Archive for the ‘ဝေဖန်သုံးသပ်ချက်’ Category
ပြုပြင်ပြောင်းလဲရေးများ လိုအပ်နေသည် (အပိုင်း ၂)
Download file: some-reforms-needed-for-burma-part-2
Download (key points): some-reforms-needed-for-burma-key-points
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အစည်းအဝေး အမြန်ဆုံး ကျင်းပရန် လိုနေပြီ
————————————————————–
မြန်မာပြည်သူလူထု ၈၂ %ကျော်ကလည်း ၁၉၉ဝ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် သမာသမတ်ရှိစွာ ရွေးချယ်တင်မြှောက်၍ လုပ်ပိုင်ခွင့်အာဏာ (mandate)ကို ယုံကြည်စွာ အပ်နှင်းထားခဲ့ပြီး ဖြစ်သည်။
အာဏာရှင်စနစ်ဆိုးကြီးအောက်မှ လွတ်မြောက်၍ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရန်နှင့် တရားဥပဒေ အမှန်တကယ် စိုးမိုးနိုင်ရန်အတွက် တာဝန်ရှိသူတို့မှ ရဲဝန့်ပြတ်သားစွာ၊ လိမ္မာပါးနပ်စွာ၊ အရည်အချင်း ပြည့်ဝစွာ ဦးဆောင်ပါမှ အကြီးအကျယ် နစ်နာဆုံးရှုံးနေရသော မြန်မာပြည်သူလူထုကြီးကလည်း ထပ်ချပ်မကွာ လိုက်လံအားပေး ထောက်ခံကြမည် ဖြစ်သည်။
မြန်မာပြည်သူတို့အနေဖြင့် ဤသို့လုပ်ဆောင်နိုင်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့် စောင့်စားနေခဲ့ရသည်။ ယခုလည်း အဆင်သင့် ရှိနေသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအနေဖြင့် လူထုက အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝ အသုံးချလျက် အာဏာရှင်တို့အား လည်စင်းပေးနေရသော လူထုဘက်မှ ရဲရဲဝန့်ဝန့် ရပ်တည်ပေးသင့်သည်။
လွင်အောင်စိုး
၁-၆-၂ဝဝ၈
ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
အောင်ဒင်
(က) နိဒါန်း
၁၊ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရက (၁၉၉ဝ)ပြည့်နှစ် မေလမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး တရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် (၃၉၂)နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များဖြစ်ကြတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသား ပါတီများက လွှတ်တော်ကိုယ်စားလှယ် (၆၇)နေရာ အနိုင်ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံအားပေးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ် (၁ဝ)နေရာသာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများကို နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ဦးဆောင်သွားဖို့ တာဝန်အပ်နှင်းလိုက်တာပါပဲ။
၂၊ ဒါပေမယ့်လည်း “ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြီ စစ်တန်းလျားကို ပြန်ပါ့မယ်”လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရ ပါတီကို အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တိုင်းရင်းသား ပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည်ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကိုလည်း (၁၉၉ဝ) ရွေးကောက်ပွဲက ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒ မပါ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ဆန္ဒ မပါပဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို (၂ဝဝ၈)ခုနှစ် မေလမှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်နေပါတယ်၊ ဒါဟာဖြင့် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူလူထု တရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။ ဒါဟာဖြင့် (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။ စစ်အစိုးရက သူ့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို မတရားတဲ့နည်းလမ်းများနဲ့ အတည်ပြုလိုက်နိုင်တာနဲ့ တပြိုင်နက် (၁၉၉၀) ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပါပြီ။ (၁၉၉၀) ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် အောက်ကို တရားဝင် ရောက်ရှိသွားပြီး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်တွေ စစ်ကျွန်ဘ၀ ရောက်ကြရတော့မှာပါ။
ဆက်လက်ဖန်ရှုရန်
Download: reject-sham-constitution_f1.pdf
နအဖ ရေးတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ
Source: Lin Let Kyal Sin’s email
ပြည်တွင်း၌ သတင်းမှန်များ စီးဆင်းပြန့်ပွားရေး NLD လူငယ်အဖွဲ့ စတင်လုပ်ဆောင်ပြီ

ကိုစိုး | ဇန်နဝါရီ ၇၊ ၂၀၀၈
ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
ဘာတွေ ဖြစ်ခဲ့သည်၊ ဘာတွေ ဖြစ်နေသည်၊ ဘာတွေ ဖြစ်လာတော့မည် စသည့် သတင်းများကို လူတိုင်း နီးပါးလောက်ပင် စိတ်ဝင်စားကြသည်။ သတင်းဟူသည် လူထု၏ နေ့စဉ်ကိစ္စများနှင့် ဆက်စပ်နေသောကြောင့် သတင်းများကို သိရှိနေမှသာ မိမိတို့နှင့် သက်ဆိုင်ရာများကို ကြိုတင် ပြင်ဆင်လုပ်ဆောင်နိုင်စရာများ ရှိကောင်း ရှိလာနိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် အနီးအနား ရပ်ကွက်တခု၌ ကြက်ငှက် တုပ်ကွေးရောဂါ စတင် ပြန့်ပွားနေသည့်သတင်းကို သိထားလျှင် ကြက်သား ၀ယ်စားမိခြင်းမျိုးမှ ရှောင်ကြဉ်နိုင်စရာ ရှိသည်။ ထို့အတူ မိမိ သွားလာနေကျ ခရီးစဉ်၌ ယာဉ်စီးခများ ရုတ်တရက် ခုန်တက်သွားသည်ကို မသိပဲ နေပါက လိုရာခရီးသို့ ရောက်ရန် အခက်အခဲများ ရှိနိုင်သည်။
သို့ဖြစ်၍ သတင်းမှန်များ လူထုအကြားသို့ အချိန်မီ ရောက်ရှိရေးမှာ အလွန်အရေးကြီးသည်။ နိုင်ငံ့အစိုးရမှ ဖြစ်စေ၊ ပုဂ္ဂလိက အစုအဖွဲ့တို့မှ ဖြစ်စေ သတင်းများကို ရေးသား ဖော်ပြပေးရသည်။ ထုတ်ဝေ ဖြန့်ချိပေးရသည်။ အသံ၊ စာသား၊ ရုပ်ပုံ တခုခုဖြင့် (သို့) ဖြစ်နိုင်လျှင် အားလုံးစု၍ လူထု သိရှိနေစေရန် သတင်း ဖြန့်ချိပေးရသည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲ တိုးတက်မှုနှင့်အတူ အင်တာနက်ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ကြသဖြင့် သတင်းစီးဆင်း ပြန့်နှံ့မှုကို ကောင်းစွာ အထောက်အကူ ဖြစ်စေလျက်ရှိသည်။ ကမ္ဘာ၏ မည်သည့်နေရာမဆို ဖြစ်ပွားခဲ့သည့် သတင်းအကြောင်းကို တကမ္ဘာလုံးမှ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း သိရှိနေသည်။ ဤမျှအထိ သတင်းစီးဆင်းမှုက မြန်ဆန်လွန်းလှသည်။ သတင်း မှန်သမျှ ဖုံးဖိရန် အခြေအနေမပေးတော့။
အင်တာနက်သတင်းများက မည်မျှပင် မြန်ဆန်အောင် သတင်း ဖြန့်ချိပေးနိုင်သည် ဆိုစေကာမူ နေ့စဉ် သတင်းစာ ဖတ်ရှုခြင်း၊ ရေဒီယို နားထောင်ခြင်း၊ တီဗီ ကြည့်ရှုခြင်းများကလည်း မည်သည့်အခါမျှ တိမ်ကော ပပျောက်သွားမည် မဟုတ်ပါ။ သူ့နေရာနှင့်သူ အထိုက်အလျောက် တန်ဖိုး ကြီးကြီးမားမား ပေးနိုင်သဖြင့် အသုံးဝင်နေဆဲ ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဆက်သွယ်ရေး တိုးတက် ကောင်းမွန်အောင် မလုပ်ဆောင်ပေးနိုင်သေးသည့် နိုင်ငံများ၌ ဖြစ်သည်။ အဆိုပါ နိုင်ငံများတွင် အစိုးရ မဟုတ်သော အသင်းအဖွဲ့များ၊ တသီးပုဂ္ဂလများက တနိုင်တပိုင် ၀င်ရောက် လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ပေးခြင်းကိုလည်း အစိုးရများမှ အတတ်နိုင်ဆုံး အားပေးသင့်သည်။ သို့မှသာ ပြည်သူတို့အပေါ် သဘောထား ကြီးကြောင်း၊ စေတနာထားကြောင်း ပေါ်လွင်မည် ဖြစ်သကဲ့သို့ အစိုးရ၏ ၀န်ထုပ်ဝန်ပိုးကိုလည်း တဖက်တလမ်းမှ လျော့ပါး သက်သာနိုင်စရာ ရှိလေသည်။
သတင်းမှန်သည်၊ မှားသည် ဆိုသည်ကတော့ သတင်းပေးပို့သည့် နေရာ၏ ဂုဏ်သိက္ခာကို ရေရှည် ထိန်းသိမ်းလိုသည့် ခံယူချက် အပေါ် မူတည်သည်။ သတင်းမှားတခုကို တမင်တကာ ထုတ်ပြန်လိုက်သည့် တိုင်အောင် အမှန်တရားကို မည်သူမျှ ဖုံးကွယ်နိုင်စွမ်း မရှိသောကြောင့် သတင်းထုတ်ပြန်သူနှင့် ထုတ်ပြန်သည့် သတင်းဌာနသာ နောက်ဆုံးတွင် လူထု၏ ယုံကြည်ကိုးစားမှု မရပဲ သိက္ခာကျဆင်းမည် ဖြစ်သည်။
သို့ဖြစ်၍ သတင်းအမှားများ ထုတ်လွှင့်လေမလား၊ ၀ါဒဖြန့်သတင်းများ ထုတ်လွှင့်လေမလား ဟူ၍ စိုးရိမ်ပူပန် နေစရာမလို။ သူ့အရှိန်နှင့်သူ မှန်လျှင် စံ၍ မှားလျှင် ခံရပေလိမ့်မည်။ အမှန်-အမှားကို နိုင်ငံ့အာဏာပိုင်တို့က ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ အချိန်ကုန်-ငွေကုန်ခံ၍ ဆုံးဖြတ်ပေးရန်လည်း မလိုပါ။ လူထုကသာ ဆုံးဖြတ်မည် ဖြစ်သည်။ စေတနာ၏ အကျိုးသက်ရောက်ပုံကို လူထုကသာ လက်တွေ့ကျကျ ခံစား သိရှိရသောကြောင့် အမှန်အတိုင်း ဆုံးဖြတ်နိုင်ခြင်း ဖြစ်သည်။
ဤအချက် မှန်-မမှန် အစိုးရထုတ် သတင်းစာများကို လူထုက မည်မျှ လက်ခံ ဖတ်ရှုနေသည်၊ အစိုးရ ထုတ်လွှင့်နေသော တီဗီများကို လူထုက မည်မျှ ကြည့်ရှုနေသည်၊ အစိုးရထုတ် စာစောင်များ မည်မျှ ရောင်းနေရသည် စသည်တို့အား သုတေသနပြု စစ်တမ်း ကောက်ယူသင့်သည်။
မည်သို့ပင်ဖြစ်စေ၊ “သစ် မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်” ဆိုသကဲ့သို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစစ်အမှန် မပေါ်ထွန်းသေးမီ လူထုက ရွေးကောက် တင်မြှောက်ထားသော နိုင်ငံရေးပါတီတို့မှ ယခုကဲ့သို့ လူထုအကြား သတင်းဖြန့်ချိ ထုတ်ပြန်ရေးမျိုး တနိုင်တပိုင် လုပ်ဆောင်လာခြင်းကို ၀မ်းသာအားရ ကြိုဆိုလိုက်ပါသည်။
လူထုအပေါ် စေတနာထားသည့် အလုပ်ဟူသည် မည်မျှပင် အခက်အခဲ ရှိစေကာမူ လူထု၏ အားပေး ထောက်ခံမှုကို မလွဲမသွေ ရရှိသည်ဖြစ်၍ နောက်ဆုံးတွင် အောင်မြင်ရမည်သာ ဖြစ်သည်။
လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီ (၈)ရက်