Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Posts Tagged ‘နအဖ

ထောင်ဒဏ်ကျနေသည့် လူငယ်ရှေ့နေ ဦးညီညီထွေး၏ အယူခံကို ပယ်ချ

leave a comment »

ဒီမိုကရေက်တစ် မြန်မာ့အသံ (DVB)

http://burmese.dvb.no/news.php?id=6648

Written by Lwin Aung Soe

January 23, 2009 at 3:53 pm

မြန်မာဗိုလ်ချုပ်ကြီးများအပေါ် တရုတ်၏ သြဇာ မှေးမှိန်သွားပြီလော

မဇ္ဈိမ

မုံပီး

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 21 2009 13:22 – မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာနိုင်ငံ၏ အခိုင်မာဆုံးမဟာမိတ် တရုတ်နိုင်ငံသည် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများအပေါ် သြဇာရှိသည့် တခုတည်းသော နိုင်ငံဟု နိုင်ငံတကာက ထင်မှတ်သော်လည်း ဗိုလ်ချုပ်ကြီးများသည် သူတို့၏ အကိုကြီး တရုတ်နိုင်ငံက ပြောသည်ကို လိုက်မလုပ်ဘဲ ခေါင်းမာနေသည့်အတွက် တရုတ်အနေဖြင့် ခက်ခဲသော အခြေအနေတရပ် ရင်ဆိုင်နေရကြောင်း အကဲခတ်တဦးက ဆိုလိုက်သည်။

အကြံပေးချက်များကို လိုက်နာရန် ခေါင်းမာစွာ ငြင်းဆန်နေသည့်အတွက် တရုတ်အနေဖြင့် လောလောဆယ်တွင် တင်းကျပ်သော အနေအထားတွင် ရောက်ရှိနေကြောင်း နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် နေထိုင်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြာမြင့်စွာ အကဲခတ်လေ့လာနေသူ ဦးမြမောင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်၏ အကြံပြုချက်များတွင် အတိုက်အခံများနှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့်  စစ်အစိုးရက မေလဆန္ဒခံယူပွဲတွင် အတည်ပြုပြီးဖြစ်သည်ဟု ပြောဆိုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စဉ်းစားရန်တို့ အံ့အားသင့်စရာ ကောင်းလောက်အောင် ပါဝင်နေသည်ဟု သူက ပြောသည်။

ဦးမြမောင်က “ဒါပေမဲ့ ခက်နေတာက တရုတ်အတွက်လည်း သူ့အမျိုးသား အကျိုးစီးပွားက ရှိနေတော့ စစ်အစိုးရအပေါ် အပြင်းအထန် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

တရုတ်က မြန်မာထံမှ လိုချင်နေသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးနှင့် စစ်တွေဆိပ်ကမ်းကို ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုခွင့်ရရေးတို့မှာ အရေးပါသည်ဟု သူက ဆိုသည်။

“တရုတ်က စစ်အစိုးရရဲ့ လမ်းပြမြေပုံကို ထောက်ခံတယ်လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ သူတို့အတွက် ပိုအရေးကြီးတာက တိုင်းပြည်တွင်းမှာ တစုံတရာ တည်ငြိမ်မှုရှိနေဖို့ပဲ” ဟု ဦးမြမောင်က ပြောသည်။

စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်ခဲ့သော တရုတ်နိုင်ငံအတွက် ကုလသမဂ္ဂ၏ ကြံဆချက်များမှာ မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက် စံကျသော တွေးဆချက်များဖြစ်သည်ဟု တရုတ်က ရှုမြင်သည်ဟု သူက ပြောသည်။

တရုတ်က ဆက်ဆံရေးမူဝါကို ယုံကြည်သော်လည်း တာဝန်ခံမှုရှိပြီး အင်အားကောင်းကာ တည်ငြိမ်သည့် အစိုးရတရပ် ရှိစေလိုသည်ဟုလည်း သူက ဆိုသည်။

လတ်တလောတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အရေးယူထားသည်။

ဦးမြမောင်၏ သုံးသပ်ချက်ကို ထောက်ခံသည့် လျှို့ဝှက်အစီရင်ခံစာ တစောင်ကိုလည်း မဇ္ဈိမက ရရှိထားသည်။ ထိုအစီရင်ခံစာအရ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာကျွမ်းမူ (Juan Mu) က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ယမန်နှစ်အစောပိုင်းက တွေ့ဆုံရာတွင် ကုလအထူးသံတမန် မစ္စတာအီဘရာဟင် ဂမ်ဘာရီနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် သူ့အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ပါရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တရုတ်သံအမတ်ကြီးတို့၏ တွေ့ဆုံပွဲအစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်မှာ မစ္စတာဂမ်ဘာရီ၏ ပါဝင်လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးသည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် မစ္စတာဂမ်ဘာရီတို့ သုံးပွင့်ဆိုင်တွေ့ဆုံခွင့်ပေးရန်နှင့် သူ့ကို မြန်မာနိုင်ငံတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ခွင့် ဗီဇာပေးရန်၊ ရန်ကုန်မြို့တွင် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ခွင့်ပေးရန်တို့ကို ဦးဉာဏ်ဝင်းအား တရုတ်သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ကြံဆချက်များကို ထောက်ခံကြောင်းနှင့် အထူးသံတမန် အီဘရာဟင်ဂမ်ဘာရီကို လိုအပ်သော ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် အသင့်ရှိကြောင်းလည်း သံအမတ်ကြီး မစ္စတာကျွမ်းမူက ပြောကြားခဲ့သည်။

သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ထပ် ရုပ်သေးရုပ် တရုပ်မျှသာဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂမ်ဘာရီ၊ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးပွင့်ဆိုင် တွေ့ဆုံခွင့်ပေးရေး မေတ္တာရပ်ခံချက်ကို မဖြစ်နိုင်ကြောင်း ပြောဆိုငြင်းပယ်ခဲ့ပြီး၊ စစ်အစိုးရ အငယ်တန်း တာဝန်ရှိသူ အရာရှိများနှင့် တွေ့ဆုံခွင့်ရရေးကိစ္စကိုမူ အာမခံခဲ့သည်။

ထို့ပြင် မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ခွင့်ဗီဇာကို စစ်အစိုးရကို ခွင့်မပြုနိုင်ကြောင်းနှင့် ရန်ကုန်မြို့တွင် ဆက်သွယ်ရေးရုံးတရုံး ဖွင့်လှစ်ခွင့်လည်း မပေးနိုင်ကြောင်း ဦးဉာဏ်ဝင်းက မစ္စတာကျွမ်းမူနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ သဘောထားကို ကိုယ်စားပြုသူ တရုတ်သံအမတ်ကြီး မစ္စတာကျွမ်းမူကမူ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အခြေအနေကို နားလည် သဘောပေါက်ပါကြောင်းနှင့် စစ်အစိုးရက စီစဉ်ထားသော လမ်းပြမြေပုံကို နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ရန်ကုန်မြို့ရှိ သံတမန်အသိုင်းအဝိုင်း နားလည် သဘောပေါက်စေရန် မိမိတို့၏ အရှိန်အဝါသြဇာကို အသုံးပြုပြောကြားပေးပါမည်ဟု မစ္စတာကျွမ်းမူက ဦးဉာဏ်ဝင်းကို ပြောကြားခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်သော မြန်မာနိုင်ငံကို မြင်တွေ့လိုသော်လည်း မကြာသေးခင် ရက်များအတွင်း စစ်အစိုးရအပေါ် သြဇာမရှိဖြစ်ခဲ့ရသည်ဟု ဦးမြမောင်က ပြောသည်။ ကြောက်မက်ဖွယ်ကောင်းလှသော နာဂစ်ဆိုင်ကလုံး မုန်တိုင်းအပေါ် တုံ့ပြန်မှုကိစ္စအပါအဝင် ကိစ္စတော်တော်များများတွင် ထိုသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သည့် စစ်အစိုးရအပေါ် မိမိတို့၏ သြဇာအရှိန်အဝါကို သုံးစွဲရာတွင် မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြဇာအရှိန်အဝါ အများကြီးရှိတဲ့ တရုတ်နိုင်ငံတောင်မှ ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်ဆံရာမှာ ခက်ခဲကျပ်တည်းလာနေပြီ ဆိုတာကို ပြတဲ့ လက္ခဏာတရပ်ပဲ။ သူတို့အနေနဲ့လည်း သူတို့အကျိုးစီးပွားအတွက် ပြန်ပြီး စဉ်းစားရတော့မယ့် အခြေအနေဖြစ်လာနေပြီ” ဟု ဦးမြမောင်က နိဂုံးချုပ် ပြောကြားသွားသည်။

http://www.mizzimaburmese.com/news/regional/2295-2009-01-21-07-05-29.html

.

မှတ်ချက်၊  မဇ္ဈိမသို့ ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် အပြည့်အစုံ ပြန်လည်ဖော်ပြပါသည်။

Written by Lwin Aung Soe

January 21, 2009 at 1:16 pm

စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်

leave a comment »

VOA News.com (Burmese)

09 January 2009

မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ
ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပြီး နိုင်ငံရေးပါတီတွေလည်း တည်ထောင်ဖို့ ပြင်ဆင်
နေကြပါတယ်။ ဒါပေမယ့် ပါတီတည်ထောင်ခွင့်တို့၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတို့၊
နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာတွေ အခုအချိန်အထိ မြန်မာစစ်အစိုးရက
ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း
က အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်
တွေကို ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပါတီ
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကို လက်မခံဘူးဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့မှာ တခြားလည်း
ဘာမှ သိပ်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှစဉ်းစားစရာ မလိုသေးဘူးလို့
ကျနော် ယူဆတယ်။ ဒီအခြေခံဥပဒေဆိုတာက အတည်မဖြစ်သေးဘူး။ လွှတ်တော်
ပေါ်ပေါက်လာတဲ့ အခါကြမှ အခြေခံဥပဒေက အတည်ဖြစ်မှာ။ အဲဒီအတည်မဖြစ်ခင်
အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြရအောင်ဆိုပြီး ကျနော်တို့က ကမ်းလှမ်းတယ်။
ဒီအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးဆိုတဲ့ကိစ္စကို ဘာမှ တစုံတရာ အဖြေမပေးဘဲနဲ့၊
လက်ခံခြင်းမပြုဘဲနဲ့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ကတော့ ဘာမှ စကားထဲကို
ထည့်မပြောဘူး၊ အသိအမှတ်လည်း မပြုဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ ဒါ ကျနော်တို့ရဲ့
လက်ရှိအခြေအနေပဲ။”

နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကို
လွတ်လပ်ပြီး မျှတအောင်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ နိုင်ငံရေးအဖွဲ့
အစည်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးပေးပါဆိုပြီး တောင်းနေပါ
တယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်မယ့်ပုံစံကိုပဲ
စိုက်လိုက်မတ်တပ်သွားမယ့်ပုံစံ မြင်နေရပါတယ်။ အကယ်၍ အဲဒီလိုပဲ သွားမယ်ဆိုရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ဆိုရင် ပါတီရပ်တည်ရေး
အတွက် နောက်ပိုင်းမှာ တစုံတရာ ပြဿနာ ရှိမလာနိုင်ဘူးလား။

“ရှိနိုင်တာပေါ့ခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးလုပ်တဲ့အခါကြတော့ တယူသန်ဖို့၊
ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒ
တွေ၊ အခြေခံသဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီး
သူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ
ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့
မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာကြောက်တာ တခု
တည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ခြေသလုံးဖက်လို့တော့ မရတော့ဘူး။
ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်း
ကျနော်တို့ မလိုက်နိုင်တော့ဘူး။ ဒါ ဦးကြည်မောင်စကားနဲ့ ပြောရရင်တော့
မောင်ခေါ်ရာ မယ်မလိုက်နိုင်ဘူးလို့ပဲ ပြောပြောပေါ့ဗျာ။ ဒါမှမဟုတ် ကျနော် စကား
အသစ်နဲ့ ပြောရရင်တော့ ကျနော်တို့ နဖားကြိုးဆွဲခေါ်တိုင်း မလိုက်နိုင်ဘူးလို့ပဲ
ပြောရမှာပဲခင်ဗျ။”

http://www.voanews.com/burmese/2009-01-09-voa1.cfm?rss=topic1

မှတ်ချက်၊  ဗီအိုအေ (မြန်မာ) သတင်းမှ ကူးယူဖော်ပြသည်။

Written by Lwin Aung Soe

January 11, 2009 at 3:09 am

အခြေခံဥပဒေကို မပြင်မချင်း ရွေးကောက်ပွဲကိစ္စ မစဉ်းစားဟု ဦးဝင်းတင် ပြောကြား

leave a comment »

http://burmese.dvb.no/news.php?id=6509

မှတ်ချက်၊ ဒီဗီဘီသို့ ဝင်ရောက်မဖတ်နိုင်သူများအတွက် အပြည့်အစုံ ပြန်လည်ဖော်ပြပေးပါသည်။

Written by Lwin Aung Soe

January 9, 2009 at 3:32 pm

ခရစ်ယာန်ဘာသာဝင်များ နေအိမ်တွင်း ဝတ်ပြုခွင့် ပိတ်ပင်

leave a comment »

မဇ္ဈိမ မြန်မာသတင်းဌာန

မုံပီးနှင့် ဖနိဒါ

ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009 18:24 – မြန်မာစံတော်ချိန်

နယူးဒေလီ (မဇ္ဈိမ)။     ။ လူနေအိမ်ခန်းများတွင် ဘုရားကျောင်းအဖြစ် သတ်မှတ်ကာ ဝတ်ပြုဆုတောင်းပွဲ မပြုလုပ်ရန် အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး၊ မလိုက်နာပါက ချိပ်ပိတ်ပစ်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သဖြင့် မြို့တော်ဟောင်း ရန်ကုန်ရှိ ခရစ်ယာန် ဘာသာဝင်များ အပြောအရ သိရသည်။

ရန်ကုန်မြို့လယ်ရှိ အဓိကကျသည့် ဘုရားကျောင်းများမှ တရားဟောဆရာများအား ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တနင်္လာနေ့တွင် သူတို့ရုံးသို့ ဆင့်ခေါ်ပြီး လူနေအိမ်ခန်းများတွင် ဝတ်ပြုဆုတောင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့ရာသည်၊။

“ကျနော်တို့ ဝတ်ပြု ဆုတောင်းတာတွေ ဆက်လုပ်မယ်ဆိုရင် ဘုရားကျောင်းတွေကို ချိပ်ပိတ်သိမ်းဆည်းသွားမယ်လို့ သူတို့ (အာဏာပိုင်) တွေက ကျနော်တို့ကို သတိပေးသွားတယ်” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပန်းပဲတန်းမြို့နယ် ဘုရားကျောင်းမှ တရားဟောဆရာတဦးက ပြောသည်။

လက်တုံ့ပြန် အရေးယူခံရမည်ကို ကြောက်ရွံ့၍ အမည်မဖော်လိုသူ တရားဟောဆရာက မဇ္ဈိမကို ပြောကြားရာတွင် ဘုရားကျောင်းလူကြီးနှင့် တရားဟောဆရာ ၅ဝ ခန့် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဝတ်ပြုဆုတောင်းခြင်းများ ရပ်ဆိုင်းပါမည်ဟု ဝန်ခံကတိပြုလွှာ ၅ စောင်ကျော်ကို လက်မှတ်ရေးထိုး ပေးခဲ့ကြရသည်ဟု ဆိုသည်။

“ဒီဝန်ခံချက်တွေမှာ ရေးထားတာက အမိန့်အတိုင်း မလိုက်နာရင် ဘုရားကျောင်းတွေကို ပိတ်မယ်။ ကျနော်တို့ကို အရေးယူအပြစ်ပေးမယ် (ထောင်တောင်ချနိုင်တယ်) စသဖြင့် ရေးထားတာဖြစ်ပါတယ်” ဟု အဆိုပါ တရားဟောဆရာက ပြောသည်။

ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တနင်္လာနေ့၌ အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည်ကို အတည်ပြု ပြောဆိုသော်လည်း၊ စည်းဝေးပွဲတွင် ပြောကြားဆွေးနွေးချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောကြားရန် ငြင်းဆိုသည်။

သို့သော် တရားဟောဆရာ၏ အပြောအရမူ အများစုမှာ ရန်ကုန်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်း ၁ဝဝ ကျော်မှ ကိုယ်စားလှယ်များအား အာဏာပိုင်များက အစည်းအဝေးတက်ရန် ဖိတ်ကြားခဲ့ပြီး၊ ဤအမိန့်သစ်နှင့် စပ်လျဉ်း၍ အသိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ အစည်းအဝေးဖိတ်စာကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရပါတယ်။ အခု တနင်္ဂနွေဘုရားကျောင်းမှာ ဝတ်ပြုစည်းဝေး၊ ဆုတောင်းတာတွေနဲ့ ပတ်သက်လို့ ဘာလုပ်ရမယ်ဆိုတာ မသိသေးပါဘူး” ဟု အဆိုပါ တရားဟောဆရာက ပြောသည်။

ဘာသာရေး အဖွဲ့အစည်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို မြေဝယ်ယူပိုင်ဆိုင်ခွင့်နှင့် ဘုရားကျောင်း ဆောက်လုပ်ခြင်း ပါမစ်များ ထုတ်ပေးခြင်းကို မြန်မာစစ်အာဏာပိုင်များက ရပ်ဆိုင်းထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ဒေသခံဘုရားကျောင်း အတော်များများမှာ ဝတ်ပြုဆုတောင်ခြင်းကို ပုဂ္ဂလိကပိုင်ရှင်များ၏ အမည်ဖြင့် ဝယ်ယူ ငှားရမ်းထားရသော လူနေအိမ်ခန်းများတွင်သာ ကျင်းပ ပြုလုပ်နေရသည်။

အဆိုပါ တရားဟောဆရာ အပါအဝင် ဘုရားကျောင်းလူကြီးများ၏ အဆိုအရ ထိုသို့ ရန်ကုန်မြို့လယ် လူနေအိမ်ခန်းများတွင် တည်ရှိသည့် ဘုရားကျောင်းများမှာ အနည်းဆုံး ၁ဝဝ အထိရှိပြီး ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ တာမွေ၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်များ အပါအဝင် မြို့နယ်အများအပြားတွင် တည်ရှိသည်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ဘုရားကျောင်းအများစုမှာ ထိုကဲ့သို့ လူနေအိမ်ခန်းများတွင်သာ ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ်ရသည့်အတွက် ထိုသို့ ဝတ်ပြုဆုတောင်းခြင်းများကို ပိတ်ပင်လိုက်သည့် အမိန့်သည် ခရစ်ယာန် ဘာသာဝင်များ၏ ဘာသာရေး ဝတ်ပြု ကိုးကွယ်မှုများကို ရပ်တန့် တားဆီးလိုက်သကဲ့သို့ပင် ဖြစ်နေကြောင်းဖြင့် ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘာသာဝင် လူငယ်တဦးက မဇ္ဈိမသို့ အီးမေးလ်ဖြင့် ပေးပို့သည့်စာတွင် ရေးသားဖော်ပြထားသည်။

“ရန်ကုန်မြို့က ဘုရားကျောင်း ၈ဝ ရာခိုင်နှုန်းက ဒီအမိန့်နဲ့ အကြုံးဝင်နေတယ်။ ဘုရားကျောင်း အနည်းငယ်လောက်ပဲ ကိုယ်ပိုင်မြေရှိတာ။ ဘုရားကျောင်းအများစုက ငှားထားတဲ့ အဆောက်အဦတွေ၊ အိမ်ခန်းတွေ၊ ရုံးခန်းပုံစံအခန်းတွေမှာပဲ လုပ်ထားရတာ၊ ဝတ်ပြုဆုတောင်းတာတွေ လုပ်ရတာ” ဟု အဆိုပါ လူငယ်က ရှင်းလင်းရေးသားထားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေအတွက် ခင်ဗျားတို့ ဆုတောင်းပေးကြပါ” ဟုလည်း သူက ရေးသားထားသည်။

စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဤသို့ ဘာသာရေးအရ ဖိနှိပ်ခြင်းနှင့် ဘာသာရေး အခမ်းအနားများကို ပိတ်ပင်တားဆီးခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုထုတ်ပြန်ထားသော အမိန့်သစ်သည် ခရစ်ယာန် ဘာသာဝင်များကို ပုံမှန်တွေ့ဆုံ ဆုတောင်းဝတ်ပြုခြင်းများကို ရပ်တန့်စေရန် ကြိုးပမ်းမှုတရပ် ဖြစ်သည်ဟု အခြား တရားဟောဆရာက ဆိုသည်။

သူတို့၏ အုပ်စိုးမှု သက်ဆိုးရှည်ရန်နှင့် ပြည်သူလူထုအား ဖိနှိပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားသည်ကို ပြသသည့်အနေနှင့် မြန်မာစစ်အစိုးရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံတွင် လူအများ ကြည်ညိုလေးစားရသည့် သံဃာတော် ရာပေါင်းများစွာ သေဆုံးခဲ့ကြရသည်ဟု အတိုက်အခံ သတင်းရပ်ကွက်များက  ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/2238-2009-01-08-12-06-59.html

မှတ်ချက်၊  မဇ္ဈိမသို့ ဝင်ကြည့်၍ မရနိုင်သူများအတွက် အပြည့်အစုံ ဖော်ပြပေးပါသည်။

Written by Lwin Aung Soe

January 8, 2009 at 7:46 pm

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ် (အင်တာဗျူး)

leave a comment »

မဇ္ဈိမ

ဇာနည်

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 19:15 – မြန်မာစံတော်ချိန်

(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။     ။ နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က ‘အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်’ ယနေ့ တိုက်တွန်းလိုက်သည်။

သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။    ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။

ဖြေ။    ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။

ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။

ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။

မေး။    ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။

ဖြေ။    ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။

ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။

ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။

စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။    ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။

ဖြေ။    ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။

စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။

မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။

နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။

အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။

မေး။    ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။

ဖြေ။    ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊  စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။

အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ ‘အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်’ တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး။    ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။

ဖြေ။    ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။

ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ ‘တဘွန်းဘွန်း’ လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။

အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။

ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။

ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။

မေး။    ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။

ဖြေ။    ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။

မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။

မေး။    ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။

ဖြေ။    ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး။    ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။

ဖြေ။    ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

http://www.mizzimaburmese.com/interview/2203-2008-12-24-13-01-08.html

မှတ်ချက်။  မဇ္ဈိမ အင်တာနက်စာမျက်နှာသို့ ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် အပြည့်အစုံ ကူးယူဖော်ပြပါသည်။

အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့

leave a comment »

ခေတ်ပြိုင် ဆောင်းပါး
ရဲဘော်ဖိုးသံချောင်း

၂ ဒီဇင်ဘာ ၂၀၀၈

နအဖစစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် သွေးရူးသွေးတန်းနိုင်နေရတာလဲ။ အိုင်တီနည်းပညာအပေါ် ဘာကြောင့် ဒါလောက် အငြိုးအတေးကြီးနေရတာလဲ။ ၈၈မျိုးဆက်နဲ့ ကျောင်းသားလူငယ် အင်အားသစ်တွေကို ဘာကြောင့် ဒါလောက် နာကြည်းနေရတာလဲ။

ဘာကိုအကြောက်ကြီးကြောက်နေတာလဲ။

နအဖရဲ့လုပ်ပုံကိုင်ပုံတွေကြောင့် လူတိုင်းရဲ့ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ တသီကြီး ပေါ်ပေါက်လာပါတယ်။ တချို့ကတော့ ဒီစစ်အာဏာရှင်တွေကို မုန်းတီးရွံရှာတာနဲ့ပဲ ဒင်းတို့က (၆၅) နှစ် ခံမှာမို့လားလို့ မေးခွန်းထုတ်ပြီး ပြန်ပြောကြပါတယ်။ မခံမရပ်နိုင်တာကတော့ တကမ္ဘာလုံးပါပဲ။

သေချာတာတခုကတော့ နအဖဟာ ဒီလူတွေအပေါ် အခုလို အပြစ်ဒဏ်ကြီးတွေ ချလိုက်ခြင်းအားဖြင့် သူတို့ရဲ့နန်းသက်က ဘယ်နှနှစ်ပဲခံခံ၊ အနည်းဆုံး (၆၅) နှစ်တော့ ဒီလူတွေနဲ့ ရန်သူပဲလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလူတွေရဲ့နောက်ကွယ်မှာ ဧရာမ အများစု ပြည်သူလူထုကြီးရှိနေတယ်ဆိုတာကို ဒီနအဖ ဗိုလ်ချုပ်တွေ မသိတာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ဟာ ဒီပြည်သူလူထုကြီး တရပ်လုံးနဲ့လည်း အနည်းဆုံး (၆၅) နှစ်တော့ ရှားစောင်းစေးနဲ့မျက်ချေးပဲလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တနည်း ထပ်ပြောရရင် ဒင်းတို့ဘက်က သေခန်းပြတ် ကြေညာတာပါပဲ။

စစ်အာဏာရှင်တွေရဲ့ ပြတ်သားမှုကို အသိအမှတ်ပြုကြရမှာပါ။ တပါတည်းမှာ ကိုယ့်ဘက်ကလည်း ပြတ်သားကြဖို့ လိုပါတယ်။ ဒီလို တဖက်က ပြတ်ပြတ်သားသား ကြေညာနေချိန်မှာ ကိုယ့်ဘက်ကအလျှော့ပေးပြီး သူတို့အစီအမံအတိုင်း လိုက်လုပ်ဖို့ ပြောသံတွေ အခုအခါမှာ အတော်လေးကြားနေရပါတယ်။ အံ့သြစရာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှုတွေကိုကြည့်ရင် စစ်အာဏာရှင်များရဲ့ ပင်ကိုယ်လက္ခဏာဟာ တစက်လေးမှ ပြောင်းမသွားကြောင်း၊ ရှစ်လေးလုံးကာလတုန်းကနဲ့ အတူတူသာဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဒါဖြင့်ရင် အခုအခါမှာ ဘာကြောင့် ဒင်းတို့ကို ရှစ်လေးလုံး ကာလတုန်းကလို သဘောမထားနိုင်ရမှာလဲ။ ဒင်းတို့လက်တွေဟာ အရင်တုန်းက ပေကျံခဲ့တဲ့သွေးတွေ ခြောက်ဖို့ နေနေသာသာ တိုးလို့သာ ပေကျံလာနေပါတယ်။ ဒါတွေကိုသိရက်နဲ့ ဘာဖြစ်လို့ နအဖကို ထိပ်တိုက်မရင်ဆိုင်ဖို့ ပြောနေကြတာလဲ။ ကြောက်တတ်ရင် ဝန်မကင်းဘူး၊ ဝန်ပိတယ် ဆိုတာဟာ ရှေးက လူကြီးတွေ သူတို့ရဲ့အတွေ့အကြုံ၊ သင်ခန်းစာတွေအရ အစဉ်အဆက်ပြောခဲ့ကြတဲ့ စကား ဖြစ်ပါတယ်။ ကိုယ့်အင်အားကို ကိုယ့်ပြည်သူလူထုအပေါ်မှာ မူတည်ပြီး တွက်ဖို့လိုပါတယ်။ တိုင်းတပါးက အခြေအနေတခုအပေါ် မူတည်ပြီးတွက်ရင် အစွယ်ပြူးပြူး စစ်ဘီလူးကြီးကို (၁၃) နှစ်သား လူရည်ချွန် ကျောင်းသားလေးလို မြင်လိုက်၊ ရသေ့ရဟန်းလိုမြင်လိုက်၊ သူခိုးကြမ်းပိုးလို မြင်လိုက်၊ အမျိုးမျိုး မြင်မိနေမှာပါပဲ။ တချို့ကတော့ ကြောက်တာမဟုတ်ပါဘူး။ ဒါပေမယ့် လက်လျှော့တာတမျိုး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဒီအခြေအနေမှာ လက်လျှော့တာ၊ လက်နက်ချတာတောင် နအဖက အသိအမှတ်ပြုချင်မှ ပြုတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ လက်နက်ချချင်လို့၊ တဖျာစာလောက်လေးရရင် တော်ပါပြီလို့ ပြောနေ၊ အချက်ပြနေသူတွေ နည်းတာ မှတ်လို့။ နအဖက ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် သဘောမထားဘူး မဟုတ်လား။ သူ့အနားမှာ မူလလက်ဟောင်း လက်နက်ချကြီးတွေပြည့်လို့ပါ။

နောက် အခုတလော အပြောများနေကြတဲ့ကိစ္စတခုက ၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ နအဖ အစီအစဉ်အတိုင်း ဒီရွေးကောက်ပွဲသာ ဖြစ်ပေါ်သွားလို့ကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်လည်း ဖျက်သိမ်းပြီးဖြစ်သွားမယ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးလည်း သိပ်နောက် ဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ပြောသူ တချို့ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်လုပ်ငန်းစဉ်ကို နအဖရဲ့လုပ်ငန်းစဉ်အပေါ်မှီပြီး ချမှတ်နေလို့မဖြစ်ပါဘူး။ ကိုယ့်အစီအစဉ် နဲ့ ကိုယ်သွားရမှာပါ။ နအဖက သူတို့ရဲ့ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲ လုပ်တယ်ဆိုရင် ကိုယ်က အဲဒီဟာနဲ့ ပတ်သက်တဲ့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာ ရှိတာကိုလည်းလုပ်။ နအဖက ရွေးကောက်ပွဲလုပ်တယ်ဆိုရင် ကိုယ်က သူတို့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာရှိမှာကိုလည်း လုပ်ဆိုတာမျိုး ဖြစ်ရပါမယ်။ လက်နက်နဲ့ အာဏာရှိနေမှတော့ ဒီနိုင်ငံမှာ သူတို့ဟာ ဒီလိုသဏ္ဌာန်ပိုင်း ဆိုင်ရာတွေကို လုပ်ချင်တိုင်းလုပ်လို့ ရနေမှာပါပဲ။ သူတို့ကိုယ်သူတို့ စကြာဝတေး နတ်မင်းကြီးလို့ ကြေညာလည်း ရနေမှာပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကိုယ့်ဘက် က စိတ်ပျက်နေ၊ စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ ပြဿနာရဲ့ အခရာဟာ အာဏာ ဖြစ်ပါတယ်။ ဒါကို နအဖစစ်ဗိုလ်ချုပ်တွေ ကောင်းကောင်း သဘောပေါက်လို့ အဲဒီအတွက် တစိုက်မတ်မတ်၊ ကိုယ်ဖိရင်ဖိလုပ်နေတာ အောင်မြင်သလောက် အောင်မြင်နေတယ်လို့ တောင် ပြောရင်ရမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေထဲမှာ ဒါကို သဘောမပေါက်တဲ့လူတွေများ ရှိနေသေးသလား စဉ်းစားစရာဖြစ်နေပါတယ်။

“ကျနော်၊ ကျမတို့က အာဏာလိုချင်လို့ မဟုတ်ပါဘူး” ဆိုတဲ့ စကားများကို ခုံခုံမင်မင်ပြောနေသူတွေ မကြာခဏ တွေ့နေရပါတယ်။ အမှန်ပါပဲ။ ကိုယ့်အတွက်၊ ကိုယ့်တဦးချင်း အကျိုးစီးပွားအတွက် အာဏာရယူဖို့ လုံးပန်းတယ် ဆိုတာတော့ မကောင်းပါဘူး။ ဒါပေမယ့် နအဖ စစ်အာဏာရှင်တွေ အာဏာလက်လွတ်သွားအောင်၊ အနည်းဆုံး စစ်တန်းလျား ပြန်သွားအောင်တော့ လုပ်ရမှာပါ။

တချို့ကတော့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စတုန်းက နအဖက (၉ဝ) ရာ ခိုင်နှုန်းကျော် ထောက်ခံမဲရအောင် လုပ်သွားတာကိုကြည့်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို တိုက်ပွဲဝင်ချင်စိတ် ကုန်နေပါတယ်။ နအဖသာ ရွေးကောက်ပွဲကို အောင်မြင်စွာလုပ်နိုင်ရင် သွားပါပြီလို့ သဘောထားနေကြပါတယ်။ ဒါကြောင့် နအဖရဲ့ အစီအစဉ်ထဲမှာ ဝင်သာပေါင်းလိုက်ကြစို့လား ဆိုတာမျိုး တရားထူထောင်ကြပါတယ်။ ဒီအယူအဆအတိုင်း လုပ်ဖို့အတွက် အကြောင်းတွေ အမျိုးမျိုးလည်း ပြကြပါတယ်။ ဒီလိုပြောလာရင် သမိုင်းတလျှောက် ကျဆုံးသွားတဲ့၊ နောက်ပြီး ထောင်ထဲနေခဲ့တဲ့၊ ရှိနေကြတဲ့လူတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ တကယ်က ဒီနေရာမှာလည်း ပြဿနာက အထက်မှာပြောခဲ့သလို ကိုယ့်သေနင်္ဂဗျူဟာနဲ့ ကိုယ်ချီတက်ဖို့အတွက် ကိုယ့်မှာ လက်တွေ့လုပ်ငန်း စီမံကိန်း ရှိမရှိ ဆိုတာပါပဲ။ ကိုယ့်စီမံကိန်း၊ ကိုယ်သေနင်္ဂဗျူဟာရှိလို့ကတော့ သူလည်းသူ လုပ်စရာရှိတာလုပ်၊ ကိုယ်လည်း ကိုယ်လုပ်စရာရှိတာ လုပ်ဖြစ်မှာပါ။ ဒီလိုလုပ်ရင်းနဲ့ သူ့ခြေလှမ်းအမှားကို ကိုယ်ကအမြတ်ထုတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အမှန်ပါပဲ၊ ဒီရွေးကောက်ပွဲမှာ သူက လုပ်ချင်သလိုလုပ်မှာပါ။ ညစ်နည်းပဒေသာနဲ့ အညစ်သရဖူ ဆောင်းမှာပါ။ ကိုယ်ကတော့ ဒီအထဲကပဲ ကိုယ့်အတွက် ဘာအမြတ်ထုတ်နိုင်လဲ စဉ်းစားရမှာဖြစ်ပါတယ်။ ကြံလည်းကြံဆရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပိုအံ့သြစရာကောင်းတဲ့ အယူအဆတခုလည်း တွေ့နေရပါသေး တယ်။ တချို့လူတွေရဲ့အဆိုမှာ အတိုက်အခံတွေကိုက ခေါင်းမာလွန်းလို့၊ အလျော့အတင်း မလုပ်တတ်လို့၊ နိုင်ငံရေးပါး မဝလို့ ဆိုသလို ကိုယ့်ဘက်ကိုယ် ပြန်နင်းလာတာတွေ ပါနေပါတယ်။ ဒိအရင်ကတော့ အခုအဲဒီလိုပြောနေသူတွေရဲ့ ဆရာ့ ဆရာများက လက်နက်နဲ့ အသတ်ခံနေရသူများဘက်က လက်နက်နဲ့ မတုံ့ပြန်ဖို့ (အကြမ်းမဖက်ဖို့) ဆုံးမပြီး လက်နက်ကိုင်သူတွေကို ဆိုင်ရှင် လုပ်ခဲ့ကြတယ်။ အခုလည်း နအဖကို စားပွဲပေါ်မှာ တွေ့ဆုံတဲ့နည်းကလွဲလို့ တခြားနည်းနဲ့ မရင်ဆိုင်ဖို့၊ တနည်းမဆန့်ကျင်ဖို့ သတိပေးနေကြပါတယ်။ နအဖဘက်က စားပွဲပေါ်မှာတွေ့ဆုံတဲ့ နည်းကလွဲပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အကုန်လုပ်နေတာတွေကိုတော့ သူတို့ဘာမှမပြောကြဘူး။ ဒီလိုအချိန်မှာ အတွေးအခေါ် ရှုပ်ထွေးမှုတွေ ပေါ်ပေါက်တာဟာ မဆန်းပါဘူး။ ဒီလို အရှုပ်အထွေးတွေပေါ်လာရင် ပြည်သူလူထုကို ပြန်ငဲ့ကြည့်၊ အာဇာနည်တွေကို ပြန်စဉ်းစား၊ ကိုယ့်ရပ်တည်ချက်ကို မြဲမြံအောင်လုပ်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ ရန်သူကို ပိုမတွက်ဖို့၊ လျှော့မတွက်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။

http://www.newerajournal.com/articles/December_08/02-12-08a1.php

ခေတ်ပြိုင်ကို ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် ထို website တွင် ရဲဘော်ဖိုးသံချောင်း (၂ ဒီဇင်ဘာ ၂ဝဝ၈) ရေးသည့် “အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့” ဆောင်းပါးကို အပြည့်အစုံ ဖော်ပြပါသည်။

မျှတသည့် တရားရေးစနစ်နှင့် မှန်ကန်သော တရားဥပဒေ စိုးမိုးမှုတို့ကို တန်ဖိုးထားသည့် အစိုးရကောင်းတရပ် ပေါ်ထွန်းလာရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘာဆက်လုပ်မလဲ

with one comment

သိချင်နေပြီ

၂ဝ၁ဝ ခုနှစ်မှာ နအဖက ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘာတွေစီစဉ်နေပြီလဲဆိုတာ ပြည်သူတွေက သိချင်နေတဲ့သဘောမျိုး ရှိတယ်လို့ ကြားနေရ ပါတယ်။ ဒါကတော့ သဘောဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထုအများစုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီကို ထောက်ခံပြီး တခဲနက် မဲပေးခဲ့ကြတာလို့ပါဘဲ။

နအဖကလည်း သိပ်ပြီး သိချင်နေမယ်လို့ ယူဆရပါတယ်။ အမှန်တော့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက အဓိကသရုပ်ဆောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်လာရမှာ ဖြစ်ပေမယ့် နဝတ-နအဖ စစ်အစိုးရက အတင်းနေရာယူပြီး မင်းသားကြီး တက်လုပ်နေတော့ ပြဿနာတွေ တက်ပြီးရင်းတက်နေတာ နောက်ဆုံးမရှင်းနိုင်ပဲ ဖြစ်နေရာက လက်သည်တရားခံ လိုက်ရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်နေလို့ ဖြစ်ပါတယ်။

နအဖလိုပဲ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ ကျန်အဖွဲ့ဝင် နိုင်ငံတွေကလည်း သိချင်နေပါလိမ့်မယ်။ အဲဒီ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရနဲ့ပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုကင်းမဲ့တဲ့ ဒေသတွင်းမှာ အကျိုးစီးပွားတွေ ဖြစ်ထွန်းကုန်တော့ ဆက်ပြီး ဖြစ်နိုင်ဖို့ မျှော်လင့်နေတာကြောင့် ဖြစ်ပါတယ်။

ကုလသမဂ္ဂကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသစ်ပြောင်းလဲလာမယ့် သဘောထားကို သိချင်နေတာကတော့ သေချာပါတယ်။ မြန်မာ့ပြဿနာဟာ အဓိကအားဖြင့် နိုင်ငံရေးကြောင့် ဖြစ်နေရပြီး ဒါကိုဖြေရှင်းဖို့ ကုလသမဂ္ဂမှာ တာဝန်အရှိဆုံး ဖြစ်နေပါတယ်။

ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်စားနေပါလိမ့်မယ်။ (၂ဝ)ရာစုမကုန်မီ ကတည်းက ကမ္ဘာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထိပ်တန်းဦးစားပေးတဲ့ခေတ်ကို ရောက်ရှိနေခဲ့ ပါပြီ။ ဒီမိုကရေစီနိုင်ငံသစ်တွေ တခုပြီးတခု ပေါ်ထွန်းလာခဲ့ပါပြီ။ ဒါပေမယ့် ကမ္ဘာတလွှား ဒီမိုကရေစီ စံနမူနာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မြန်မာနိုင်ငံက ဘာကြောင့် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ရသေး တာလဲ။ ဒါကို နိုင်ငံတကာက အားမလိုအားမရဖြစ်ရင်းနဲ့ အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။

မြန်မာပြည်သူတွေရော ကမ္ဘာ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက သိချင်နေကြတဲ့ အကြောင်းရင်းကတော့  ဒီလိုဖြစ်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉ဝ ခုနှစ်က လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကမ္ဘာသိ ကျင်းပခဲ့ပြီးမှ ရွေးကောက်ပွဲရဲ့ရလဒ်ကို တခုမှ အကောင်အထည်မဖော်ပဲ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲအသစ်တခု ထပ်လုပ်တာဟာ အဓိပ္ပာယ် ကင်းမဲ့နေလို့ ပါပဲ။

စဉ်းစားစရာ

ရွေးကောက်ပွဲကို အတင်းအဓမ္မ ဇွတ်လုပ်ရင်တော့ ဖြစ်မှာပေါ့။ ဘယ်သူက နာမည်အပျက်ခံပြီး လုပ်မလဲ။ ရှေ့မျက်နှာ နောက်ထားပြီး အရှက်မရှိ လုပ်ချင်သူတွေက လုပ်နိုင်ပေမယ့် ဒီကိစ္စမှာ ထိပ်ဆုံးက တာဝန်အရှိဆုံး လူတွေဟာ နာမည်ပျက်ခံပြီး စွန့်စားပါ့မလား။ လူထုကရော မိမိတို့ရဲ့ အနာဂတ်ကို အာမခံချက်မရှိပဲ  စွန့်စားနိုင်ပါ့မလားဆိုတာတွေကို လေးလေးနက်နက် စဉ်းစားစရာ ဖြစ်လာပါတယ်။

နအဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူထုဆိုပြီး အပိုင်း(၃)ပိုင်းခွဲပြီး စဉ်းစားကြည့်ပါမယ်။

နအဖဘက်ခြမ်းမှာဆိုရင် အုပ်စိုးသူ စစ်ခေါင်းဆောင်တွေက ပိပိရိရိ မလိမ်နိုင်ရင် တနည်းအားဖြင့် နိုင်ငံရေးကို ပရိယာယ်ပါပါ မကိုင်တွယ်နိုင်ရင် ရွေးကောက်ပွဲအသစ် ထပ်လုပ်တဲ့ စစ်အစိုးရအနေနဲ့ အထူးသဖြင့် နအဖခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေအနေနဲ့ မြန်မာ့သမိုင်းမှာ နာမည်ပျက်စာရင်း ဝင်သွားမှာ ဖြစ်ပါတယ်။

၂ဝဝဂ ခုနှစ် မေလမှာ နာဂစ်လေမုန်တိုင်း ကပ်ဆိုးကြီး ကျရောက်ခဲ့တာတောင် စစ်အစိုးရက ဂရုမစိုက်ပဲ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို မဖြစ်ဖြစ်အောင် ဇွတ်အတင်း လုပ်ကြည့်တော့ နောက်ဆုံးမှာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပိပိရိရိ မလိမ်နိုင်တော့ ပြည်တွင်းရော ပြည်ပမှာပါ အရှက်ကွဲနေခဲ့ရတာကို နအဖ သင်ခန်းစာယူနေတဲ့ သဘောရှိပါတယ်။

အထူးသဖြင့် နအဖ အားပြုနေတဲ့ စစ်တပ်အတွင်းမှာ နအဖခေါင်းဆောင်တွေအပေါ် အထင်သေး စက်ဆုပ်နေတဲ့ ခံစားချက်တွေ ရှိနေနိုင်ပါတယ်။ ပြီးတော့ ဒီလိုအဓမ္မအပြုအမူဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ထင်မြင်ယူဆသူတွေလည်း တိုးပွားလာစရာ ရှိနိုင်ပါတယ်။

လက်ရှိ တရားဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့သဘောဆန္ဒမပါပဲ  ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ အသစ်ထပ်လုပ်တာဟာ မြန်မာလူထုက လက်နဲ့ရေးခဲ့သမျှ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက ခြေနဲ့ဖျက်ပစ်မယ့်သဘော သမိုင်းတွင်သွားပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ခြမ်းမှာကျတော့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ လုပ်ပိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းရမှာက အရေးကြီးဆုံး တာဝန်ကြီး ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ လူထုက အပြည့်အဝ ထောက်ခံအားပေးထားလို့ ပါဘဲ။ ဒါတင်မကသေးပါဘူး။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံကို အာဏာရှင်နိုင်ငံကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာအောင် ဦးဆောင်နိုင်မယ်လို့ လူထုက ကနေ့ထိ ယုံကြည်ထားလို့လည်း ဖြစ်ပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ဒါတွေကို ကျောခိုင်းလို့မဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဘယ်သူမဆို အဖွဲ့ချုပ်ရဲ့ နေရာမှာရှိရင် ဒီလိုဘဲ ခံစားရမှာပါ။ လူထုက လက်နဲ့ရေးတာကို အဖွဲ့ချုပ်က ခြေနဲ့ဖျက်ပစ်တယ်ဆိုတဲ့ အမဲစက်ကို မြန်မာ့သမိုင်းကြောင်းမှာ အရေးခံနိုင်ကြမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်ရပ်တည်နေသရွေ့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မပြိုမကွဲ ဆက်လက်တည်ရှိ နိုင်ပါ့မလား ဆိုတာလည်း ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ်အဓိကအချက် ဖြစ်နေပါတယ်။

တချိန်တည်းမှာ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဖို့  အရေးကြီးဆုံးအဆင့်အနေနဲ့ လိုအပ်လာရင် ထိပ်ဆုံးခေါင်းဆောင်တွေ  အစုံအညီနဲ့ အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို စဉ်းစားဆုံးဖြတ်နိုင်ခွင့်လည်း ရှိနေရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး စတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ထိန်းသိမ်းခံနေရတာဖြစ်လို့ သူတို့လွတ်မြောက်လာမှသာ ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

လူထုဘက်ခြမ်းမှာဆိုရင် အရင်ရွေးကောက်ပွဲတုန်းက စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ကို လူထုက (၂.ဝ၆) % သာ မဲပေးခဲ့တာဟာ စစ်အစိုးရကို လက်မခံတဲ့သဘော ဖြစ်ပါတယ်။ တဦး-တဖွဲ့-တပါတီ အာဏာရှင်စနစ်ကို လူထုက လက်မခံတဲ့သဘောပါ။ တကယ်တမ်း လွတ်လွတ်လပ်လပ်သာ မဲပေးရရင် အာဏာရှင်ဆန်တဲ့ ဘယ်နိုင်ငံရေးပါတီကိုမှ လူထု မထောက်ခံပါဘူး။ ဒါကို နအဖစစ်အစိုးရကလည်း သိနေပြီးသားပါ။

လက်ရှိစစ်အစိုးရဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂ဝ)တုန်းက စစ်အစိုးရဘဲ ဖြစ်နေပါတယ်။ နဝတ အနေနဲ့ အာဏာသိမ်းတုန်းကပါတဲ့ ဗိုလ်ချုပ်သန်းရွှေကလွဲလို့ အခြားလူတွေသာ ပြောင်းသွားပြီး မူကတော့ မပြောင်းပါဘူး။ မပြောင်းတဲ့အပြင် ပိုလို့တောင် ကြမ်းတမ်းခက်ထန်ပြီး တနိုင်ငံလုံးကို ဖွတ်ဖွတ်ကြေ အောင် နင်းခြေလာပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေရင်းမြှုပ်နှံတာကို အကြောင်းပြုပြီး တိုင်းပြည်ကို အန္တရာယ်ဖြစ်လောက်အောင် ရောင်းစားလာတာတွေလည်း ရှိနေတော့ နိုင်ငံနဲ့ ပြည်သူတို့ရဲ့ရှေ့ရေး အတွက် ဘယ်လိုမှ စိတ်မချရတော့ဘူးဆိုတာ ပြည်သူလူထုက သဘောပေါက်နေကြပါတယ်။

ဒီလိုအခြေအနေတွေမှာ စစ်အစိုးရ စိတ်ကြိုက်ရေးပြီး ဒီမိုကရေစီကို ဟန်ပြလုပ်ထားတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုက အမှန်တကယ် လက်ခံနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပြဿနာတွေ အများကြီး တိုးပွားလာနိုင်တာကို စဉ်းစားမိနိုင်ကြပါတယ်။ ပြီးတော့ ဒီစစ်အစိုးရကဘဲ စိတ်ကြိုက်ရွေးမယ့် နိုင်ငံ သမတအဖွဲ့နဲ့ (၂၅)%စစ်တပ်အရာရှိတွေရဲ့ လက်ခုပ်ထဲမှာ လူထုက မိမိတို့ရဲ့အနာဂတ်ကို ဆက်ပြီး အနစ်မွန်းခံဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့သဘော ရှိပါတယ်။

ကလျာဏပုထုဇဉ် ဟုတ်-မဟုတ်

မိမိကိုယ်ကို အနစ်နာခံပြီး အများကောင်းကျိုးအတွက် ပါရမီဖြည့် လုပ်ပေးနေသူ သာမန်ပုထုဇဉ်လူသား တွေကို မြင့်မြတ်တဲ့ ကလျာဏပုထုဇဉ်လို့ ခေါ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေဟာ ဒီစာရင်းဝင်-မဝင် အရင်ဦးဆုံး ဆန်းစစ်ကြည့်ပါ။

ဗိုလ်ချုပ်သန်းရွှေဟာ လက်ရှိမှာ နိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့အတွက် သူက ပါရမီဖြည့် လုပ်ပေးနိုင်တဲ့ အများကိစ္စဆိုတာ တိုင်းပြည်ရဲ့ကိစ္စသာဖြစ်ပါတယ်။ “ငါ” ဆိုတဲ့ “အတ္တ” အပေါ်အခြေခံပြီး “ငါ့မိသားစု၊ ငါ့အသိုင်းအဝိုင်း၊ ငါ့နောက်လိုက်တွေ” ကောင်းစားဖို့ ပါရမီ ဖြည့်တဲ့ကိစ္စ မဟုတ်ပါဘူး။

လက်တွေ့မှာ ဗိုလ်ချုပ်သန်းရွှေဟာ တိုင်းပြည်နဲ့ လူထုအပေါ်မှာ မေတ္တာ-စေတနာထားပြီး အနစ်နာခံ လုပ်ပေးနေတာတွေ မတွေ့ရပါဘူး။ ဒါကြောင့် သူဟာ ကလျာဏ ပုထုဇဉ်ဆိုတဲ့ အဆင့်ကိုတောင် အလှမ်းမမီသေးသူပါ။ ဒါဆိုရင် ပုထုဇဉ်ပီပီ မိမိကိုယ်သာ အချစ်တတ်ဆုံး၊ ဦးစားပေးတတ်ဆုံး၊ ကိုယ်လွတ်ရုန်းတတ်ဆုံး လူတယောက်လို့ သေချာပေါက် ခန့်မှန်းထားလို့ ရနေပါတယ်။

ဗိုလ်ချုပ်သန်းရွှေဟာ ကလျာဏပုထုဇဉ် မဟုတ်တဲ့အတွက် သူ့မိသားစု ဆက်လက်ကောင်းစားရေး၊ သူ့လက်အောက်မှာရှိတဲ့ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ် ရွှေမန်း၊ ဗိုလ်ချုပ်သိန်းစိန်နဲ့ နအဖ အဖွဲ့ဝင်တွေ၊ ဝန်ကြီးတွေ ဆက်ပြီးကောင်းစားရေးအတွက် နာမည်အပျက်ခံပြီး လုပ်နေမှာ မဟုတ်ပါဘူး။ သူတဦးတည်းသာ ကိုယ်လွတ်ရုန်းနိုင်အောင် ကြံစည်အားထုတ်နေဖို့ ဖြစ်နိုင်စရာ ရှိပါတယ်။

တပါတီစနစ်ကို ကျင့်သုံးနေတဲ့ ၁၉၈၈ ခုနှစ်မှာ ငွေရေးအကျပ်အတည်းကြောင့် စီးပွားရေးဖိစီးမှုတွေနဲ့ အတူ လူထုဆန္ဒပြပွဲတွေ ဖြစ်လာတဲ့အခါမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဌဖြစ်သူ  ဦးနေဝင်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပစ်တာ မဟုတ်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်” ၊ “ပါတီစုံ စနစ်ကို ကြိုက်လား၊ တပါတီစနစ်ကို ကြိုက်လား” လို့ ပြောဆိုပြီး ဥက္ကဌရာထူးက အတင်းနှုတ်ထွက် ပါတယ်။

ဦးနေဝင်းဟာ တာဝန်အရှိဆုံးသူတဦးအနေနဲ့ ပြဿနာကို လူထုကျေနပ်အောင် ပြေလည်စွာ မဖြေရှင်းပဲ နေပါတယ်။ တာဝန်မယူပဲ နေပါတယ်။ လူထုကို ခြိမ်းခြောက်ကြိမ်းမောင်းပြီး အကြောက် တရားတွေ လွှမ်းမိုးနေအောင်လုပ်ပါတယ်။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင်တောင် သူ့ဆန္ဒရှိသလို ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွဲမယ်လို့ ကြိုတင်ခြိမ်းခြောက်ပါတယ်။ နောက်ကွယ်ကနေ သူကိုယ်တိုင် ကြိုးကိုင်မယ့်သဘော ရှိနေပုံရတဲ့အတွက် သူ့နောက်မှာဆက်ခံမယ့်သူကို အခုကတည်းက လူထုက ကြောက်နေအောင် ခြိမ်းခြောက်ထားပါတယ်။ အာဏာရှင်တွေရဲ့ ထုံးစံပါ။

အဲဒီတုန်းက ဗိုလ်ချုပ်သန်းရွှေဟာ ဒုကာကွယ်ရေးဦးစီးချုပ်အဆင့်ကို ရောက်နေပြီး မဆလပါတီရဲ့ ဗဟိုကော်မတီဝင်တောင်ဖြစ်နေပါတယ်။ သူ့အနေနဲ့ ဦးနေဝင်းနေရာကို ရောက်ဖို့အဆင့် သိပ်မလို တော့တဲ့အတွက် တကယ်လို့ သူဆိုရင် ဘယ်လိုမျိုးကိုင်တွယ်မလဲလို့ ဗိုလ်ချုပ်သန်းရွှေ ကြိတ်ပြီး စဉ်းစားကောင်းစဉ်းစားခဲ့မှာ ဖြစ်ပါတယ်။ (နောက်ပိုင်း သူကိုယ်တိုင် အဲဒီနေရာကို ရောက်လာတော့ ဇာတိမှန်တွေ ထုတ်ပြလာတာကို ကြည့်ရင် သိနိုင်ပါတယ်။)

သူကိုယ်တိုင်လည်း ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်စောမောင်တို့နောက်ကနေ ကုပ်ကုပ်လေး အရုပ်လို နေရင်း မြှောက်ထိုးပင့်ကော် လုပ်နိုင်လွန်းလို့ ဒီရာထူးကို ရလာတဲ့သူဆိုတော့ သူမွေးထားသူတွေရဲ့ ခြေလှမ်း (သူ့လိုဘဲ သူ့ကိုမြှောက်ထိုးပင့်ကော်လုပ်ရင်း တချိန်မှာ သူ့ကို ခေါင်းဖြတ်မယ်ဆိုတာ) ကို ကြိုတွက်ပြီးသားလို့ ယူဆနိုင်ပါတယ်။

ဒီသဘောမျိုးတွေဟာ ကလျာဏပုထုဇဉ်တွေရဲ့ ကျင့်စဉ်နဲ့ တခြားစီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ တဦးတည်းကို ရည်ညွှန်းရတာက သူဟာ နအဖရဲ့ အကြွင်းမဲ့အာဏာကို ရယူထားတဲ့ခေါင်းဆောင် ဖြစ်နေလို့ပါဘဲ။

တဆက်တည်းမှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကလျာဏပုထုဇဉ်တဦး ဟုတ်-မဟုတ် ဆန်းစစ်ကြည့်နိုင်ပါတယ်။

နိုင်ငံရေး ကျားကွက်တွေ

ဗိုလ်ချုပ်သန်းရွှေဟာ နအဖရဲ့ လမ်းပြမြေပုံအတိုင်း အဆင့်ဆင့်တက်လာဖို့ နိုင်ငံရေးကျားကွက်တွေကို တကွက်ပြီးတကွက် ရွှေ့ရပါတယ်။ ဖိအားတွေများလာတာနဲ့အမျှ မရွှေ့ချင်ပဲထပ်ရွှေ့ရဖို့ ကြုံနေပါပြီ။

အဖြစ်နိုင်ဆုံး ပထမရွှေ့ကွက်ကတော့ အဓိကအကျဆုံး ဖြစ်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို သူ့အလိုလိုပြိုကွဲသွားအောင် ထပ်ပြီး ဖန်တီးနေဖို့ ဖြစ်ပါတယ်။ ဒါကလည်း ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံ့အာဏာ မလွှဲချင်လို့ နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွဲနေ ခဲ့တာ ဒီနေ့ထိတိုင်အောင်ပါဘဲ။ ဒီအကွက်လည်း မအောင်မြင်ခဲ့သလို နောင်လည်း အောင်မြင်နိုင်စရာ သိပ်မရှိပါဘူး။ အချိန်က သိပ်နည်းနေလို့ ဖြစ်ပါတယ်။

အဖြစ်နိုင်ဆုံး ဒုတိယရွှေ့ကွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး နိုင်ငံရေးအရ ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ၂ဝဝရ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွဲနှိပ်ကွပ်နေချိန်မှာ ဗိုလ်ချုပ် သန်းရွှေက ဒီလိုအဆိုပြုချက်ကို အပေါ်စီးကနေ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒီတကြိမ်မှာတော့ နည်းနည်း လျှော့ပြီးကမ်းလှမ်းတာမျိုး ရှိနိုင်ပါတယ်။ မရရင် Plan B အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တွေ့ဆုံညှိနှိုင်းဖို့သာဘဲ ရှိရတော့မှာ ဖြစ်ပါတယ်။

အဖြစ်နိုင်ဆုံး တတိယရွှေ့ကွက်မှာ နအဖက ဘာတွေစဉ်းစားထားမလဲဆိုတာလည်း မြန်မာပြည်သူများ သတိပြု တွက်ဆထားဖို့ လိုအပ်ပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အင်မတန် အရေးပါတဲ့ နိုင်ငံရေးအပြောင်းအလဲကို ကိုယ်တိုင် ဖန်တီးမလား၊ ဒါမှမဟုတ် ဖန်တီးခံရရင် ဘယ်လိုလုပ်မလဲ၊ ဒါမှမဟုတ်လည်း ပိုနေမြဲ ကြားနေမြဲ ဆက်နေမလား ဆိုပြီး သုံးပိုင်းရှိပါတယ်။

အဖွဲ့ချုပ်က အဖွဲ့ဝင်တွေဟာ ပြည်တွင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ လက်ရှိမူဝါဒအတိုင်း ကာလ-ဒေသ-ပယောဂအလိုက် လွတ်လပ်စွာ လှုပ်ရှားနိုင်ခွင့်ရှိနေပေမယ့် အရေးပါဆုံး နိုင်ငံရေးအပြောင်းအလဲကို အဖွဲ့ချုပ်ကိုယ်တိုင်က ဖန်တီးတဲ့အခါမှာ (သို့) ဖန်တီးခံရတဲ့အချိန်မှာ အဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ လူထုက အထောက်ခံဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားမပါပဲ ဘာမှဆက်လုပ်လို့မရတဲ့ အနေအထားမှာ ရှိပါတယ်။

ရှေ့တလှမ်းမတိုးခင် နောက်ကို အရင်ပြန်ကြည့်သင့်တယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက မြန်မာပြည်သူ (၈၂) %က တခဲနက်မဲပေး ထောက်ခံထားခဲ့ပေမယ့် အဖွဲ့ချုပ်အနေနဲ့ ဦးဆောင်ပြီး ပြည်သူ့လွှတ်တော် ခေါ်ခွင့်မရခဲ့တာ၊ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခွင့် (mandate) ရှိရက်သားနဲ့ ရေးဆွဲခွင့် မရခဲ့တာ၊ နိုင်ငံရေးလှုပ်ရှားမှုအားလုံး တဘက်သပ် ထိန်းချုပ် နှိပ်ကွပ်ခံနေခဲ့ရတာတွေကို တမင်တကာ မေ့ဖျောက် ချန်ထားလို့ မဖြစ်ပါ။

နိုင်ငံရေးဟာ လုပ်ငန်းစဉ်တရပ်ဖြစ်လို့ အဟန့်အတားတွေ ရှိနေရင် အရင်ဖယ်ရှားပြီးမှ ရှေ့ဆက်လို့ ရတာ ဖြစ်ပါတယ်။ ဒီလိုအဟန့်အတားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖန်တီးယူတာမဟုတ်ပဲ ဖန်တီးခံရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဖန်တီးခံရတဲ့ အဟန့်အတားတွေကို ဖြေရှင်းရာမှာ အဖွဲ့ချုပ်အပြင် အဟန့်အတားကို စတင်သူ စစ်အစိုးရကလည်း အတူတကွပါဝင် ပူးပေါင်းဖြေရှင်းမှ ဖြစ်နိုင်စရာ ရှိပါမယ်။ တကယ်လို့ စစ်အစိုးရက အဲဒီလိုဆန္ဒ မရှိဘူးဆိုရင် အဖွဲ့ချုပ်ကဘဲ လူထုအကူအညီနဲ့ ဖြေရှင်းရမှာ ဖြစ်ပါတော့တယ်။

ကြေညာချက်တွေ

နဝတ-နအဖဆိုတဲ့ စစ်အစိုးရဟာ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်ပဲ လွှတ်တော် သဘောဆန်ဆန် အမျိုးသားညီလာခံ ဆိုတာနဲ့ ပုံမှားရိုက်လိုက်ပါတယ်။ ဒီလို ဖြစ်နိုင်အောင်လည်း ၅/၉၆ လို ပြင်းထန်တဲ့ တချက်လွှတ်အမိန့်ကို ပြဌာန်းပြီး အတင်းအကြပ် လုပ်ယူသွားပါတယ်။ အမျိုးသားညီလာခံမှာ နအဖ စိတ်ကြိုက်ရေးဆွဲထားခဲ့တဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု (၉၂) ရာခိုင်နှုန်းကျော်က ထောက်ခံအတည်ပြုတယ်လို့ နအဖကဘဲ ကြေညာပါတယ်။

ဒီအချက်တွေကို ခွဲခြားရင်

    (၁) ရွေးကောက်ပွဲထုံးစံ (စည်းမျဉ်း)အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကို ခေါ်ယူခွင့် ရှိပေမယ့် မခေါ်ယူနိုင်အောင် နအဖက ပိတ်ပင်တားမြစ်တာကတပိုင်း၊
    (၂) နအဖ စိတ်ကြိုက်ရေးဆွဲတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကတပိုင်း၊
    (၃) အဲဒီ အခြေခံဥပဒေကို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အပိုင်း၊
    (၄) ဆန္ဒခံယူပွဲ ရလဒ်ကို နအဖက ကြေညာတဲ့အပိုင်းဆိုပြီး လေးပိုင်းရှိနေပါမယ်။

အဲဒီအပိုင်းအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တွေ ထုတ်ပြန်ပြီး ပါတီရဲ့ သဘောထား၊ အကြောင်းပြချက်နဲ့ လုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြထားပြီးပါပြီ။ ယေဘူယျ ခြုံပြောရင် ပြည်သူ့လွှတ်တော် ခေါ်ယူခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆက်မပြတ် တောင်းဆိုခဲ့သလို  နအဖရေးတဲ့ အခြေခံဥပဒေအပြင် ဆန္ဒခံယူပွဲ ကျင်းပပုံနဲ့ ဆန္ဒခံယူပွဲရလဒ်တို့ဟာ လူထုဆန္ဒအတိုင်း မြန်မာနိုင်ငံနဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို ဖြစ်ထွန်းစေတာ မဟုတ်လို့ အဖွဲ့ချုပ်က ဘာတခုကိုမှ လက်ခံခြင်း မရှိခဲ့ပါဘူး။

ဒါတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံရပ်တည်ချက်တွေကို ထပ်မံအားဖြည့်လိုက်တာ ဖြစ်ပါတယ်။ အခြေခံရပ်တည်ချက်တွေထဲက အရေးကြီးဆုံးအချက်ဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အတိုင်း ပြည်သူ့လွှတ်တော် ခေါ်ယူပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင်ကြဖို့ ဖြစ်တယ် ဆိုတာ အားလုံးကသိပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဆိုတာ

နိုင်ငံရေးပါတီတခုမှာ မူဝါဒဟာ အင်မတန် အရေးကြီးပါတယ်။ ရွေးကောက်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပါတီရဲ့မူဝါဒမှာ အပြောင်းအလဲ မရှိရပါဘူး။ ရွေးကောက်ပွဲ နိုင်လိုဇော၊ အစိုးရ ဖြစ်လိုဇောနဲ့ ရေပွက်ရာ ငါးစာချ၊ ခုတမျိုး-တော်ကြာတမျိုး ပေါ်ပင်လိုက်နေလေ့ မရှိရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပါတီရဲ့မူဝါဒဆိုတာ နိုင်ငံရဲ့မူဝါဒ ဖြစ်နေလို့ (သို့) ဖြစ်လာနိုင်စရာ ရှိလို့ပါဘဲ။ နိုင်ငံရဲ့ မူဝါဒဆိုရင် နိုင်ငံနဲ့ချီပြီး နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်လောက်အောင် အလေးအနက်ထားရပါတယ်။  နိုင်ငံအဆင့်၊ အစိုးရအဆင့်မှာ ရှိနေတဲ့အတွက် အင်မတန် အရေးကြီးနေရတာ ဖြစ်ပါတယ်။ နိုင်ငံအဆင့်၊ အစိုးရအဆင့်ဆိုတာ ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့အဆင့်ဖြစ်လို့ အဲဒီအဆင့်ကို ရောက်လာတဲ့ မူဝါဒမှန်သမျှ ခိုင်ခိုင်မာမာ ရှိနေရပါတယ်။

လူသိရှင်ကြား ကြေညာထားတဲ့ ပါတီရဲ့မူဝါဒ၊ လူထုက ထောက်ခံထားတဲ့ ပါတီရဲ့မူဝါဒ ဖြစ်ရင် ပိုလို့တောင် ခိုင်မာအောင် ထိန်းသိမ်းပေးရပါတယ်။

ဒီမိုကရေစီစနစ်နဲ့ နိုင်ငံကို ဦးဆောင်တည်ဆောက်မယ့် နည်းလမ်း (မူဝါဒ)တွေကို ရွေးကောက်ပွဲမှာ လူထုက နှစ်သက်သဘောကျပြီး ထောက်ခံတဲ့အတွက် ဒါဟာ နိုင်ငံရေးပါတီအနေနဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ့် အခြေခံရပ်တည်ချက် ဖြစ်လာရပါတယ်။

ဒီလိုအရေးကြီးဆုံး ရပ်တည်ချက်ကို ပြောင်းလဲပြင်ဆင်ဖို့ဆိုတာ ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ စတဲ့ တဦး-တဖွဲ့တည်းကနေ စိတ်ကြိုက် ဆုံးဖြတ်ပြင်ဆင်လို့ မရပါဘူး။ ရခဲ့ရင်လည်း ဒါဟာ ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီ ဖြစ်မလာနိုင်တော့ပါဘူး။

နိုင်ငံရေးပါတီတခုအနေနဲ့ မိမိတို့ပါတီရဲ့အကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွား (နိုင်ငံနဲ့လူထုရဲ့ အကျိုးစီးပွား)ကို အစဉ်ထာဝရ ပိုမိုဦးစားပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလို ပိုမိုဦးစားပေးရမယ့် နိုင်ငံရေး အခြေအနေအရ မိမိတို့နိုင်ငံရေးပါတီရဲ့ မူဝါဒဟာ မကိုက်ညီဘူး-မသင့်တော်ဘူးဆိုရင်တော့ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့  မဖြစ်မနေ ဆုံးဖြတ်ရပါတော့မယ်။

ဘာကို ဆုံးဖြတ်မလဲ။

    (၁) လက်ရှိနိုင်ငံရေးအခြေအနေနဲ့ နောင်တွေးဆနိုင်သလောက် အနာဂတ်နိုင်ငံရေး အခြေအနေမှာ မိမိတို့နိုင်ငံရေးပါတီရဲ့ မူဝါဒဟာ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီခြင်း ရှိ-မရှိ ဆုံးဖြတ်ရပါတယ်။
    (၂) တကယ်လို့ ကိုက်ညီခြင်း မရှိတော့လို့ ဆုံးဖြတ်ရင် လိုက်လျောညီထွေဖြစ်အောင် မူဝါဒပိုင်း ဆိုင်ရာတွေကို ပြင်ဆင်-ဖြည့်စွက်-နှုတ်ပယ်ပြီး ပြောင်းလဲဖို့ ဆုံးဖြတ်ရပါတယ်။
    (၃) မူဝါဒတွေကို ပြောင်းလဲရုံနဲ့ မလုံလောက်ဘူးဆိုရင် လက်ရှိနဲ့ အနာဂတ် နိုင်ငံရေး အခြေအနေမှာ ပါတီကို ဦးဆောင် တာဝန်ယူနိုင်စွမ်းရှိမယ့်သူတွေနဲ့ အစားထိုးပြောင်းလဲဖို့  ဆုံးဖြတ်ရပါတယ်။
    (၄) ချွင်းချက်အနေနဲ့ နိုင်ငံရေးပါတီကို လက်ရှိမှာ ဦးဆောင်နေသူတွေရဲ့ ကျန်းမာရေး၊ ဦးဆောင် နိုင်စွမ်း၊ ပါတီရပ်တည်နိုင်စွမ်း ဆိုတဲ့ အချက်(၃)ချက်ပေါ်မူတည်ပြီး ဦးဆောင်သူတွေကို အစားထိုး ပြောင်းလဲဖို့ ဆုံးဖြတ်ရတာ ရှိပါတယ်။

ဒီနောက်မှာ အဆင့် (၃)ဆင့်ကို မဖြစ်မနေ လုပ်ဆောင်ပေးဖို့ ရှိလာပါတယ်။ ဒီ(၃)ဆင့်စလုံးကို လုပ်ဆောင်မယ့် ပါတီဟာ ဒီမိုကရေစီကို လက်ခံကျင့်သုံးတဲ့ နိုင်ငံရေးပါတီဖြစ်လို့

  • ပထမအဆင့်မှာ ဒီမိုကရေစီကျင့်စဉ်များအတိုင်း ဆုံးဖြတ်ရပါတယ်။
  • ဒုတိယအဆင့်မှာ လူထုကို အသိပေးနိုင်ဖို့ တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာရပါတယ်။
  • တတိယအဆင့်မှာ လူထုရဲ့တုန့်ပြန်ချက်ကို လေးစားစွာ ခံယူပြီး ရပ်တည်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီရဲ့ကျင့်စဉ်များကို စံနမူနာပြ လုပ်ဆောင်ဖို့ ဆန္ဒရှိ နေတာ အမှန်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အုပ်စိုးနေတဲ့ နအဖ စစ်ခေါင်းဆောင်အဖွဲ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အခြား နိုင်ငံရေးပါတီတွေနဲ့ လူထုရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို လုံးဝ အဓိပ္ပာယ်မဲ့ ထိန်းကွပ်ထားတာကြောင့် အခက်အခဲအများကြီးကြားထဲက အမြင့်မားဆုံး ပေးဆပ်မှု တွေနဲ့ ရုန်းကန်လှုပ်ရှားနေရလို့ ထင်တိုင်းမပေါက်နိုင်တာကို နားလည်ပေးဖို့ လိုပါတယ်။

နိုင်ငံရေးလွတ်လပ်ခွင့် မရှိရင် မတိုးတက်နိုင်

တကယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးတင်ဦးနဲ့ အခြားနိုင်ငံရေးအကျဉ်းသမား (၂ဝဝဝ)ကျော်တို့ဟာ  အခုချိန်မှာ လွတ်လွတ်လပ်လပ် နိုင်ငံရေး လှုပ်ရှားနိုင်နေတယ် ဆိုပါစို့။

ဒါဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ငံနဲ့လူထုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်တဲ့အတိုင်း ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင် လူထုရဲ့ တုန့်ပြန်ချက် သဘောထားနဲ့အညီ တလေးတစား ရပ်တည်နေရမှာ ဖြစ်ပါတယ်။ ဒီတော့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဟာဗျူဟာအသစ်ကို ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

ဒီလို မလုပ်နိုင်သေးသရွေ့ အရင်ရှိပြီးသား လူထုသိရှိထားတဲ့အတိုင်း ဆက်လက်ကျင့်သုံး ရပ်တည် နေတယ်လို့ဘဲ သဘောထားရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့သူတွေ မပါဝင်ပဲ ဘယ်လိုမှ ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆုံးဖြတ်ချက် မချနိုင်သရွေ့ လူထုရဲ့တုန့်ပြန်ချက် သဘောထားကို မသိပဲ မဟာဗျူဟာအသစ်ကို မရေးဆွဲနိုင်ပါဘူး။ လူထုဆိုတဲ့နေရာမှာ လူထုကို ကိုယ်စားပြုပြီး နိုင်ငံရေးလှုပ်ရှားလို့ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသမားတွေ၊ တိမ်းရှောင်ထွက်ပြေးနေရသူတွေလည်း ပါဝင်ပါတယ်။ သူတို့ အားလုံးမှာ နိုင်ငံရေးလွတ်လပ်ခွင့်မရှိပဲ လူထုသဘောထား အစစ်အမှန်ကိုသိရဖို့ မရှိနိုင်ပါဘူး။

ရှေ့မတိုးနောက်မဆုတ်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာအတော်များများဟာ နအဖဘက်ခြမ်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးအင်အားစုတွေရဲ့ဘက်ခြမ်း နှစ်ဘက်စလုံးမှာ ရှိနေပါတယ်။ ဒါကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမြင်သုံးသပ်သင့်ပါတယ်။

မျှော်လင့်ချက်

ပြဿနာအားလုံးရဲ့ ကြိုးထုံးကို ဖြည်ချလိုက်နိုင်ရင် တချက်တည်း ပွဲပြတ်နိုင်ပါတယ်။ ဒီကိစ္စဟာ နအဖက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်လွှတ်ပေးတဲ့အပေါ်မှာဘဲ မူတည်နေ ပါတယ်။

ဒီမိုကရေစီ အမှန်တကယ်ဖြစ်ထွန်းစေလိုသူတွေသာမက လမ်းပြမြေပုံအတိုင်း သွားချင်နေသူတွေပါ နှစ်ပေါင်း (၂ဝ)အတွင်းမှာ  ဇရာရဲ့ဖိစီးမှုဒဏ်ကို ရှောင်လွှဲလို့မရပဲ ကြုံနေရပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြရပါတယ်။ အဆုံးအဖြတ်ပေးရမယ့် ခေါင်းဆောင်ပိုင်းမှာလည်း ဒီလိုဘဲ ဖြစ်နေပါတယ်။ အချိန်တွေနည်းလာတာနဲ့အမျှ ခေါင်းဆောင်တွေက နိုင်ငံနဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကို အမှန်တကယ် ဦးထိပ်ထားနိုင်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  နအဖတို့ ဘာဆက်လုပ်မလဲ ဆိုတဲ့လမ်းကြောင်းဟာ တထပ်တည်း ဖြစ်နေမှာ သေချာပါတယ်။
လွင်အောင်စိုး

၃၁-၁ဝ-၂ဝဝ၈

Written by Lwin Aung Soe

November 1, 2008 at 1:33 pm

မြန်မာ့နိုင်ငံရေးနှင့် ဘန်ကီမွန်း၏ လူ့အခွင့်အရေး အစီရင်ခံစာ

leave a comment »

l1.gifl2.gifl3.gifl4.gifl5.gif

Download this article in pdf file here.