ့ တောင်းမယ်။ အဲဒီလို မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလားဆိုပြီး ခြိမ်းခြောက်တောင်းမယ်။ ဒါနဲ့မရရင် ဟောဒီလို အတင်းလုယူမယ်”။

သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ ကရစ်ပ်၏ အိတ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိတ်ကြီး ပြဲ၍ ပါလာတော့သည်။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အင်္ကျီပြဲသည်ကိုပင် အားမနာတတ်၊ အလိုက်မသိတတ်ဘဲ ဆက်၍ ပြောသေး၏ “ကဲ အဲဒီနည်းဟာ ကျွန်တော်တရားတယ်ထင်တဲ့နည်းဘဲ။ ကျွန်တော့ ဖောင်တိန်ပြန်ရတာလိုရင်းဘဲ”

ကရစ်ပ်မှာ ဘာမျှမပြောနိုင်။ အားရပါးရ ဟားတိုက်၍သာ ရယ်မောနေရရှာတော့၏။

သခင်အောင်ဆန်းက ဆက်ပြီး “ကဲ အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား။ ကျွန်တော့်မှာတော့ ကျွန်တော်ဖောင်တိန် ပြန်ရပါရဲ့။ ခင်ဗျားမှာတော့ အင်္ကျီအိပ်အပြဲခံရတာသာ အဖတ်တင်တာပေါ့။ စောစောက ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး။ ကျွန်တော်လက်တောင် တော်တော်နာသွားတယ်။ ခု-ကျွန်တော်ပြောနေတာတွေဟာ အပိုပြောနေတာလဲမပါဘူး။ ချိမ်းခြောက်နေတာလဲ မဟုတ်ဖူး။ တကယ်ဖြစ်လာနိုင်တဲ့သဘောကို ပြေပြနေတာဘဲ။´

ကရစ်ပ်မှာ ဘာမှ မပြောနိုင်၊ အူတက်မတတ် ဖြစ်နေရှာသည်။ နောက်အတန်ကြာမှ “အို ချစ်စရာကောင်းတဲ့ အောင်ဆန်း ချစ်စရာကောင်းတဲ့ အောင်ဆန်း” ဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည်။ ။


(ကဲ… အခုလည်း စစ်ကျွန်ဘ၀ကျရောက်နေတဲ့ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအနေနဲ့ မြန်မာ့လွတ်လပ်ရေး (မြန်မာ့လူ့အခွင့်အရေး)ကို ယုတ်မာဆိုးသွမ်းတဲ့ စစ်အဆိုးရဖက်ဆစ် ဆီကနေ ဘယ်လို တိုက်ယူကြရပါ့မလဲလို့… မောင်ညိုကြီး က…မေးလိုက်ပါရစေတော့…….)

Myanmar Political News and Ideas ဘလော့ဂ်မှ ကူးယူဖော်ပြသည်။
ဆောင်းပါးလင့်ခ် –http://bigbbrown.blogspot.com/2007/12/aung-san-spirit.html

Written by Lwin Aung Soe

July 16, 2008 at 9:06 am