Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for the ‘ဆောင်းပါး’ Category

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ –

leave a comment »

စည်းလုံးခြင်းရဲ့  အင်အား ဘလော့ဂ်မှ ဗိုလ်မှူးကျော်ကျော်ခိုင်၏ ဆောင်းပါးကို တစုတစည်းတည်း ပြန်လည်ဖော်ပြသည်။

ဆောင်းပါးရှင် – ဗိုလ်မှူးကျော်ကျော်ခိုင်

ကျွန်တော်တို့ မြန်မာ့တပ်မတော်ကြီးတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသော အသံများကို ကြားရမှာ ကြောက်ကြသည်၊ မုန်းသည်။ ထိုသို့သော စကားလုံးများကို မကြားချင်။ သို့သော် ထို Democracy နဲ့ Human Rights အဓိပ္ပာယ်ကို သေချာ မသိသလို ခံလည်း မခံစားဖူးရပေ။ “ဟင်း၏ အရသာကိုဇွန်းမသိ”သကဲ့သို့ပင်။

ဒီမိုကရေစီ ဆိုတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံကို “၁၈ရာစု” ကဲ့သို့ နယ်ချဲ့ ချင် ၍ နယ်ချဲ့လက်သစ် ၀ါဒီများ ပစ်လွှတ်လိုက်သော စကားလုံးဟူ၍သာ နားလည်သည်။ ဒီကနေ့ တပ်မတော်ထဲက မျိုးဆက်သစ် အရာရှိ/ စစ်သည်များ မပြောနှင့် ယနေ့ တပ်မမှူး Level၊ မဆလခေတ်မွေး အရာရှိများပင် သေချာနားမလည်။ သေချာစွာ နားလည်ရန်လည်း မစူးစမ်းကြချေ။


ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို စူးစမ်းလေ့လာ နားလည်ဖို့ ကြိုးစားလေ့လာသူများရဲ့  အခွင့်အလမ်းကိုလည်း ပိတ်ဆို့ထားသည်။ တပ်မတော်အတွင်း၌ BBC၊ VOA၊ RFA၊ DVB အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည့် ရေဒီယို နားထောင်သူများကိုလည်း ရှုတ်ချပိတ်ပင်၊ တားမြစ်ထားသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ အရသာကို ခံစားဖူး ကြသူများ မဟုတ်ကြသော်လည်း ဒီမိုကရေစီတော့ လာမပြောနဲ့ ရန်သူ ဖြစ်သွားမည်။ ဘာကြောင့် ဒီလို ဖြစ်နေရသလဲဟု ဆင်ခြင် သုံးသပ်မိသည်။ ယနေ့ ကိုယ့်ကိုကိုယ် နိုင်ငံတော် အကြီးအကဲဟု ဆိုသူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်သူ ဗိုလ်သန်းရွှေ၏ လက်ချက်ပင် ဖြစ်ပါသည်။ ၄င်းသည် ယခင် စိတ်ဓာတ် စစ်ဆင်ရေး အရာရှိ (Psychological Warfare Officer) လုပ်ခဲ့ဖူးသည်။ ဒါပေမဲ့ ထက်ထက်မြက်မြက်တော့ မရှိ။ အတွေ့အကြုံ တော့ ရှိသည်။ ၄င်း အာဏာရှင် ဖြစ်စ အစွယ်မထွက်သေး၍ ဘီလူးမှန်း မသိကြသေး။ တပ်မတော် အတွင်း၌ပင် ပြည်သူသို့ အာဏာ ပြန်လွှဲပေးမည်ဟု ယုံကြည်ဆဲ ရှိကြသည်။

စိတ်ဓာတ်စစ်ဆင်ရေး ပညာ (Psy-War) ၌ အလွန်တော်သူ ပြန်ကြားရေး ဒုဝန်ကြီး လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီး(ဟောင်း) သိန်းစိန် နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဆန်း တို့ကို တာဝန်ပေး၍ စိတ်ဓာတ် စစ်ဆင်ရေး အကြီးအကျယ် လုပ်ခဲ့ကြသည်။ တပ်မတော် အတွင်း၌ Psy-War နည်းပြအဆင့် သင်တန်းနှင့် တိုင်းအဆင့် တိုက်ပွဲဝင် စည်းရုံးရေး မွမ်းမံသင်တန်းများ ဖွင့်၍ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသလို ကကပြည်ဌာန ဖွဲ့စည်းပုံကို စိတ်ဓာတ်စစ်ဆင်ရေး စကားလုံး ဖြည့်စွက် တိုးချဲ့ ပြီး ရုပ်မြင်သံကြား ဇာတ်လမ်းများ၌ ဒီမိုကရေစီ ဆန့်ကျင်ရေး ဇာတ်လမ်းများ ရိုက်ကူးကာ ၀ါဒဖြန့်သည်။ သတင်းစာစောင်များ၌ နာမည်ဝှက်များဖြင့် ရေးသားဝါဒ ဖြန့်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အဖွဲ့အစည်းများကို ကာတွန်းရုပ်ပြောင်များဖြင့် သရော်လှောင်ပြောင် ထည့်ကြသည်။ အမေရိကန် သံရုံးရှေ့ တွင် ပြည်ပအားကိုး ပုဆိန်ရိုး ၊ ပြည်တွင်းရေးကို စွက်ဖက်တဲ့ ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ ဆိုတဲ့ ခြိမ်းခြောက်သယောင် စာသားများပါဝင်သော ဆိုင်းဘုတ်များ “ပေါ်တင်” ထောင်ကြသည်။ စစ်အာဏာရှင်တို့သည် ဒီမိုကရေစီ ဆိုသည်ကို ရုပ်ဆိုးအောင် ကြောက်လန့်ဖွယ် ဖြစ်အောင် တင်ပြ ၀ါဒဖြန့်ခဲ့ကြရာ အတော်ထိရောက်မှု ရှိခဲ့သည်။ ဗရုတ်သုက္ခ ဒီမိုကရေစီ၊ ဇောက်ထိုးမိုးမျှော် ဒီမိုကရေစီဟု အပုတ်ချ နာမည်တပ်ပစ်လိုက်ကြသည်။

ဒီမိုကရေစီ ရရင်ဘဲ ပြည်ထောင်စု ပြိုကွဲမယောင်၊ ဖယ်ဒရယ် ကိုင်ရင်ဘဲ ခွဲထွက် တိုင်းရင်းသားများ ရှိသလို ဖန်တီးပေးကြသည်။ နဂိုကမှ မဆလခေတ်၌ မွေး၍ မဆလ၀ါဒဖြန့်မှု အောက်၌သာ ကြီးပြင်းခဲ့ကြပြီး နိုင်ငံရေး အမြင်လုံးဝ ရှင်သန်ခွင့်မရှိသူများကို ဒီမိုကရေစီ အဓိပ္ပာယ်၊ အနှစ်သာရများအား စူးစမ်းလေ့လာခွင့်မရှိစေပဲ အဆိုးမြင် ဆန့်ကျင်ဘက် ရှုထောင့်မှ သွတ်သွင်းခဲ့ကြသည်။ “သူရဲဆိုတာ ဘာမှန်း မသိမမြင်ဖူးသော လူကြီးတစ်ဦးက ကလေးငယ်ကို သူရဲကြီးဆိုပြီး ခြောက်လှန့် ထားခြင်း” နှင့် တူပေတော့သည်။

ထိုအခါ တပ်မတော်သားများသည် စစ်အာဏာရှင်ကြီးများ အပင်း သွင်း ဆေးထိုးထားတဲ့ အပင်ကို စားကောင်း သောက်ဖွယ်ထင်၍ မစူးစမ်းတော့ပဲ သဒ္ဓါစိတ်သက်သက်ဖြင့် စားမိကြသည်။ ဒီမိုကရေစီကို ငါတို့အတွင်းကျကျ သိရန်မလို (သိဖို့လဲ မကြိုးစား)၊ ဒီမိုကရေစီ ဆိုတာ မကောင်းဆိုးပါး၊ တို့နိုင်ငံအတွက် လုံးဝ မသင့်တော်၊ နယ်ချဲ့များ၏ နယ်ချဲ့ ရန် စကားလုံး၊ ဒီမိုကရေစီ အော်သူ ဒို့ရန်သူ ဟုမှားယွင်းစွာ ထင်မြင်လာကြတော့ရာ ဒီမိုကရေစီ တောင်းဆိုသူ ပြည်သူလူထုနှင့် တပ်မတော်တို့ အမြင်မတူရာမှ ဆန့်ကျင်ဘက် ဖြစ်လာကြသည်။ ထို့အပြင် တပ်ဖွဲ့စိတ် နှင့် ပေါင်းမိသောအခါ တပ်မတော်သည် ဒီမိုကရေစီ ဆန့်ကျင်ရေး အင်အားစုများ ဖြစ်သွားတော့သည်။

http://photayokeking.myanmarbloggers.org/2009/01/blog-post_3894.html

တစ်ချိန်က ဖယ်ဒရယ်မူကို တပ်မတော်က မလိုလားသလို ယခု ဒီမိုကရေစီကို မလိုလားမှု ဖြစ်လာသည်။ သေသေချာချာ မေးလျှင်တော့ ခြေခြေမြစ်မြစ် မသိ။ ကြားပင် မကြားဖူးသော သူများပင် တွေ့ရဖူးသည်။ ထိုသို့ တပ်မတော်အတွင်း၌ စိတ်ဓာတ်အသွင်းခံရခြင်းသည် နို်င်ငံရေး၌ တပ်မတော်နှင့် ပြည်သူလူထု ထိပ်တိုက် ဖြစ်နေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပါသည်။

တပ်မတော်သားများကို မေးခွန်းထုတ်လိုသည်? ကိုယ် ကိုယ်တိုင် ကောင်းစွာ မသိ၊ မခံစားဖူးသော အရာ ကိစ္စတစ်ခုကို စစ်အာဏာရှင်များ ပြောတိုင်း မျက်စိစုံမှိတ်ကာ မစူးမစမ်း၊ မဆင်မခြင် မကောင်းမြင်ခြင်း၊ ဖင်ပိတ် ငြင်းဆိုနေခြင်းများသည် သင့်တော်မှု ရှိပါရဲ့ လား။ ပိန္နဲသီး (သို့) ဒူးရင်းသီး ဆိုတာ ဆူးတွေနဲ့ ကွ၊ အထဲမှာလဲ အဆိပ်ရှိမှာ သေချာတယ်။ မစားနဲ့ဆိုလျှင် ကိုယ်တိုင် မစူးစမ်း မလေ့လာပဲ၊ မသိပဲ ဟုတ်မှာပဲ၊ ဒါ မကောင်းတဲ့ အသီးကြီးကွ. မစားကြနဲ့လို့ ပြောနေကြမှာလား။ သေသေချာချာ စဉ်းစားကြည့် ကြစေချင် ပါသည်။

စစ်မှုရေးရာ ကိစ္စရပ်များတွင်တော့ စစ်သားဆိုသည်မှာ အမိန့်ကို မြေ၀ယ်မကျ နာခံရပေမည်။

ဘာသာတရားကိုင်းရှိုင်းတဲ့ ထိုင်းစစ်တပ်

ဘုန်းကြီးတွေက ထိုင်ကန်တော့နေရတဲ့ မြန်မာစစ်တပ်နဲ့ ရဲ

သို့သော် ယခု ဒီမိုကရေစီ တောင်းဆိုသည့်ကိစ္စသည် နိုင်ငံတော်ကို အန္တရာယ်ကျရောက်မည့် စစ်ရေးစစ်ရာ ကိစ္စလုံးဝ မဟုတ်။ ပြည်သူလူထုနှင့် သက်ဆိုင်သော ကျယ်ပြန့်အရေးကြီးသည့် နိုင်ငံရေးကိစ္စ၊ ပြည်သူ့အာဏာနှင့်သက်ဆိုင်သော ကိစ္စဖြစ်သည်။ နိုင်ငံတော်၏ အာဏာပိုင်ရှင် အစစ်သည် ပြည်သူလူထုသာဖြစ်သည်။ သူ့အာဏာသူ ပြန်တောင်းခြင်းသာဖြစ်သည်။ တပ်မတော်သားများနှင့်လည်း သက်ဆိုင်သည်။ တပ်မတော်သားများ၏ တပ်ပြင်ပ မိဘဆွေမျိုး သားချင်း သူငယ်ချင်းများနှင့်လည်းဆိုင်သည့် နိုင်ငံရေးကိစ္စဖြစ်၍ ဒီနေရာမှာတော့ ကိုယ်ပိုင်ဥာဏ်နှင့် စူးစမ်းလေ့လာကာ သတိထားဆင်ခြင်သင့်သည်။ နိုင်ငံရေးသည် ကြီးမားကျယ်ပြန့်ပြီး တိုင်းပြည်အတွက် အရေးကြီးလှသည်။ စစ်ရေးသည် နိုင်ငံရေးထဲမှ တစိတ်တဒေသသာ ဖြစ်သည်။ နိုင်ငံရေးသည် စစ်ရေးထဲမှ တစိတ်တဒေသ မဟုတ်ပေ။

ပြည်သူ့ဘက် ရပ်တည်တဲ့ ထိုင်းစစ်တပ်ကို ပြည်သူက ကြိုဆိုနေပုံ

မိမိတို့၏ ကျေးဇူးရှင်စစ်ဖြစ်သော မိဘပြည်သူများနှင့် သက်ဆိုင်နေ၍ မတရားသော အမိန့်၊ စစ်ရေးစစ်ရာ မဟုတ်သည့် အမိန့်မျိုးကိုမူ မိမိတို့ ကိုယ်ပိုင် အသိဥာဏ်၊ သတိဖြင့် ဆင်ခြင် သုံးသပ်သင့်သည်။
ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ အဖြစ်အပျက်မျိုးတွင် တပ်မတော်သားများ အနေနှင့် ၀ိနည်းလွတ် လုပ်သင့်လျှင် လုပ်ရမည်။ လက်နက်ငယ် နည်းပညာလို ပြောင်းရင်း အပြစ်၊ ကျည်အိမ် အံမကျ၊ ကျည်ကန့်လန့်ခံ၊ ကျည် “အ” စသဖြင့် ဆင်ခြေပေး ရှောင်လွှဲနိုင်သည်။ လက်နက်ကိုင် ရန်သူများ မဟုတ်ပါဘဲ ပြည်သူလူထုထဲ ပစ်ခတ်ခိုင်းသည့် အမိန့်၊ ရဟန်းသံဃာများကို ရိုက်နှက်ဆဲဆို ပစ်ခတ်ခိုင်းသည့် အမိန့်မျိုးကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် လိုသည်။ တစ်ဘ၀သာမက ဘ၀ သံသရာ အဆက်ဆက်နှင့် ဆိုင်သော ကိစ္စ ဖြစ်သည်။ “တပ်မတော်သမိုင်း၊ တပ်မတော် ဂုဏ်သိက္ခာအစဉ်အလာ” နှင့်ဆိုင်သော ကိစ္စလည်း ဖြစ်သည်။
ယခင် ဆိုဗီယက် တပ်မတော်၊ ထိုင်း တပ်မတော်တို့ကို နမူနာ ယူသင့်သည်။ သူတို့သည် အာဏာရှင်အတွက်၊ မတရားမှုအတွက် ပြည်သူလူထုဘက်သို့ သေနတ်ပြောင်း မလှည့်ခဲ့ကြပေ။ ဆိုဗီယက်တွင် စစ်တပ်က မနှိမ်နင်း၍ ဆိုဗီယက် ပြိုကွဲခြင်း မဟုတ်။ သူ့သမိုင်းနှင့် သူ ရှိသည်။ အာဏာရှင်စနစ် ကျဆုံးခြင်း၊ ကွန်မြူနစ် စနစ် ကျဆုံးခြင်းသာ ဖြစ်သည်။
ယခု အာဏာရှင် အတွက် ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်သော စစ်တပ်မှာ ကမ္ဘာပေါ်တွင် ထင်ထင်ရှားရှား တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသာ ရှိသည်။ ရှက်စရာ ကောင်းလှသည်။ မှန်ကန်သော အသိဥာဏ်ရှိလျှင် ထိုယုတ်မာရိုင်းစိုင်းသော လူသတ်မှု၊ ရာဇ၀တ်မှုမျိုးကို ကျူးလွန်ရဲမည် မဟုတ်။ အကယ်စင်စစ် လူသတ်မှုကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ခြင်း ဖြစ်၏၊ စစ်ရာဇ၀တ်ကောင်များ အဖြစ် ရောက်ရှိစေ၏။

စစ်တပ်ကို အသုံးချပြီး တိုင်းပြည် အာဏာ (ပြည်သူ့အာဏာ) ကို လုယူချုပ်ကိုင်ထားသော စစ်အာဏာရှင် (ယူနီဖောင်းဝတ်များ) တစ်စုသည် မည်သည့် ကိစ္စမဆို အကျိုးကိုသာ ပြောတတ်သည်။ အကြောင်းတရားကို ဘယ်တော့မှ မပြော။ အကြောင်းတရားကိုလည်း အသေအချာ စဉ်းစားဆင်ခြင်ခြင်းလည်း မရှိ။ မတတ်သာ၍ အကြောင်းတရားကို ပြောရလျှင်လည်း အာဏာရှင်တို့ကို မထိခိုက်အောင် မမှန်မကန်နှင့် အပေါ်ယံသာ လိမ်ညာ ပြောကြသည်။ ထိုစစ်အာဏာရှင်များကြောင့် မြန်မာ့နိုင်ငံရေး “တိုင်ပတ်” နေရခြင်း ဖြစ်၏။ အကြောင်းတရားကို မှန်ကန်စွာ လေ့လာဖြေရှင်းလိုက်လျှင် နိုင်ငံရေးမှာ လွယ်ကူစွာ ရှင်းလင်းသွားနိုင်သည်။ အရာရာ ဖြောင့်ဖြူးသွားနိုင်သည်။ နိုင်ငံတကာနှင့် ယှဉ်ကာ တိုးတက်ဖွံ့ဖြိုးသွားနိုင်မည်။

စစ်အာဏာရှင်များက စည်းစိမ်အာဏာ ယစ်မူးပြီး မိမိတို့သာ မြန်မာနိုင်ငံတွင် အတော်ဆုံး၊ အတတ်ဆုံးဟု ဘ၀င်မြင့်ကာ ဘယ်တော့မှ နိုင်ငံရေးကို ပြေလည်အောင် ဆောင်ရွက်ချင်ကြသည် မဟုတ်။ ဗိုလ်သန်းရွှေ ကြည့်ပါ။ သေသည်အထိ အာဏာရှင် လုပ်ချင်သည်။ “ငါသေမှ ငါ့နေရာရမည်” ဟုပင် မဆို၊ “ငါ သေရင်တောင် ငါ့နေရာ ငါယူသွားမည်” ဆိုသော လူစားပင်။ နိုင်ငံရေး ပြေလည်၍ ၄င်းတို့ အာဏာ လက်လွတ်ရမှာ စိုးရိမ်သည်။ ပြည်သူ့အာဏာ သက်ရောက်သော ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း (ကျင့်စဉ်) ကို အကြောက်ကြီး ကြောက်ကြသည်မှာ စစ်အာဏာရှင်၏ အတွင်းသရုပ်ပင် ဖြစ်သည်။

အာဏာရှင် ရှိလျှင် ပြည်သူလူထု၌ အာဏာမရှိ၊ ဒီမိုကရေစီ မရှိ”၊ “ပြည်သူလူထု၌ အာဏာရှိလျှင် ဒီမိုကရေစီ ရှိလျှင် အာဏာရှင် မရှိနိုင်”။ ထို့ကြောင့် ယူနီဖောင်းဝတ် အာဏာရှင် ဗိုလ်သန်းရွှေတို့ ဒီမိုကရေစီကို ရန်လုပ်နေခြင်း ဖြစ်သည်။ ဒီမိုကရေစီကို ကြောက်နေကြခြင်း ဖြစ်သည်။ စစ်တပ်ကို အသုံးချ အကာအကွယ်ယူပြီး အာဏာရှင် အသက်ဆက်ဖို့ အကွက်ဆင်ကာ နအဖ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အတင်းအဓမ္မ အတည်ပြုနေခြင်း ဖြစ်သည်။

http://photayokeking.myanmarbloggers.org/2009/01/blog-post_11.html

Written by Lwin Aung Soe

January 12, 2009 at 4:12 pm

ခေါင်းဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့် လိုက်မည်

leave a comment »

2009-ox-yeardesign

2009-ox-yeara

2009-ox-yearb

Download: 2009-ox-year

Written by Lwin Aung Soe

January 5, 2009 at 5:28 am

သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ

leave a comment »

ဟစ်တိုင် ဆောင်းပါး

သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ

ရဟန်းပျို ရဲရင့်ဇာနည်

လူမိုက် လူရမ်းကား သိုဟန်ဘွား

မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ်တွင် မြန်မာမင်းစစ်ရှုံး၍ ရှမ်းမင်း သိုဟန်ဘွားလက်သို့ အင်းဝ နေပြည်တော် ကျရောက်ခဲ့သည်။ ရှမ်းမင်း သိုဟန်ဘွားသည် ဗုဒ္ဓဘာသာဝင်မဟုတ်ချေ၊ သို့ဖြစ်၍ သိုဟန်ဘွားသည် ရဟန်းသံဃာတော်တို့အား ရန်သူသဖွယ် ထင်မှတ်ထားခဲ့သည်။ သူ့ထီးနန်း စည်းစိမ်ကို လုယူမည့်သူများ ဖြစ်သည်ဟုလည်း အမြဲတမ်းနှလုံးသွင်းထားခဲ့သည်။ သူသည် မင်းဆိုးမင်းညစ်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတ၀ှမ်းရှိ ကျောင်းကန်ဘုရားများမှ ကြေးးဆင်းတုတော်၊ ကြေးခေါင်းလောင်း၊ ကြေးစည်မှန်သမျှတို့ကို အတင်းသိမ်းပိုက်ကာ အမြောက်ကျည်ဆံကျိုရာတွင် အသုံးပြုခဲ့သည်။ သိုဟန်ဘွားလက်ထက်တွင် ဗုဒ္ဓသာသနာတော်သည် တိမ်ဖုံးသည့်လပမာ ညှိုးငယ်စွာ ရှိခဲ့တော့သည်။ သာသနာတွင်သာ မဟုတ်သေး။ မြန်မာပြည်သူတို့လည်း ယနေ့စစ်အစိုးရ လက်အောက်တွင် နေရသကဲ့သို့ ကြိမ်မီးအုံးပမာ တအုံနွေးနွေး ရှိနေခဲ့ကြရသည်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ရဟန်းသံဃာများကို ရန်သူအဖြစ် အမြဲတမ်းမြင်နသော သိုဟန်ဘွားသည် ရဟန်းတော်တို့အား အမြစ်ပြတ် ရှင်းလင်းပစ်ရန် ကြံစည်ခဲ့လေသည်၊ ကြံစည်ပုံမှာ အင်းဝနေပြည်တော် တောင်ဖက်အရပ်ရှိ တောင်ဖလူလယ်ပြင်တွင် တဲပြင်ကန္နား ကြီးမားစွာထိုးပြီးလျှင် ‘အင်းဝနေပြည်တော် တစ်ဝှန်းရှိ ရဟန်းသံဃာတော်အားလုံးတို့အား ဖူးမြှော်ကန်တော့ပြီး ဆွမ်းဆက်ကပ်လှူဒါန်းလိုပါသဖြင့် ကြွရောက်ကြပါရန်’ဟု လျှောက်ထားစေပြီး တောင်ဖလူ လယ်ပြင်ရှိ မဏ္ဏပ်၊ ကန္နား ထိုးထားရာသို့ ပင့်ခေါ်စေခဲ့ပါသည်၊

သံဃာတော်များ မကြွလာမီ ကြီးမားသော ဆင်တပ်၊ မြင်းတပ်၊ ခြေလျှင်တပ်တို့ကိုလည်း မဏ္ဏပ်ကိုဝိုင်းရံထားစေသည်၊ သံဃာတော်များ ကြွချီလာကြသောအခါ အချို့သံဃာတော်များက ဆွမ်းကျွေးပင့်တယ်ဆိုပြီး ဘာပြုလို့ စစ်တပ်ကြီးနဲ့ ၀ိုင်းထားရတာလဲ ဟု အမေးတော်ရှိခဲ့ကြသည်၊ အဖြေက “စစ်အင်္ဂါလေးပါးဖြင့် ခင်းကျင်းပြီး ဂုဏ်ပြု ကြည်ညိုချင်လို့ပါ ဘုရား”ဟု အမတ်များက လျှောက်ထားကြသဖြင့် သံဃာတော်များမှာ သံသယကင်းစွာဖြင့် ဆက်ကပ်သောဆွမ်းကို ဘုဉ်းပေးတော်မှုကြလေသည်။

သံဃာတော်များကို သတ်ဖြတ်ကြပြီ

သံဃာတော်များ ဆွမ်းဘုဉ်းပေးနေစဉ် သိုဟန်ဘွားသည် မူလကြိုတင်စီစဉ်ထားခဲ့သည့်အတိုင်း သူ့စစ်တပ်ကို သံဃာတော်များအား ၀ိုင်းဝန်းသတ်ဖြတ်ရန် အမိန့်ပေးလိုက်လေသည်၊ အချက်ပေး အမိန့်သံရသည်နှင့်တပြိုင်နက် ဆင်တပ် မြင်းတပ် ခြေလျှင်တပ်တို့ဖြင့် သံဃာတော်များအား အတင်းဝင်ရောက် ထိုးခုတ်သတ်ဖြစ်ကြလေတော့သည်၊ ဆွမ်းကျွေးပွဲမှသည် လူသတ်ပွဲ မြေပြင်မှသည် သွေးပင်လယ်သို့ တမုဟုတ်ခြင်း ပြောင်းလဲသွားလေတော့သည်၊ ဆရာတော် သံဃာတော်တို့ ညည်းညူအော်ဟစ်သံများ၊ ဒါးခုတ်သံ၊ လှံဖြင့်ထိုးသံ၊ သိုဟန်ဘွားနှင့် စစ်သားများ၏ အော်ဟစ်ကြိမ်းမောင်း ညာသံပေးသံတို့က ကွင်းပြင်တခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်၊ စုစုပေါင်း ပင့်သံဃာ (၇၀၀) ကျော်အနက် အနည်းငယ်မျှသာ လွတ်မြောက်ခဲ့ကြ လေတော့၏။

စာတတ်အကျော် ဆရာတော်များ ပါသွားခဲ့ရ

အသတ်ခံလိုက်ရသော ဆရာတော် သံဃာတော်များထဲတွင် နာမည်ကျော် “မဏိသာရမဉ္ဇူသာ” ခေါ်သည့် ဋီကာကျော်အဖွင့် ကျမ်းကြီးကို ပြုစုရေးသား တော်မူခဲ့သော ‘အရှင်အရိယ၀ံသ’ နှင့် အခြားသော မြန်မာ့ခေတ်ဆန်းစာပေကို မိတ်ဆက်ပေးခဲ့ကြသော စာတတ်အကျော် ရဟန်းဆရာတော်များ ပါဝင်သွားခဲ့ကြပါသည်၊ အော် … ရဟန်းကို အဟိတ် တိရိစ္ဆာန်တွေက သတ်လိုက်ကြလေပြီတကား၊ သံဃာတော်များ အသတ်အဖြတ်ခံရသော သတင်းကြားကြရသော အင်းဝနေပြည်တော် တခုလုံးမှ ပြည်သူများသည် မျက်ရည်စိုရွှဲ ငိုပွဲဆင်ကြရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပေ၊ သိုဟန်ဘွား၏ အုပ်ချုပ်မှုအောက်တွင် ရှမ်းနှင့်မြန်မာ အမှုထမ်းများမှာ တဖက်သတ် အဖိအနှိပ် ခံနေခဲ့ကြရပြီး ယခုခေတ် န.အ.ဖက ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့ကို အသုံးချကာ စစ်တပ်အား မထောက်ခံသောသူများအား နှိပ်စက်ညှင်းပမ်းနေပုံနှင့် အတူတူပင် ဖြစ်ခဲ့လေလျော့သလား၊ ထိုဘာသာရေး ခေါင်းပါးရာအရပ်မှာ မြန်မာအများစုတို့မှာ အင်းဝနေပြည်တော်မှထွက်ခွာကြကာ အောက်မြန်မာပြည် မြန်မာမင်းရှိရာသို့ ၀င်ရောက် ခိုလှုံခဲ့ကြရလေသည်။

ထိုကဲ့သို့ ပြည်သူ၊ပြည်သားတို့အဖို့ ခိုကိုးရာမဲ့ကာ ဘ၀တခုလုံး ကြိမ်မီးအုံးသကဲ့သို့ ဖြစ်နေရသည်ကို မကြည့်ရက် မရှုရက်နိုင်သူကား သိုဟန်ဘွား၏ လက်အောက်တွင် အမှုတော်ထမ်းနေသည့် ရိုးသားဖြောင့်မတ် တည်ကြည်ပြီး စိတ်နှလုံးသား ကောင်းမွန်မြင့်မြတ်သော မင်းကြီးရန်နောင် ဆိုသူပင် ဖြစ်ပါ၏၊ မင်းကြီးရန်နောင်သည် မြန်မာတို့ဘက်မှ အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက် မြန်မာမှူးမတ်များ၏ မကျေနပ်ချက်တို့ကိုလည်း သိထားသူဖြစ်ပါ၍ ထိုအခါအခွင့်ကိုသာ ငံ့လင့်နေသူပင် ဖြစ်တန်ရာတည်း။

တောင်ဖလူလယ်ပြင်နှင့် ယိမ်းနွဲ့ပါး ‘ဓား’

အင်းဝနန်းတော် မကျဆုံးမီက မြန်မာဘုရင်အဆက်ဆက်တို့ အသုံးပြုခဲ့သော ‘ယိမ်းနွဲ့ပါး’ အမည်ရှိ ဒါးတစ်ချောင်းရှိခဲ့သည်၊ ထိုဒါးကို မင်းကြီးရန်နောင်က သိမ်းဆည်းထားသည်၊ နန်းစဉ်သုံးဒါး ဖြစ်သဖြင့် အထူးဝိသေသ ဂုဏ်ပုဒ်များနှင့်ပြည့်စုံသော ဒါးလည်းဖြစ်သည်၊ ဘယ်လိုပြည့်စုံသလဲဆိုလျှင် မြင်းစီးနေသောသူကို ထိုဒါးဖြင့် စလွယ်သိုင်း ခုတ်ပိုင်းလိုက်က မြင်းပေါ်က လူရော၊ မြင်းပါ ပြတ်ကျသည့်ဒါးဖြစ်သည် ဆိုသည့် ကောင်းခြင်းအင်္ဂါ ပြည့်စုံသောဒါး ဖြစ်သည်၊ တနေ့တွင် သိုဟန်ဘွားမင်းသည် ယာယီ ဓာတ်ကိန်းခန်းကျသည်ဟုဆိုပြီး တောင်ဖလူလယ်ပြင်တွင် ယာယီတဲနန်းဆောက် စံနေသည်။

ထိုအချိန်တွင် ရှမ်းရောမြန်မာမှူးမတ်များပါ လိုက်ပါခစားကြမည်ဖြစ်ရာ မင်းကြီးရန်နောင်၏ လျှောက်ထားတင်ပြချက်အရ မည်သူမျှလက်နက် ကိုင်ဆောင်ခွင့် ပြုထားခြင်း မရှိချေ၊ လက်ချည်းသာ ၀င်ရောက် ခစားကြရခြင်းဖြစ်သည်၊ ထိုသို့ခစားကြရာတွင် မြန်မာမူးမတ်တို့၏ အကြီးအကဲ မင်းကြီးရန်နောင်က တောင်ဖလူလယ်ပြင် ယာယီတဲနန်း သဲပြင်များအောက်တွင် နေရာများကို မှတ်သားထားပြီး ငှက်ကြီးတောင် ဒါးရှည်များ၊ လှံများ မြှုပ်ထားကြရန် လျှို့ဝှက် ညွှန်ကြားထားပြီး နောက်တနေ့ ညီလာခံဝင်ချိန်တွင် အချက်ပေးလိုက်သည်နှင့် တပြိုင်နက် အနီးဆုံးရန်သူကို အမြစ်ပြတ် သုတ်သင်ဖို့ အမိန့်ပေးထားလိုက်ပြီ ဖြစ်လေသည်။

သိုဟန်ဘွားကို သုတ်သင်ပြီ

နောက်တနေ့ ညီလာခံဝင်ချိန်တွင် ရှမ်းနှင့်မြန်မာမှူးမတ်များ ကိုယ့်နေရာကိုယ် အသီးသီး နေရာယူ ထိုင်လိုက်ကြပြီးနောက် မင်းကြီးရန်နောင်၏ အချက်ပေးသံကို ရင်ခုန်သံ တဒိန်းဒိန်းဖြင့် စောင့်စားနေခဲ့ကြသည်၊ ထိုအချိန်သည် အိပ်မပျော်သောသူတို့ ညတာလို ရှည်လွန်းလှပေစွ၊ မိမိတို့အကြံအစည် တချက်လွဲမှားသွားပါလျှင် သိုဟန်ဘွားလို မင်းဆိုးမင်းညစ်၏လက်တွင် အားလုံး မရှုမလှ အသက်ပျောက်ကြရမှာ မဟုတ်ပါလား။

ညီလာခံ စပြီးနောက် မင်းကြီးရန်နောင်က သိုဟန်ဘွား စံနေသည့် ယာယီပလ္လင်နားသို့ သွားမတ်တပ်ရပ်ကာ ပလ္လင်ရှေ့တွင်ရှိသော ရှေးနန်းစဉ်သုံး ဓားများ၏ရာဇ၀င်ကို ပြောပြလျက်ရှိပြီး အာရုံဝင်စားအောင် ဖန်တီးကာ သိုဟန်ဘွားမင်း စိတ်ဝင်စားမှန်း သိလာသောအခါ၊ ထိုနန်းစဉ်သုံးဓားများထဲမှ “ယိမ်းနွဲ့ပါးဓား”ကို ကောက်ကိုင်ကာ “ကိုယ်တော်ဘုရား ဒီဓားဟာ ရှေးမြန်မာဘုရင်များ အစဉ်အဆက် အသုံးပြုခဲ့တဲ့ဒါး ဖြစ်ပါတယ်၊ သူ့အမည်က ယိမ်းနွဲ့ပါး လို့ခေါ်ပါတယ်၊ ဒီဓားဟာ ဘယ်လောက်များ ထက်သလဲဆိုရင် မြင်းပေါ်ကလူကို ခုတ်ချရင် လူကော မြင်းကော ပြတ်ကျအောင် ပိုင်းဖြတ်နိုင်တဲ့ ထက်မြက်တဲ့ဓား ဖြစ်ပါတယ်ဘုရား” ဟု ပြောပြောဆိုဆို ဓားကို လက်နှစ်ဘက်နှင့် မိမိရရ ကိုင်ကာ ညာသန်ဖြစ်သည့် မင်းကြီးရန်နောင်က သိုဟန်ဘွား၏ ဘယ်ဘက်လည်တိုင်မှ ပိုင်းဖြတ်ချလိုက်ရာ လူကော သလွန်ပါ တိကနဲ ပြတ်ကျသွားလေတော့သည်။

မင်းကြီးရန်နောင်က စခုတ်လိုက်သည်နှင့်တပြိုင်နက် ကျန်သော မူးမတ်များကလည်း ယမန်နေ့ကတည်းက မိမိတို့ထိုင်နေရာအောက်တွင် အသီးသီးဝှက် မြုပ်ထားခဲ့ကြသော ဓားများကို ထုတ်ကာ အနီးဆုံးရန်သူ သိုဟန်ဘွားဘက်တော်သားများအား အမြစ်ပြတ် ချေမှုန်းလိုက်ကြရာ မင်းဆိုးမင်းညစ် သာသနာတော်ကို စော်ကားသူ၊ ရဟန်းသံဃာ ရာပေါင်းများစွာကို သတ်ဖြတ်သူ သိုဟန်ဘွား၏ ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးသည် နိဂုံးချုပ်ခဲ့ရလေသည်။

ပြည်မြို့စား မင်းကြီးရန်နောင်

မင်းကြီးရန်နောင်သည် မင်းဆိုးမင်းညစ်တစ်ပါးက ပြည်သူပြည်သားများအား မတရားနှိပ်စက် နေသည်ကို ဒါဏ်မခံနိုင်သဖြင့်သာ မြန်မာမူးမတ်များ၏ တောင်းဆိုချက်အရ ထ၍ တော်လှန်ရခြင်း ဖြစ်သော်လည်း အာဏာကို လုံးဝမက်မောသူမဟုတ်ပါချေ၊ ထို့ကြောင့် မူးမတ်တို့လက်သို့ အာဏာကို အပ်ကာ သင့်တော်သောသူအား ထီးနန်းလွှဲအပ်ဖို့ မှာကြားပြီး တောထွက်၍ အသက်ထက်ဆုံး ရဟန်းပြုသွားလေတော့သည်၊ သြော်…………ရှာမှရှားတဲ့ မြင့်မြတ်သော မင်းကြီးရန်နောင် ပါတကား။

သိုဟန်ဘွား အသစ်များ မွေးဖွားမည် မထင်ခဲ့

မိမိတို့ ငယ်စဉ်တောင်ကျေး ဘ၀တည်းက သင်ယူခဲ့ရသော သိုဟန်ဘွား၏ အကြောင်းသည် နောင်မြန်မာ့သမိုင်းတွင် ဘယ်သောအခါမှ ပေါ်ပေါက်တော့မည်မဟုတ်ဟု အစွဲအမြဲ ယုံကြည် မှတ်ယူခဲ့မှာ ယခုအခါ မှားလေစွ။

အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်ဖြစ်လာပြီး ကိုယ့်အမျိုးသားများ ကိုယ်တိုင်အုပ်ချုပ်နေသောကြောင့်ပင် စိုးစဉ်းမျှပင် မထင်ထား မမှတ်ယူခဲ့သည့် အတွေးအမြင် တက်တက်စဉ်အောင်ပင် လွဲခဲ့ရသည်။ မြန်မာပြည်သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ခဲ့သည်မှာ မှန်သော်လည်း ၁၉၆၂ နှစ် မတ်လ (၂) ရက်နေ့မှစ၍ စစ်တပ်၏ ကျေးကျွန်ဘ၀သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ရပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲမွဲတေကာ ပါးစပ်ပိတ်၊ မျက်စိပိတ်၊ နားပိတ်ခံထားခဲ့ရသည်မှာလည်း ယနေ့ထိအောင်ပင် ဖြစ်ပါတော့သည်၊ မြန်မာနိုင်ငံတွင် စစ်တပ်လူတန်းစားပေါ်ပေါက်လာပြီး ပြည်သူလူထုမှာ စစ်တပ်၏ အဖိနှိပ်ခံ၊ အနင်းခံ နင်းပြားဘ၀သို့ ရောက်ရှိသွားရသည်။

ယခုလောလောဆယ်ဖြစ်ပေါ်နေသော သံဃာတော်များ၏ ပရိတ်ရွတ် မေတ္တာပို့ လမ်းလျှောက်နေခြင်းများအပေါ် မောင်းပြန်စက်သေနတ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ညအချိန်မတော် လုံးဝ ကြိုတင်အသိပေးခြင်း မရှိဘဲ ရှေ့တန်းရန်သူ့စစ်စခန်းကို ၀င်စီးနင်းသည့်နှယ် လေးဘက်လေးတန်မှ ၀ိုင်း၍ညာသံပေးကာ ၀င်လာကြပြီး တွေ့သမျှဆရာတော် သံဃာတော်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ တိုင်းပြည်တွင် တစ်ခါမှ မကြားဘူးသော နအဖ၏ လက်ကိုင်ဒုတ် ကြံ့ဖွတ်နှင့် စွမ်းအားရှင်တို့က ရဲတင်းများနှင့် သံဃာတော်များအား ၀င်ရောက်၍ ထိုးခုတ်သတ်ဖြတ်ခြင်းများကို တောင်ဥက္ကလာပ ငွေကြာယံ ပရိယတ္တိစာသင်တိုက်ကို ၀င်စီးခဲ့ရာတွင် ထင်ထင်ရှားရှား ပြုလုပ်သွားခဲ့ကြသည်။

အင်တာနက်ပေါ်တွင်တွေ့ရသော သတင်းမှတ်တမ်းဓါတ်ပုံများအရ မိမိတို့ သိရခြင်း ဖြစ်သည်၊ ဆန္ဒပြနေသူများကိုလည်း သွေးအေးအေးဖြင့် နောက်ကျောဘက်မှနေ၍ အနီးကပ်ကာ ပစ်သတ်သွားပုံများမှာလည်း ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်၊ မိမိတို့ကိုးကွယ်နေသော မြတ်စွာဘုရား တရားတော်များကို မပျောက်မပျက်ရအောင် ထိမ်းသိမ်းနေကြသော သံဃာတော်များအား ထိုကဲ့သို့ မယုံကြည်နိုင်လောက်စရာကောင်းအောင် ရက်ရက်စက်စက် သတ်ဖြတ်သွားကြပုံကို မြင်ရကြားရသောအခါ ခေတ်ဟောင်းက သိုဟန်ဘွားထက် ဆိုးသော ခေတ်သစ် သိုဟန်ဘွား ယခုတော့ ငွားငွားငွင့်ငွင့်ကြီးကို ဘီလူးသရဲသဘက်ကြီးပမာ ပေါ်ပေါက်နေပါရော့လားဟု အောက်မေ့မိပါတော့သည်။

ဗုဒ္ဓဘာသာနိုင်ငံတဲ့လား

ယခုလိုသံဃာတော်များအား ရက်ရက်စက်စက် လက်ရဲဇက်ရဲ သတ်ဖြစ်ရဲသော ဗိုလ်သန်းရွှေ အမှူးပြုသော စစ်ဗိုလ်များက မြန်မာပြည်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံဟု ကြွေးကြော်ကြပြီး နိုင်ငံတကာကို ဂုဏ်ယူဝင့်ကြွားစွာ ကြေညာခဲ့ကြသည်၊ သာသနာပြု တက္ကသိုလ်ကြီးများလည်း ထူထောင်ခဲ့ကြသေးသည်၊ ပြီးတော့ သာသနာပြု သံဃာတော်များကိုလည်း လွှတ်နေသည်၊ ထိုကဲ့သို့ လူနှင့်မတူ ဘီလူးနှင့်တူသောသူများက လွှတ်သော သာသနာသည်လည်း ဘယ်နိုင်ငံကမျှ အထင်ကြီးလိမ့်မည်၊ လက်ခံကြလိမ့်မည် မဟုတ်ချေ၊ အထူးသဖြင့် ယခုဆယ်စုနှစ် အတွင်းတွင်မှ အနောက်နိုင်ငံများတွင် ခေတ်စားစပြုလာပြီး ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင်လေ့လာကာ မြန်မာလူမျိုးနှင့် နိုင်ငံကိုလည်း အထင်ကြီး လေးစားလာကြသော အနောက်တိုင်းသားများသည် မယုံကြည်နိုင်လောက်အောင်ပင် အံ့သြသွားကြလေတော့သည်။

ကမ္ဘာက မေးခွန်းများ ထုတ်လာကြပြီ

အရှင်ဘုရားတို့ရဲ့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံ၊ ပြီးတော့ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ရဟန်းပုဂ္ဂိုလ်တွေ ထွန်းကားတဲ့နိုင်ငံ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာမူရင်းကို ယခုထက်ထိ ထိမ်းသိမ်းစောင့်ရှောက်ထားတဲ့နိုင်ငံ ဖြစ်ပါလျက်နဲ့ စစ်တပ်က ဘာဖြစ်လို့ သံဃာတော်တွေကို ယခုလို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ရတာပါလဲ ဟု မေးမြန်းလာကြသည်။

လူလိမ်ဆိုသည်မှာ မိမိဇာတိရုပ်ကို ဘယ်သောအခါမျှ တာရှည်လိမ်၍မရချေ၊ ကြာတော့ အလိမ်ပေါ်လာသည်သာ ဖြစ်စမြဲမို့ ဗိုလ်သန်းရွှေတို့၏ မင်းသားခေါင်း ဆောင်းထားသော မျက်နှာများသည် အထင်းသား အရှင်းသား ဘွားကနဲ ပေါ်လာခဲ့ပြီ ဖြစ်ပေသည်၊ ဘာကြောင့် ဒီလို မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ သံဃာတော်များ မေတ္တာသုတ်နှင့် မောရသုတ်များ ရွတ်ကာ မြန်မာပြည် ငြိမ်းချမ်းသာယာရေးနှင့် ပြည်သူတို့ အခွင့်အရေးများ ရရှိရန်အတွက် တောင်းဆိုလာသည်ကို စားပွဲဝိုင်းတွင်ထိုင်၍ ဆွေးနွေးရမည့်အစား မောင်းပြန်စက်သေနတ်များဖြင့် တုန့်ပြန်ခဲ့ရပါသလဲလို့ ယဉ်ကျေးသည့် ကမ္ဘာသူ၊ ကမ္ဘာသားများက မိမိတို့ အားမေးမြန်းလာကြပြီ်။

အာဏာရူးတွေမို့

ယနေ့တိုင်းပြည်ကို အုပ်ချုပ်နေသော ဗိုလ်သန်းရွှေခေါင်းဆောင်သည့် သူခိုး ဒါးပြ အုပ်စုသည် မိမိတို့ တသက်တာတွင် ဘယ်တုန်းကမျှ မခံစားခဲ့ရသော စည်းစိမ်ချမ်းသာများကို ခံစားနေရသဖြင့် ရရှိထားသော အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားခြင်းဖြစ်ပြီး တိုင်းပြည်အတွက် နှမ်းတစေ့မျှ လုပ်ပေးလိုသော ဆန္ဒလုံးဝမရှိသည်မှာ အထင်အရှား ဖြစ်တော့သည်၊ အများပြည်သူတို့က ငတ်ပြတ်မွဲတေနေပြီး နိုင်ငံတကာသို့သွား၍ ကျွန်ခံနေရချိန်၊ အမျိုးသမီးများ အများစုက ပြည့်တန်ဆာအဖြစ် အိမ်နီးချင်းနိုင်ငံများတွင် ရောင်းစားခံနေရချိန်မှာ ဗိုလ်သန်းရွှေအမှူးပြုသော စစ်ဗိုလ်အုပ်စုက စိတ်ကူးယဉ် နေပြည်တော် ဆိုသည်ကို တောကြီးမျက်မဲထဲတွင် သွား၍တည်ဆောက်ခြင်း၊ မိမိတို့ကိုယ်ပိုင် ဇိမ်ခံအိမ်ကြီးများကို ဆောက်လုပ်နေထိုင်ခြင်း၊ ကိုယ်ပိုင်ဂေါက်ကွင်းကြီးများကို တည်ဆောက်ထားကြခြင်းတို့ဖြင့် ကမ္ဘာပေါ်မှာ မည်သည့် အစိုးရကမှ မလုပ်ခဲ့ကြသော၊ မလုပ်ရဲခဲ့ကြသော ကိုယ်ပိုင်မြို့တည်နေထိုင်သော အလုပ်မျိုးများကို လုပ်နေကြပြီး ပြည်သူလူထုကိုတော့ ဆင်းရဲတွင်း နက်သထက်နက်စေကာ စစ်တပ်၏ကျေးကျွန်အဖြစ် သွတ်သွင်း၍ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဇာတ်ခင်းနေကြသည်မှာ အာဏာကို မက်မောပြီး အာဏာရူးတွေ ဖြစ်နေလို့ပင်မဟုတ်ပါလား ဟုဖြေကြားနေရပါတော့သည်။

ပြည်သူများအား အငတ်ထားကာ သူတို့ကိုယ်တိုင်က မြန်မာရှင်ဘုရင်များပင် မခံစားခဲ့ဘူးသော အခိုက်တန့် စည်းစိမ်ချမ်းသာများကို ခံစားနေကြသဖြင့် အာဏာ လက်လွှတ်ဖို့ ဆိုတာကို အိပ်မက်မျှတောင် မက်ကြမည် မဟုတ်ချေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသော အတွေးအခေါ်ဖြင့် စစ်တပ်လူတန်းစားတစ်ရပ် ပေါ်ထွန်းလာလျက် ရှိနေရာ မြန်မာပြည်သူ ပြည်သားတို့အဖို့ နီးရာဓားဆွဲ၍ ထတော်လှန်ဖို့မှအပ အခြား ရွေးစရာလမ်းမရှိတော့ပေ။

ယခုဖြစ်ပွားပြီး ဖြစ်ပွားဆဲဖြစ်သော သံဃာများကို ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းခြင်းမျိုးသည် သမိုင်းတွင် မကြုံဘူးသောဖြစ်ရပ် ဖြစ်ရာ၊  မြန်မာပြည်သူများ အနေနှင့်သော်၎င်း၊ ကမ္ဘာ့ပြည်သူများ အနေဖြင့်သော်၎င်း ဘယ်သောအခါမှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်ပဲ ‘ကမ္ဘာကျေသော်လည်း ဥဒါန်းကား ဘယ်သောအခါမှ ကျေလိမ့်မည် မဟုတ်ပါပေ’။

ယနေ့တိုင်းပြည်ကို အုပ်ချုပ်နေသည့် ဗိုလ်သန်းရွှေသည် သိုဟန်ဘွားနှင့် ရက်စက်ပုံ ရက်စက်ချင်း သတ်ဖြတ်ပုံ သတ်ဖြစ်ချင်း တထေရာတည်း ဖြစ်ပါတော့သည်၊ သံဃာကို စော်ကားရဲသည် ဆိုသည်မှာ တော်တော်တန်တန် မိစ္ဆာဒိဌိ အယူရှိယုံနှင့် မပြုလုပ်ရဲချေ၊ ဗိုလ်သန်းရွှေ အနေနှင့် အလွန်တရာ နက်ရှိင်းသော မိစ္ဆာဒိဌိ အယူရှိနေ၍သာ သံဃာတော်များကို ရက်ရက်စက်စက် သတ်ဖြတ်ရဲခြင်းဖြစ်သည်၊ အကုသိုလ်ဆိုတာ အကျိုးမပေးသေးခင်တော့ လူမိုက်များအဖို့ ပျားရည်လို ချိုမြ နေပေလိမ့်မည်၊ အကျိုးပေးချိန် တန်ပြီ ဆိုရင်တော့ ပျားရည်ဘ၀မှ သံပူရည်ဘ၀သို့ ရုတ်ချည်း ပြောင်းသွားမည် ဖြစ်ပေသည်၊

အာဏာတည်း ဟူသော အကြောင်းတစ်ခုတည်းကြောင့် လူပေါင်းများစွာကို ထောင်သွင်း အကျဉ်းချထားခြင်း၊ ပြည်သူတို့ရဲ့ နား၊ မျက်စိ၊ ပါးစပ်များကိုပိတ်ထားကာ မိမိတို့ စိတ်ကြိုက်ထင်သလို မြန်မာပြည်သူလူထုအပေါ် နှိပ်စက်ကလူပြုနေခြင်းမှာလည်း ရာစုနှစ် တစ်ဝက်မျှ ရှိလာပြီဖြစ်၏။

ပြည်သူ့အားနဲ့ သပိတ်မှောက်ကြ

မြန်မာပြည်သူတို့အနေဖြင့် လုပ်ကိုင်နိုင်သော အခွင့်အရေး တခုရှိနေပါသည်၊ ထိုအခွင့်အရေးမှာ စစ်အစိုးရနှင့် ၄င်းတို့၏ လက်ဝေခံ ကြံ့ဖွတ်၊ စွမ်းအားရှင်များ ပိုင်ဆိုင်သော ကုန်ပစ္စည်းများ၊ လေယာဉ်ပျံ၊ ကား၊ ရထားစသည်များကို မ၀ယ်ယူ မသုံးစွဲခြင်းဖြင့် သပိတ်မှောက်နိုင်ပါသည်၊ မနှစ်မြို့ကြောင်းကို ပြနိုင်ပါသည်။

မြန်မာပြည်သူလူထုအနေဖြင့် ယနေ့ ပြတ်ပြတ်သားသား ရွေးချယ်ရမည့် လမ်းနှစ်သွယ်သို့ ရောက်ရှိနေပေသည်ီ၊ အဲဒါကတော့ “စစ်အစိုးရရဲ့ အဖိနှိပ်ခံ အဆင်းရဲခံ ကျွန်ဘ၀နှင့် နေကြမလား၊ ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် အသေခံ တိုက်ပွဲဝင်ကြမလား” ဆိုတဲ့ လမ်းနှစ်သွယ်ကို ရွေးကြရတော့မှာ ဖြစ်ပါသည်၊ တစ်ဘ၀မှာ တစ်ခါပဲသေကြရတာမို့ သေမှာကို မကြောက်ကြပဲ ဆက်လက်တိုက် ပွဲဝင်သွားကြဖို့ နှိုးဆော်ရသည်။

ဒုတိယမ္ပိ ရဟန်းသံဃာများ သွေးမြေကျခြင်း

မြန်မာသက္ကရာဇ် ၁၃၀၀ (၁၉၃၆) ပြည့်နှစ်တွင် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ရဟန်းပျိုများ ခေါင်းဆောင်ကာ တော်လှန်ရေးကြီးတခု ဆင်နွဲခဲ့ကြပါသည်၊ နောင်တွင် ထိုသံဃာတော်များသည် မန္တလေးတွင် စုရုံကြပြီး မန္တလေးမြို့ တောင်ပြင် ထီးလင်းတိုက် မဟာအုဌ်ကျောင်း လေးပြင်လေးရပ်လုံးဆိုင်ရာ သံဃာတော်များ ဦးစီး၍ “( All Burma Yahanpyo League ) မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်ကြီး” ကို အမျိုး၊ ဘာသာ၊ သာသနာ ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြည်အကျိုး ပြည်သူလူထု အကျိုးအတွက် ဖွဲ့စည်းခဲ့ကြလေသည်၊ ထိုစဉ်က ခေါင်းဆောင်ခဲ့ကြသော သံဃာတော်များမှာ အသက်အရွယ်အားဖြင့် ၂၀ ကျော်သာသာ သုံးဆယ်တွင်းမှာသာ ဖြစ်ခဲ့ကြလေသည်။

၁၉၃၆ (၁၃၀၀) ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါ မန္တလေးမြိှု့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ချုပ်မှ ကြီးမှူးကာ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် အင်္ဂလိပ်လက်ချက်ဖြင့် ကျဆုံးခဲ့ရခြင်းအတွက် မန္တလေးမြို့တွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြရာ ရဟန်းပျိုအဖွဲ့ချုပ်မှ သံဃာတော် (၇) ပါးနှင့် ကျောင်းသား၊ မိဘပြည်သူ (၁၀) ဦး စုစုပေါင်း အာဇာနည် (၁၇) ဦးတို့ကျဆုံးခဲ့ရပေသည်၊ သွေးမြေကျသော နေရာမှာ မန္တလေးမြို့ အနောက်တောင် ကျူံးဒေါင့် လမ်း(၈၀)နှင့် (၂၆) ဘီလမ်းတို့ဆုံရာ ထောင့်နေရာတွင် ဖြစ်သည်၊ ဆန္ဒပြသူများမှာ သံဃာတော်များက ဦးဆောင်၍ ဈေးချိုတော် အနောက်ဘက်ရှိ မဟာဝေယံ ဘုံသာတိုက်ကျောင်းမှ ချီတက်လာကြခြင်း ဖြစ်သည်၊ ထိုသို့သံဃာတော်များ သွေးမြေကျခဲ့ရခြင်းသည် မြန်မာနိုင်ငံသမိုင်းတွင် ဒုတိယအကြိမ် ဖြစ်သည်။

ထိုစဉ်က တိုင်းတစ်ပါးသားတို့ အုပ်ချုပ်နေချိန် ဖြစ်သဖြင့် ကိုယ့်လူမျိုး မဟုတ်သည့် အတိုင်း ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကို ဘယ်လိုမှ ပြောဆိုဘွယ်ရာ မရှိသော်လည်း ယခု ဖြစ်ပေါ်နေသော၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းမှာ ကိုယ့်လူမျိုး စင်စစ်များက တိုင်းတပါးသား နယ်ချဲ့များထက် ရက်စက်စွာ သတ်ဖြတ်ရဲကြသည်မှာ မယုံကြည်နိုင်လောက်စရာပင် ဖြစ်ပါတော့သည်။

စစ်ဘီလူးများကြောင့် တတိယမ္ပိ သွေးမြေခရခြင်း

စက်တင်ဘာလ (၂၆) ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်တွင် ဖြစ်ပွားခဲ့သော သံဃာတော်များနှင့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်မှုများအား နအဖ လက်ကိုင်ဒုတ် စစ်တပ်များမှ မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ဖြိုခွင်းသတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို ကမ္ဘာ့မီဒီယာများတွင် မြင်ရသောအခါ မိမိ၏ မျက်စိနှင့်နားကိုပင် မယုံနိုင်အောင် ဖြစ်ခဲ့ရပြီး ထိုနေ့က အစာပင်စားလို့ မရတော့ချေ၊ တစ်ကိုယ်လုံး အသားများတဆတ်ဆတ် တုန်လာသည်အထိ ဖြစ်ခဲ့ရသည်၊ ဗုဒ္ဒဘာသာကို ယုံကြည်ကိုးကွယ်သောနိုင်ငံမှာ ဒီလောက်တောင်မှ ရိုင်းစိုင်းရက်စက်လေကြသလားဟုလဲ ရင်ထုမနာ ဖြစ်ခဲ့ရသည်။

ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ရန် အမိန့်ပေးစေခိုင်းခဲ့ကြသော သူများသည် သူရဲဘော အလွန်ကြောင်သောသူများ ဖြစ်ကြသည်ကို သတင်းများတွင် အထင်းသားမြင်ကြရသည်၊ သူများကို ပစ်ခတ်ရဲကြပေမယ့် မိမိတို့ကိုယ်ကိုတော့ ဒိုင်းများဖြင့်၎င်း၊ သစ်ပင်များတွင် အကာအကွယ်ယူ၎င်း နေနေကြသည်ကိုတွေ့ရသည်။

စက်တင်ဘာလ (၂၆) ရက်နေ့သည် ခေတ်သစ်မြန်မာနိုင်ငံသမိုင်းတွင် သံဃာတော်များ ကိုယ့်လူမျိုးများ၏ လက်ချက်ဖြင့် သွေးစွန်းခဲ့ရသော တတိယအကြိမ်လည်း ဖြစ်ပေသည်။ ဇာတ်တူသားကို စားခဲ့ကြသော မြန်မာ့အာဏာရူးတပ်မတော်၏ သွေးစွန်းသော နေ့လည်းဖြစ်သည်၊ မိမိတို့ကိုးကွယ်ဆည်းကပ် အလေးအမြတ်ပြုနေသော သံဃာတော်များအား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ရဲသော မြန်မာ့တပ်မတော်၏ အလွန်အောက်တန်းကျသော လုပ်ရပ်ကိုလည်း စက်ဆုပ်ရွံရှာမိသည်။

စက်တင်ဘာ (၂၆) ရက်နေ့ကို သံဃာတော်များနေ့အဖြစ် ကမ္ဘာတ၀ှမ်းလုံးက သတ်မှတ်ကြ၊ စက်တင်ဘာလ (၂၆) ရက်နေ့သည် မြန်မာပြည်သူလူထုကြီးခံစားနေရသော အထွေထွေ ဆင်းရဲဒုက္ခများမှ ကင်းလွတ်စေရန် သံဃာတော်များက ဦးဆောင်၍ ငြိမ်းချမ်းစွာ မိမိတို့၏ဆန္ဒများကို ဖေါ်ထုတ်ခဲ့ကြသည်၊ ထိုသို့ဖေါ်ထုတ်ခဲ့သည်ကို အာဏာရူး ဗိုလ်သန်းရွှေတို့ သူခိုးဒါးမြ စစ်အုပ်စုက လက်နက်မပါ ဗလာချည်းသက်သက်ဖြစ်သော သံဃာတော်များအား မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဘင်းနက် (လှံစွပ်တပ်ဒါး)ဖြင့် ထိုးသတ်ခြင်း၊ သံပြားကွပ်ထားသော ဒုတ်များဖြင့် ရိုက်သတ်ခြင်း၊ မကြားဝံ့ မနာသာ ဆဲရေး တိုင်းထွာခြင်းတို့ လက်တုံ့ပြန်ခဲ့ကြသည်။ ထို့ကြောင့် စက်တင်ဘာလ (၂၆) ရက်နေ့ကို ပြည်သူများအတွက် အသက်ပေးလှူသွားခဲ့ကြသော သံဃာတော်များကို ဂုဏ်ပြု သတိရသော အထိမ်းအမှတ်အဖြစ် သံဃာတော်များနေ့အဖြစ် သတ်မှတ်ပေးကြပါရန် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအား တောင်းဆိုလိုက်ချင်သည်။

ခေတ်သစ် မင်းကြီးရန်နောင် ပေါ်ရန် အချိန်တန်ပြီ

သိုဟန်ဘွားက အများပြည်သူတို့ ကိုးကွယ်နေကြသော သံဃာတော်များကို မြန်မာသက္ကရာဇ် (၈၈၈) ခုနှစ်တွင် ယခု ဗိုလ်သန်းရွှေတို့အုပ်စုကဲ့သို့ ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်သောအခါ ဗမာဘက်မှ မင်းခစား အကြီးအကဲ မင်းကြီးရန်နောင်က သိုဟန်ဘွားအား သုတ်သင်ရှင်းလင်း၍ ဗုဒ္ဓသာသနာကို ကယ်တင်ခဲ့သလို ယခုအချိန်အခါမှာလည်း သာသနာတော်ကို၎င်း၊ နိုင်ငံနှင့်လူမျိုးကို၎င်း သုညအဆင့်သို့ ရောက်သွားအောင် ဖျက်ဆီးနေပြီး ခံစားမှုမျက်နှာမရှိ ရိုင်းစိုင်းယုတ်မာပြီး စည်းစိမ်ယစ်မူးနေကြသော တစ်ကိုယ်ကောင်းသမား ဗိုလ်သန်းရွှေအမှူးပြုသော ဒါးပြသူခိုး စစ်အုပ်စုတို့အား သုတ်သင်ရှင်းလင်းရန် ခေတ်သစ် မင်းကြီးရန်နောင် ပေါ်ပေါက်ရန် အချိန်တန်ပြီဟု ထင်ပါသည်။

အို…….သာသနာကို ကိုးကွယ်မြတ်နိုးသော ပြည်သူကိုချစ်သော တပ်ဗိုလ်တပ်သား အပေါင်းတို့ မိမိတို့ ကိုးကွယ်အထွတ်အမြတ်ထားသော ဘာသာ၊ သာသနာကို စော်ကားရဲသော ခေတ်သစ်သိုဟန်ဘွား စစ်အုပ်စုအား မိမိတို့ တတ်နိုင်သောနည်းဖြင့် တွန်းလှန်ကာ ခေတ်သစ် မင်းကြီးရန်နောင်ဘွဲ့ကို ယူကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ချင်ပါရဲ့။

ရဟန်းပျို ရဲရင့်ဇာနည်

…………….


Download file: thohanbwa-and-mingyi-yan-naung1

စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှ ဖယ်ရှားရန် စိန်ခေါ်ခြင်း

leave a comment »

ခေတ်ပြိုင် ဆောင်းပါး
လွှတ်တော်ကိုယ်စားလှယ်တဦး (ထိုင်းမြန်မာနယ်စပ်)

၂၈ နိုဝင်ဘာ ၂ဝဝ၈

မြန်မာပြည်သူလူထုအပေါ်တွင် စစ်အစိုးရ၏ ပြုမူကျင့်ကြံအားထုတ်မှုကို ကမ္ဘာ့အလယ်တွင် စပ်ဆုပ်ရွံရှာဖွယ်ကောင်းသော အစိုးရဖြစ်သည်ဟု ကမ္ဘာ့ခေါင်းဆောင်များက ပြစ်တင်ရှုတ်ချနေကြ သည့်ကြားတွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်များအား တရား ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ဖမ်းဆီးထောင်ချနေသည်။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် စစ်အစိုးရအကြား နိုင်ငံရေးစေ့စပ်ဆွေးနွေး အဖြေရှာရန် အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုရပ်ဆိုင်းရန် လူ့အခွင့်အရေးကိုယ်စားလှယ် ကို အကြိမ်ကြိမ်စေလွှတ်ခဲ့သော်လည်း ဘာတခုမျှ မဖြေရှင်းနိုင်ဘဲဖြစ်နေသည်။ ထိုသို့ဖြစ်ရသည်မှာ ကုလသမဂ္ဂတွင် စစ်အစိုးရကိုယ်စားလှယ်ကရှိနေ၍ မြန်မာ့ပြဿနာများကို တဖက်သတ်ဖြေရှင်းနေခြင်း သာဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များ အစိုးရတရပ်ကသာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် အဖြစ်ရှိနေပါက မြန်မာ့ပြဿနာကို ကမ္ဘာ့ခေါင်းဆောင်များကြားတွင် တင်ပြချေပနိုင်မည်ဖြစ်သည်။

ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကို ဖယ်ရှားရန် ၁၉၉၄ ခုနှစ်ကာလများတွင် တော်လှန်ရေးခေါင်းဆောင်များတို့က တိုင်ပင်ဆွေးနွေးခဲ့ဖူးပါသည်။ ယင်းအချိန်တွင် မြန်မာ့နိုင်ငံရေး အခင်းအ ကျင်းကိုကြည့်လျှင် မိမိတို့ဘက်က အရေးနိမ့်မည်ဟု ယူဆနေကြပါသည်။

အဘယ့်ကြောင့် ဆိုသော် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ပြည်သူ့ကိုယ်စားလှယ်များသည် နိုင်ငံရေးပြဿနာကို စစ်အစိုးရ ကျင်းပသော အမျိုးသားညီလာခံတွင် ရှင်းနိုင်မည်ဟု ယုံကြည်ကြသဖြင့် အမျိုးသားညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ်များ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလအမတ်များ တက်ရောက်ကြပြီး အခြေခံဥပဒေရေးဆွဲရန် ဆွေးနွေးနေကြခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တဖွဲ့ပြီးတဖွဲ့ ငြိမ်းချမ်းရေး ယူနေသည့်အချိန်ဖြစ်၍ ကမ္ဘာ့ခေါင်းဆောင်များ အခြေ အနေအရပ်ရပ်ကို စောင့်ကြည့်နေသည့် ကြားကာလဖြစ်၍ ယင်းအချိန်တွင် Credential Challenge လျှောက်လွှာတင်လျှင် ထောက်ခံကြမည် မဟုတ်၍ ရှုံးနိမ့်မည်ဟု သုံးသပ်ပါသည်။

သို့ရာတွင် စစ်အစိုးရအမျိုးသားညီလာခံပြီးဆုံး၍ ၂ဝဝ၈ခုနှစ်၊ မေလ (၁ဝ) ရက်နေ့တွင် အခြေခံဥပဒေကို လူထုဆန္ဒ (၉၂) ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့ပြီဖြစ်သောကြောင့် ၂ဝ၁ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ၍ လွှတ်တော်ခေါ်ယူပြီး အစိုးရတရပ်ဖွဲ့မည်ဟု စစ်အစိုးရ ကြေညာထားခဲ့ပြီးဖြစ်သည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း တိုက်ပွဲဝင်ရန် ၁၉၉ဝ ပြည့်နှစ် လူထုမှ ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ကောင်စီ (အန်စီယူဘီ) က တောင်းဆို၍ ကမ္ဘာ့ဥပဒေပညာရှင် (၉) ယောက်၏ အကူအညီကို ရယူကာ CC ကိစ္စကို ဆောင်ရွက်နေခြင်းဖြစ်သည်။

CC လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းနိုင်ရန် နိုင်ငံတနိုင်ငံကဖြစ်စေ (သို့မဟုတ်) စင်ပြိုင်အစိုးရက ဖြစ်စေ ကုလသမဂ္ဂမှ CC ကော်မတီသို့ တင်သွင်းရပါသည်။ အန်စီယူဘီက လျှောက်လွှာတင်နိုင်ရန် မိတ်ဆွေနိုင်ငံတခုကို ရှာရာတွင် အခက်အခဲမရှိရရှိပါသည်။ သို့သော် ကမ္ဘာ့နိုင်ငံကြီးနှစ်နိုင်ငံမှ အကြံပြုချက် အရ စင်ပြိုင်အစိုးရအနေဖြင့်သာ လျှောက်လွှာတင်ပါ။ သူတို့အပြည့်အဝ ကူညီမည်ဟုဆိုသည်။ နိုင်ငံတခုမှ စင်ပြိုင်အစိုးရသို့ လမ်းကြောင်းပြောင်းသွားသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) မှ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း လက်မှတ်ရေးထိုးရန် အန်စီယူဘီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တာမလာဘောက စာရေး အကြောင်းကြားခဲ့ပါသည်။

ဒေါက်တာစိန်ဝင်း ငြင်းဆိုနေသဖြင့် MPU ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် CC လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းနိုင်ခဲ့သည်။

ကုလသမဂ္ဂ ဥပဒေရေးရာကောင်စီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ (MPU) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းတင်သွင်းသော လျှောက်လွှာသည် ကုလသမဂ္ဂအထွေထွေညီလာခံလုပ်ထုံးလုပ် နည်းဥပဒေအပိုဒ် (၂၇/၂၉) လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုမရှိ၍ CC ကော်မတီ သို့ တင်သွင်းခွင့်မရှိကြောင်း ဒေါ်စန်းစန်းသို့ (၁၄၊ ၉၊ ဝ၈) တွင် ပြန်ကြားခဲ့ပါသည်။ အပိုဒ် (၂၇/၂၉) ၏ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတနိုင်ငံ၏ အကြီးအကဲ (သို့မဟုတ်) နိုင်ငံခြားဝန်ကြီးကသာ လက်မှတ်ရေးထိုးပြီး ကော်မတီသို့ ဒီဇင်ဘာလ (၁၄) ရက် မတိုင်မီတင်သွင်းရပါမည်။ ထို့ကြောင့် MPU က ဒေါက်တာစိန်ဝင်းအား လက်မှတ်ရေးထိုးရန် အပြင်းအထန် တိုက်တွန်းခဲ့ပြန်သည်။

ဒေါက်တာစိန်ဝင်းက ငြင်းဆန်နေ သဖြင့် Conference မှသာဖြေရှင်းနိုင်မည် ဖြစ်၍ MPU များ Conference ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလနောက်ဆုံးအပတ်တွင် အမေရိကန်နိုင်ငံ၌ ကျင်းပပေးရန် MPU က အန်စီဂျီယူဘီကို တိုက်တွန်းခဲ့သော်လည်း ၎င်းတို့ နေ့ရွှေ့ညရွှေ့ လုပ်နေခဲ့သည်။ ပထမဦးဆုံး ငွေကြေး ပြဿနာ အကြောင်းပြသည်ကို ငွေကြေးနှင့်ပတ်သက်၍ MPU က တာဝန်ယူပါမည်။ Conferenceကိုသာ အမြန်ဆုံး ကျင်းပလိုသည်။

MP များ၏ Conference သည် CC နှင့်ပတ်သက်နေသည့်အတွက် အချိန်မီရန် အန်စီဂျီယူဘီနှင့် MPU တို့ (၆၊ ၁၁၊ ဝ၈) တွင် Skype ဖြင့် အပြန်အလှန် ဆွေးနွေးကြသော်လည်း ကျေလည်မှု မရခဲ့ပေ။ Conferenceကို MP အများဆုံးနေထိုင်သော အမေရိကန်နိုင်ငံတွင် ကျင်းပရန်တောင်းဆိုခဲ့သည်ကိုလည်း အန်စီဂျီယူဘီ ဝန်ကြီးများက ငြင်းဆန်ပြီး အကယ်၍ အမေရိကန်တွင် Conference ကျင်းပပါက ၎င်းဝန်ကြီးများ တက်ရောက်မည်မဟုတ်ဟု MPU သို့ ပြတ်သားစွာ အဖြေပေးခဲ့သည်။ နောက်ဆုံးအဆင့်အနေဖြင့် စည်းလုံးညီညွတ်မှုကို ရှေးရှုပြီး အန်စီဂျီယူဘီ၏ဆန္ဒသဘောထားအတိုင်း နောင်လာမည့်နှစ် သက္ကရာဇ် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့၌ ကျင်းပမည်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ၏ အမြင်ယူဆချက်မှာ CC ကို ကုလသမဂ္ဂသို့တင်လျှင် အောင်မြင်နိုင်ခြေမရှိသည့်အပြင် လက်ရှိ မိမိတို့ ၏ ရရှိထားသော အခြေအနေပါ ယိုယွင်း ပျက်စီးသွားနိုင်သည်။ ၎င်းတို့ယုံကြည်ချက်အတိုင်း တွေ့ဆုံဆွေးနွေးရေး၊ လူထုလှုပ်ရှားမှုဖြစ်ရေးကိုသာ ဦးစားပေးမည်။ အမ်ပီယူ၏ယူဆချက်မှာ ကြေညာချက်ထုတ်၊ ပြည်ပအသံလွှင့်ဌာနများနှင့် အင်တာဗျူးလုပ်ခဲ့သည်မှာ အချိန်ကုန် လူပန်းလွန်းနေပြီ၊ လက်တွေ့ကျသည့် နိုင်ငံရေးထိုးနှက်ချက်ရှိမှသာ နအဖ အစိုးရအပြောင်းအလဲလုပ်လာနိုင်မည်။ လူထုလှုပ်ရှားမှုနှင့်ပတ်သက်၍ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားရာမှာ လူထုလှုပ်ရှားမှုဖြစ်ရန် ခက်ခဲလွန်းသည်။ ရွှေဝါရောင်တော်လှန်ရေးကို ပြန်သုံးသပ်လျှင် ၈၈ မျိုးဆက်နှင့် အသျှင်ဂမ္ဘီရလိုခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားမှုကြောင့်ဖြစ်သည်။

ထိုခေါင်းဆောင်မျိုးများလို နောက်ထပ်ပေါ်ပေါက်လာရန် အချိန်များစွာ စောင့်ရပေဦးမည်။ လူထုလှုပ်ရှားမှုပေါ် ပေါက်ရန် မိမိတို့ကိုယ်တိုင် ပြည်တွင်းထဲဝင်ပြီး လူထုကို ဦးဆောင်ဦးရွက်ရပေမည်။ CC တိုက်ပွဲသည် ငွေသက်သာပြီး လူသက်သာရုံသာမက ပြည်တွင်းပြည်ပ လှုပ်ရှားမှု၏ ဆုံချက်ဖြစ်သည့်အပြင် အကောင်းဆုံးတိုက်ကွက်ဖြစ်သည်ဟု အမ်ပီယူက ယုံကြည်သည်။ သံဃာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ ခေါင်းဆောင်များတို့က အမ်ပီယူကို ထောက်ခံကြောင်း အကြောင်းကြားကြပါသည်။

နအဖကိုယ်စားလှယ်ကို ကုလသမဂ္ဂမှ ဖယ်ရှားရန် နောက်တောင်ကျနေပြီဟု ဆိုသူများရှိသကဲ့သို့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုကြည့်ပြီး အချိန်ကိုက်ဆို သူများလည်းရှိသည်။ ညွန့်ပေါင်းအစိုးရက ဒီအဆိုပြုချက်ကို ငြင်းဆိုနေသည်မှာ မြန်မာ့နိုင်ငံရေးတွင် အလွန်အကျည်းတန်လှပါသည်ဟု ဝေဖန်သုံးသပ်သူများ ပြားပါသည်။ CC ကို တင်သွင်းလိုက်ခြင်းကြောင့် ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ်များသည် တရားဝင်ကြောင်း၊ ကမ္ဘာ့ခေါင်းဆောင်များကြားတွင် ကျားကန်ပေးသည်နှင့်တူသည်။ စစ်အစိုးရကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားမဝင်ကြောင်း ကုလသမဂ္ဂခေါင်းဆောင်များကြားတွင် ကျယ်ပြန့်သော အငြင်းပွားမှုကို ဖြစ်စေပါသည်။ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအတွက် နအဖကို တွန်းထိုးရာတွင် အသုံးပြုနိုင်မည့် တုတ်တချောင်း ရလိုက်သည်နှင့်တူသည်။ ကုလသမဂ္ဂမှ အငြင်းပွားမှုပေါက်ကွဲသံ ဂယက်ကြောင့် စစ်အစိုးရအုပ်ချုပ်သော ယန္တရားကို မုချသွားရောက်ထိခိုက်ပေလိမ့်မည်။

အကယ်၍ ဒီအဆိုအောင်မြင်ခဲ့လျှင် နိုင်ငံတကာ သံတမန်ဆက်ဆံရေးတွင် စစ်အစိုးရ အထိနာနိုင်ပါသည်။ တရုတ်၊ အိန္ဒိယ၊ ရုရတို့နှင့်ဆက်ဆံရေး သွေးအေးသွားနိုင်သလို အာဆီယံနိုင်ငံတွေအတွင်းမှာ နအဖနှင့် ဆက်ဆံရေးတွေ ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ အမိန့်နာခံနေရတဲ့ လက်အောက်ခံ ဗိုလ် ချုပ်တွေအကြားမှာ ငြင်းခုံဆွေးနွေးမှု တွေပေါ်ပေါက်လာနိုင်ပါတယ်။ မြန်မာ သံအမတ်ကြီးကို ကုလသမဂ္ဂမှထုတ်ပယ်လိုက်လျှင် အန်စီဂျီယူဘီနှင့်နအဖအကြား နိုင်ငံရေးတန်းတူမှု ရလာနိုင်မည်။ မြန် မာပြည်သူများလည်း နိုင်ငံရေး ပိုမိုပြောဆိုနိုင်ခွင့်ရှိလာပေမည်။

Credential Challenge ကော်မတီမှာ နိုင်ငံ (၉) နိုင်ငံနှင့် ဖွဲ့စည်းထားပါသည်။ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် တရုတ်၊ ရုရှ၊ အမေရိကန်နှင့် အခြားအလှည့်ကျ (၆) နိုင်ငံပါဝင်ပါသည်။ ယင်းကော်မတီသည် ဗီတိုအာဏာသုံးခွင့်မရှိ၍ မဲစနစ်ဖြင့် အဆုံးအဖြတ်ပေးရပါသည်။ ယင်းကော်မတီမှတဆင့် ကုလသမဂ္ဂညီလာခံသို့ တင်ပြပြီး ညီလာခံကိုယ်စားလှယ်များတို့က လျှို့ဝှက်မဲစနစ်ဖြင့် အနိုင်အရှုံး ဆုံး ဖြတ်ရပါသည်။ ၂ဝဝ၈ ခုနှစ် UNGA တွင် စစ်အစိုးရအား ကန့်ကွက်မဲ (၈၉) မဲ၊ ထောက်ခံမဲ (၂၈) မဲ၊ ကြားနေ (၆၃) မဲရှိသည်။ ထို့ကြောင့် Credential Challenge အဆိုသည် မုချအောင်ပွဲရရှိနိုင်သည်။

http://www.newerajournal.com/articles/november_08/28-11-08a1.php

ခေတ်ပြိုင်  သို့ ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် လွှတ်တော်ကိုယ်စားလှယ်တဦး (ထိုင်းမြန်မာနယ်စပ်) (၂၈ နိုဝင်ဘာ ၂၀၀၈) ရေးသည့် “စစ်အစိုးရသံအမတ်အား ကုလသမဂ္ဂမှ ဖယ်ရှားရန် စိန်ခေါ်ခြင်း”ကို အပြည့်အစုံ ဖော်ပြပါသည်။

Written by Lwin Aung Soe

December 15, 2008 at 2:35 am

အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့

leave a comment »

ခေတ်ပြိုင် ဆောင်းပါး
ရဲဘော်ဖိုးသံချောင်း

၂ ဒီဇင်ဘာ ၂၀၀၈

နအဖစစ်ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် သွေးရူးသွေးတန်းနိုင်နေရတာလဲ။ အိုင်တီနည်းပညာအပေါ် ဘာကြောင့် ဒါလောက် အငြိုးအတေးကြီးနေရတာလဲ။ ၈၈မျိုးဆက်နဲ့ ကျောင်းသားလူငယ် အင်အားသစ်တွေကို ဘာကြောင့် ဒါလောက် နာကြည်းနေရတာလဲ။

ဘာကိုအကြောက်ကြီးကြောက်နေတာလဲ။

နအဖရဲ့လုပ်ပုံကိုင်ပုံတွေကြောင့် လူတိုင်းရဲ့ခေါင်းထဲမှာ မေးခွန်းထုတ်စရာတွေ တသီကြီး ပေါ်ပေါက်လာပါတယ်။ တချို့ကတော့ ဒီစစ်အာဏာရှင်တွေကို မုန်းတီးရွံရှာတာနဲ့ပဲ ဒင်းတို့က (၆၅) နှစ် ခံမှာမို့လားလို့ မေးခွန်းထုတ်ပြီး ပြန်ပြောကြပါတယ်။ မခံမရပ်နိုင်တာကတော့ တကမ္ဘာလုံးပါပဲ။

သေချာတာတခုကတော့ နအဖဟာ ဒီလူတွေအပေါ် အခုလို အပြစ်ဒဏ်ကြီးတွေ ချလိုက်ခြင်းအားဖြင့် သူတို့ရဲ့နန်းသက်က ဘယ်နှနှစ်ပဲခံခံ၊ အနည်းဆုံး (၆၅) နှစ်တော့ ဒီလူတွေနဲ့ ရန်သူပဲလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလူတွေရဲ့နောက်ကွယ်မှာ ဧရာမ အများစု ပြည်သူလူထုကြီးရှိနေတယ်ဆိုတာကို ဒီနအဖ ဗိုလ်ချုပ်တွေ မသိတာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ဟာ ဒီပြည်သူလူထုကြီး တရပ်လုံးနဲ့လည်း အနည်းဆုံး (၆၅) နှစ်တော့ ရှားစောင်းစေးနဲ့မျက်ချေးပဲလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ တနည်း ထပ်ပြောရရင် ဒင်းတို့ဘက်က သေခန်းပြတ် ကြေညာတာပါပဲ။

စစ်အာဏာရှင်တွေရဲ့ ပြတ်သားမှုကို အသိအမှတ်ပြုကြရမှာပါ။ တပါတည်းမှာ ကိုယ့်ဘက်ကလည်း ပြတ်သားကြဖို့ လိုပါတယ်။ ဒီလို တဖက်က ပြတ်ပြတ်သားသား ကြေညာနေချိန်မှာ ကိုယ့်ဘက်ကအလျှော့ပေးပြီး သူတို့အစီအမံအတိုင်း လိုက်လုပ်ဖို့ ပြောသံတွေ အခုအခါမှာ အတော်လေးကြားနေရပါတယ်။ အံ့သြစရာပါ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှုတွေကိုကြည့်ရင် စစ်အာဏာရှင်များရဲ့ ပင်ကိုယ်လက္ခဏာဟာ တစက်လေးမှ ပြောင်းမသွားကြောင်း၊ ရှစ်လေးလုံးကာလတုန်းကနဲ့ အတူတူသာဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဒါဖြင့်ရင် အခုအခါမှာ ဘာကြောင့် ဒင်းတို့ကို ရှစ်လေးလုံး ကာလတုန်းကလို သဘောမထားနိုင်ရမှာလဲ။ ဒင်းတို့လက်တွေဟာ အရင်တုန်းက ပေကျံခဲ့တဲ့သွေးတွေ ခြောက်ဖို့ နေနေသာသာ တိုးလို့သာ ပေကျံလာနေပါတယ်။ ဒါတွေကိုသိရက်နဲ့ ဘာဖြစ်လို့ နအဖကို ထိပ်တိုက်မရင်ဆိုင်ဖို့ ပြောနေကြတာလဲ။ ကြောက်တတ်ရင် ဝန်မကင်းဘူး၊ ဝန်ပိတယ် ဆိုတာဟာ ရှေးက လူကြီးတွေ သူတို့ရဲ့အတွေ့အကြုံ၊ သင်ခန်းစာတွေအရ အစဉ်အဆက်ပြောခဲ့ကြတဲ့ စကား ဖြစ်ပါတယ်။ ကိုယ့်အင်အားကို ကိုယ့်ပြည်သူလူထုအပေါ်မှာ မူတည်ပြီး တွက်ဖို့လိုပါတယ်။ တိုင်းတပါးက အခြေအနေတခုအပေါ် မူတည်ပြီးတွက်ရင် အစွယ်ပြူးပြူး စစ်ဘီလူးကြီးကို (၁၃) နှစ်သား လူရည်ချွန် ကျောင်းသားလေးလို မြင်လိုက်၊ ရသေ့ရဟန်းလိုမြင်လိုက်၊ သူခိုးကြမ်းပိုးလို မြင်လိုက်၊ အမျိုးမျိုး မြင်မိနေမှာပါပဲ။ တချို့ကတော့ ကြောက်တာမဟုတ်ပါဘူး။ ဒါပေမယ့် လက်လျှော့တာတမျိုး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့နိုင်ငံရေးဟာ ဒီအခြေအနေမှာ လက်လျှော့တာ၊ လက်နက်ချတာတောင် နအဖက အသိအမှတ်ပြုချင်မှ ပြုတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ လက်နက်ချချင်လို့၊ တဖျာစာလောက်လေးရရင် တော်ပါပြီလို့ ပြောနေ၊ အချက်ပြနေသူတွေ နည်းတာ မှတ်လို့။ နအဖက ဖုတ်လေတဲ့ ငပိရှိတယ်လို့တောင် သဘောမထားဘူး မဟုတ်လား။ သူ့အနားမှာ မူလလက်ဟောင်း လက်နက်ချကြီးတွေပြည့်လို့ပါ။

နောက် အခုတလော အပြောများနေကြတဲ့ကိစ္စတခုက ၂ဝ၁ဝ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ နအဖ အစီအစဉ်အတိုင်း ဒီရွေးကောက်ပွဲသာ ဖြစ်ပေါ်သွားလို့ကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်လည်း ဖျက်သိမ်းပြီးဖြစ်သွားမယ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးလည်း သိပ်နောက် ဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ပြောသူ တချို့ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်လုပ်ငန်းစဉ်ကို နအဖရဲ့လုပ်ငန်းစဉ်အပေါ်မှီပြီး ချမှတ်နေလို့မဖြစ်ပါဘူး။ ကိုယ့်အစီအစဉ် နဲ့ ကိုယ်သွားရမှာပါ။ နအဖက သူတို့ရဲ့ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲ လုပ်တယ်ဆိုရင် ကိုယ်က အဲဒီဟာနဲ့ ပတ်သက်တဲ့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာ ရှိတာကိုလည်းလုပ်။ နအဖက ရွေးကောက်ပွဲလုပ်တယ်ဆိုရင် ကိုယ်က သူတို့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုပ်စရာရှိတာကိုလည်းလုပ်၊ ကိုယ့်လုပ်ငန်းစဉ်အရ လုပ်စရာရှိမှာကိုလည်း လုပ်ဆိုတာမျိုး ဖြစ်ရပါမယ်။ လက်နက်နဲ့ အာဏာရှိနေမှတော့ ဒီနိုင်ငံမှာ သူတို့ဟာ ဒီလိုသဏ္ဌာန်ပိုင်း ဆိုင်ရာတွေကို လုပ်ချင်တိုင်းလုပ်လို့ ရနေမှာပါပဲ။ သူတို့ကိုယ်သူတို့ စကြာဝတေး နတ်မင်းကြီးလို့ ကြေညာလည်း ရနေမှာပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကိုယ့်ဘက် က စိတ်ပျက်နေ၊ စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ ပြဿနာရဲ့ အခရာဟာ အာဏာ ဖြစ်ပါတယ်။ ဒါကို နအဖစစ်ဗိုလ်ချုပ်တွေ ကောင်းကောင်း သဘောပေါက်လို့ အဲဒီအတွက် တစိုက်မတ်မတ်၊ ကိုယ်ဖိရင်ဖိလုပ်နေတာ အောင်မြင်သလောက် အောင်မြင်နေတယ်လို့ တောင် ပြောရင်ရမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုတွေထဲမှာ ဒါကို သဘောမပေါက်တဲ့လူတွေများ ရှိနေသေးသလား စဉ်းစားစရာဖြစ်နေပါတယ်။

“ကျနော်၊ ကျမတို့က အာဏာလိုချင်လို့ မဟုတ်ပါဘူး” ဆိုတဲ့ စကားများကို ခုံခုံမင်မင်ပြောနေသူတွေ မကြာခဏ တွေ့နေရပါတယ်။ အမှန်ပါပဲ။ ကိုယ့်အတွက်၊ ကိုယ့်တဦးချင်း အကျိုးစီးပွားအတွက် အာဏာရယူဖို့ လုံးပန်းတယ် ဆိုတာတော့ မကောင်းပါဘူး။ ဒါပေမယ့် နအဖ စစ်အာဏာရှင်တွေ အာဏာလက်လွတ်သွားအောင်၊ အနည်းဆုံး စစ်တန်းလျား ပြန်သွားအောင်တော့ လုပ်ရမှာပါ။

တချို့ကတော့လည်း ဖွဲ့စည်းအုပ်ချုပ်ပုံကိစ္စတုန်းက နအဖက (၉ဝ) ရာ ခိုင်နှုန်းကျော် ထောက်ခံမဲရအောင် လုပ်သွားတာကိုကြည့်ပြီး ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို တိုက်ပွဲဝင်ချင်စိတ် ကုန်နေပါတယ်။ နအဖသာ ရွေးကောက်ပွဲကို အောင်မြင်စွာလုပ်နိုင်ရင် သွားပါပြီလို့ သဘောထားနေကြပါတယ်။ ဒါကြောင့် နအဖရဲ့ အစီအစဉ်ထဲမှာ ဝင်သာပေါင်းလိုက်ကြစို့လား ဆိုတာမျိုး တရားထူထောင်ကြပါတယ်။ ဒီအယူအဆအတိုင်း လုပ်ဖို့အတွက် အကြောင်းတွေ အမျိုးမျိုးလည်း ပြကြပါတယ်။ ဒီလိုပြောလာရင် သမိုင်းတလျှောက် ကျဆုံးသွားတဲ့၊ နောက်ပြီး ထောင်ထဲနေခဲ့တဲ့၊ ရှိနေကြတဲ့လူတွေရဲ့ မျက်နှာတွေကို ပြန်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ တကယ်က ဒီနေရာမှာလည်း ပြဿနာက အထက်မှာပြောခဲ့သလို ကိုယ့်သေနင်္ဂဗျူဟာနဲ့ ကိုယ်ချီတက်ဖို့အတွက် ကိုယ့်မှာ လက်တွေ့လုပ်ငန်း စီမံကိန်း ရှိမရှိ ဆိုတာပါပဲ။ ကိုယ့်စီမံကိန်း၊ ကိုယ်သေနင်္ဂဗျူဟာရှိလို့ကတော့ သူလည်းသူ လုပ်စရာရှိတာလုပ်၊ ကိုယ်လည်း ကိုယ်လုပ်စရာရှိတာ လုပ်ဖြစ်မှာပါ။ ဒီလိုလုပ်ရင်းနဲ့ သူ့ခြေလှမ်းအမှားကို ကိုယ်ကအမြတ်ထုတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အမှန်ပါပဲ၊ ဒီရွေးကောက်ပွဲမှာ သူက လုပ်ချင်သလိုလုပ်မှာပါ။ ညစ်နည်းပဒေသာနဲ့ အညစ်သရဖူ ဆောင်းမှာပါ။ ကိုယ်ကတော့ ဒီအထဲကပဲ ကိုယ့်အတွက် ဘာအမြတ်ထုတ်နိုင်လဲ စဉ်းစားရမှာဖြစ်ပါတယ်။ ကြံလည်းကြံဆရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပိုအံ့သြစရာကောင်းတဲ့ အယူအဆတခုလည်း တွေ့နေရပါသေး တယ်။ တချို့လူတွေရဲ့အဆိုမှာ အတိုက်အခံတွေကိုက ခေါင်းမာလွန်းလို့၊ အလျော့အတင်း မလုပ်တတ်လို့၊ နိုင်ငံရေးပါး မဝလို့ ဆိုသလို ကိုယ့်ဘက်ကိုယ် ပြန်နင်းလာတာတွေ ပါနေပါတယ်။ ဒိအရင်ကတော့ အခုအဲဒီလိုပြောနေသူတွေရဲ့ ဆရာ့ ဆရာများက လက်နက်နဲ့ အသတ်ခံနေရသူများဘက်က လက်နက်နဲ့ မတုံ့ပြန်ဖို့ (အကြမ်းမဖက်ဖို့) ဆုံးမပြီး လက်နက်ကိုင်သူတွေကို ဆိုင်ရှင် လုပ်ခဲ့ကြတယ်။ အခုလည်း နအဖကို စားပွဲပေါ်မှာ တွေ့ဆုံတဲ့နည်းကလွဲလို့ တခြားနည်းနဲ့ မရင်ဆိုင်ဖို့၊ တနည်းမဆန့်ကျင်ဖို့ သတိပေးနေကြပါတယ်။ နအဖဘက်က စားပွဲပေါ်မှာတွေ့ဆုံတဲ့ နည်းကလွဲပြီး ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ အကုန်လုပ်နေတာတွေကိုတော့ သူတို့ဘာမှမပြောကြဘူး။ ဒီလိုအချိန်မှာ အတွေးအခေါ် ရှုပ်ထွေးမှုတွေ ပေါ်ပေါက်တာဟာ မဆန်းပါဘူး။ ဒီလို အရှုပ်အထွေးတွေပေါ်လာရင် ပြည်သူလူထုကို ပြန်ငဲ့ကြည့်၊ အာဇာနည်တွေကို ပြန်စဉ်းစား၊ ကိုယ့်ရပ်တည်ချက်ကို မြဲမြံအောင်လုပ်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ ရန်သူကို ပိုမတွက်ဖို့၊ လျှော့မတွက်ဖို့ဟာ အရေးအကြီးဆုံးပါပဲ။

http://www.newerajournal.com/articles/December_08/02-12-08a1.php

ခေတ်ပြိုင်ကို ဝင်ဖတ်ရန် အခက်အခဲရှိသူများအတွက် ထို website တွင် ရဲဘော်ဖိုးသံချောင်း (၂ ဒီဇင်ဘာ ၂ဝဝ၈) ရေးသည့် “အတွေးအခေါ် အရှုပ်အထွေးတွေကို ဖယ်ရှားပစ်ကြစို့” ဆောင်းပါးကို အပြည့်အစုံ ဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု

leave a comment »

မဇ္ဈိမ ဆောင်းပါး

ဒေါက်တာ သောင်းထွန်း

စနေနေ့၊ ဒီဇင်ဘာလ 13 2008 13:20 – မြန်မာစံတော်ချိန်

(နိုဝင်ဘာ ၁၁ ရက်ထုတ် ဂါးဒီးယန်းသတင်းစာမှ ကေသီစကော့ကလပ် နှင့် အဒြီယန်လဗီ ဆိုသူတို့ ရေးသော ‘တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက် သူရဲကောင်းကြီး မဟုတ်ပါ’ ဆောင်းပါးသို့ ချေပချက်)

ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်း သတင်းစာ၏ နိုဝင်ဘာ (၁၁) ရက်မှ ‘တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ’ ဆိုသည့်ဆောင်းပါးတွင် နားလည်မှု လွဲမှားချက်များနှင့် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ဤအထဲမှ အထင်ရှားဆုံး အမှားများကို ထောက်ပြပါမည်။

ယင်းဆောင်းပါးရှင်များက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအနေဖြင့် မိမိတို့လှုပ်ရှားမှုကို မိမိတို့ဖာသာမိမိ ပြန်လည် ဝေဖန်ပြစ်တင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဝေဖန်ပြစ်တင်ရန် စိတ်သန်နေကြခြင်းသည် လှုပ်ရှားမှု၏ ယိုယွင်းကျဆင်းမှုကို သက်သေပြနေသည်ဟု လွဲမှားစွာယူဆထားသည်။ ၎င်းတို့က လူအများအပြား၏ပြောစကားများ ကို ကိုးကားဖော်ပြထားရာ ကိုးကားချက်တခု၌ ‘ရန်ကုန်မြို့မှ လူကြီးပိုင်းအမတ်တဦး’ က ‘ကျနော်တို့ စွန့်လွှတ်အနစ်နာ ခံတာတွေ သက်သက်နဲ့ဘဲ အောင်ပွဲတကယ်ရနိုင် မရနိုင်ကို… အလေးအနက်စဉ်းစားဖို့လိုပြီ’ ဟုပြောကြောင်း၊ နောက် တယောက်ကလည်း ‘လူကြိုက်များခဲ့တဲ့ အန်အယ်လ်ဒီပါတီ လမ်းပျောက်သွားပြီ’ ဟုပြောကြောင်း ရေးထားသည်။ အမှန်အားဖြင့် ဤအသံများမှာ အတိုက်အခံလှုပ်ရှားမှုကြီး၏ ပြိုကွဲခြင်းလက္ခဏာကို ပြရာမရောက်ဘဲ သဘောကွဲလွဲမှု များကို ဖော်ထုတ်နိုင်စွမ်း၊ လွတ်လပ်ပွင့်လင်းစွာ ငြင်းခုံဆွေးနွေးနိုင်စွမ်းတည်းဟူသည့် အတိုက်အခံလှုပ်ရှားမှုကြီး၏ ခွန်အားကိုသာ သက်သေပြခြင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုဓလေ့မျက်နှာစာပေါင်းစုံနှင့် သဘောထားအမြင်မြောက်မြားစွာ သိုက်သိုက်ဝန်းဝန်း ရှိသည့်နိုင်ငံဖြစ်သည်။ ဤသည်မှာ မိမိတို့လို ဒီမိုကရေစီမြတ်နိုးသည့် အခြားလူမျိုးများနှယ်ပင်ဖြစ်သည်။ လူထုများ၏ ကျယ်ကျယ်လောင်လောင်ဆူညံသံမှာ ပြိုကျပျက်သုဉ်းမှုကို မဖော်ဆောင်ကြောင်း မြန်မာပြည်သူတို့က သက်သေပြခဲ့ ပြီးဖြစ်သည်။ ဤသို့ အန္တရာယ်ကြီးလှသော ပြိုကျမှုအလားအလာမှာ ကြမ်းကြုတ်ဆိုးဝါးသည့် တခုလုံးအနေအထား၏ ဖော်ပြချက်လက္ခဏာရပ်သာဖြစ်ပါသည်။

လောလောဆယ်တွင် ဒေါ်စု တိတ်ဆိတ်နေမှုကို သုံးသပ်ဆန်းစစ်ရာ၌ ဆောင်းပါးရှင်များက မြန်မာစစ်အစိုးရ၏ ဆိုးသွမ်းယုတ်ညံ့မှုအားလုံးမှာ သူမကြောင့်ဖြစ်ရသည်ဟု အပြစ်တင်ဖို့ကြိုးစားထားသည်။ သူမသည် ‘ပျော့ပြောင်း လိုက်လျောမှုထက် ခေါင်းမာမှုကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည်’၊ ‘အဖမ်းခံရပြီးနောက် ငြိမ်သွားသည်’၊ သူမ၏ ‘တိုက်ပွဲမှာ တရားထိုင် ကမ္မဋ္ဌာန်းတိုက်ပွဲအဖြစ်သို့ လွှဲပြောင်းသွားပုံရသည်’၊ သူမ၌ ‘နိုင်ငံရေး နလဗိန်း တုံးဖြစ်ခြင်းနှင့် မာနကြီးဘဝင်မြင့်သည့် အကျင့်စရိုက်ရှိခြင်း’ ဟူသောချို့ယွင်းချက်ရှိသည်ဟု ဆောင်းပါးရှင်များက ဆိုသည်။ ‘အဖွဲ့ချုပ်က မည်သည့်ပေါ်လစီသစ်များ ဖော်ထုတ်ခဲ့ပါသနည်း’ ဟုလည်း မေးထားသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဒေါ်စုမှ ညစ်ကပ်ကပ်ပုံစံမျိုးဖြင့် မလှုပ်မခြောက်နေ,နေခြင်းမှာ သူမကိုယ်တိုင်၏ရွေးချယ်မှုဖြစ်သည်၊ သူမ ဖန်တီးလိုက်သည့် ‘လေဟာနယ်’ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ အားနည်းချိနဲ့သွားပြီး ဦးတည်ရာမဲ့ ဖြစ်သွား သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော်ငြားလည်း ဒေါ်စု၏အချုပ်အနှောင်ခံဘဝတွင် ပိုမိုကျယ်ပြောသည့်ကမ္ဘာလောကကြီးနှင့် အဆက်အသွယ် ပြုနိုင်ရန်အတွက် အဆင့်အနိမ့်ဆုံးသောနည်းလမ်းများကိုပင် ကျင့်သုံးခွင့်မရရှာပေ။ စစ်အစိုးရ၏ သံမဏိအုပ်ချုပ်ရေး အောက်တွင် ပြည်သူလူထုနှင့်လည်းကောင်း၊ ပြည်သူလူထုကို ဒီမိုကရေစီနည်းကျကိုယ်စားပြုထားသူတို့နှင့်ပင်လည်း ကောင်း ထိတွေ့ဆက်ဆံနိုင်ရန် လုံးဝမဖြစ်နိုင်ပါ။ ယင်းသို့သောအနေအထားတွင် ခိုင်မာတာရှည်ခံသောပေါ်လစီကို သေသေချာချာဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပြေးရင်းလွှားရင်းနှင့် ဖော်ထုတ်ရသည့်ပေါ်လစီသာဖြစ်နိုင်ပါမည်။ မဲဆန္ဒရှင်များ (သို့မဟုတ်) အောက်ခြေထုများနှင့် ထိုက်သင့်သောညှိနှိုင်းတိုင်ပင်မှု မပြုနိုင်ဘဲ ဖော်ထုတ်ရသည့် ပေါ်လစီ၊ အဓိပ္ပာယ်အတိအကျပြောရလျှင် ဒီမိုကရေစီမကျသည့်ပေါ်လစီသာ ဖြစ်ပါလိမ့်မည်။

ကျနော်တို့ရင်ဆိုင်နေရသော ကိစ္စရပ်များကို ဉာဏ်ပညာရှိစွာကိုင်တွယ်ထိတွေ့ရန် ကျနော်တို့လှုပ်ရှားမှုက အားပေး ထောက်ခံပါသည်။ စကားအခြေအတင်ငြင်းခုံပွဲ ကောင်းကောင်းလုပ်ရေးကို ဒေါ်စု တခါမျှ ရှောင်လွဲခဲ့ခြင်းမရှိပါ။ အသိအမြင်ကြွယ်ကြွယ်ဝဝဖြင့် ဝေဖန်ခြင်းသည် အပြုသဘောဆောင်ပြီး အဆုံးစွန်ထိကြည့်လျှင် အကျိုးရှိလှပါသည်။ သို့ရာတွင် အမျိုးသားသူရဲကောင်းမတဦးကို သိက္ခာချရေးရည်မှန်းချက်ဖြင့် အသိအမြင်ဗဟုသုတချို့တဲ့စွာ ဝါးလုံးချီး သုတ်ရမ်းခြင်းမှာမူ ခိုင်မာသည့်စကားစစ်ထိုးခြင်း မဟုတ်ဘဲ လှုပ်လှုပ်ရွရွဖြစ်အောင်ဖွရေးအတွက်သာ အကျိုးရှိပါ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်ရပ်သည် ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် အင်မတန့်ကို ထူးခြားလှပါသည်။ နိုဘယ်ငြိမ်းချမ်း ရေးဆု ရရှိထားသူတဦးကို ဆုရပြီးနောက် ဤမျှကာလရှည်ကြာစွာ အကျဉ်းချထားခြင်းမျိုး ယခင်က တခါမှမရှိခဲ့ဖူးပါ။ ကျနော်တို့ နှစ်ငါးဆယ်နီးနီး ကြုံတွေ့နေရသော ထူးခြားလွန်းလှသည့်အခက်အခဲများကို ကျနော်တို့လိုကြုံရသည့် ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံရသောအစိုးရများလည်း ရှိလိမ့်မည်မဟုတ်ပါ။

(၁၁)ရက်နေ့ထုတ်ဂါးဒီးယန်းသတင်းစာဆောင်းပါးက မည်သို့ပင်ဆိုစေကာမူ ကျနော်တို့အနေဖြင့် ကိုယ့်လမ်း ကိုယ် ဆက်လျှောက်မည်သာဖြစ်ပါသည်။ ကျနော်တို့ပြည်သူများ အလွန်မြတ်နိုးတန်ဖိုးထားသည့် အမျိုးသမီးကြီး၏ သံဓိ ဋ္ဌာန်နှင့် ရပ်တည်ချက်အပေါ် ယင်းဆောင်းပါးကဲ့သို့ အနှစ်မဲ့တိုက်ခိုက်မှုများက သူမ၏စိတ်ဓာတ်ကိုသော်လည်း ကောင်း၊ မိမိတို့တိုင်းပြည်လွတ်လပ်ရေးအတွက် အစစအရာရာစွန့်လွှတ် အနစ်နာခံနေသော မြန်မာပြည်သူတို့၏ စိတ်ဓာတ်ကိုသော်လည်းကောင်း ယိမ်းယိုင်စေမည်မဟုတ်ကြောင်း ကျနော်တို့ယုံကြည်နေပါသည်။

(ဒေါက်တာသောင်းထွန်း-အမျိုးသားညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂကိုယ်စားလှယ်-၏ ဂါးဒီးယန်းသတင်းစာ၊ နိုဝင်ဘာ ၂၅ ရက်၊ ၂ဝဝ၈ ခုပါဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။)

http://www.mizzimaburmese.com/edop/songpa/2137-2008-12-13-07-03-13.html

မဇ္ဈိမ ဆောင်းပါးကို ဖတ်ရန် အခက်အခဲ ရှိသော မြန်မာစာဖတ်ပရိသတ်များအတွက် အပြည့်အစုံ ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်

တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး

ဗိုလ်ချုပ်ကြီး သန်းရွှေ မြန်မာနိုင်ငံ တပ်မတော်၏ အထွပ်အထိပ်ရာထူး နေရာကို ဆုပ်ကိုင်ထားပြီး စစ်အာဏာရှင်အဖြစ် ဆိုးသွမ်း မင်းမူ နေခြင်း သည် မြန်မာနိုင်ငံရှိ ပြည်သူ ပြည်သားများအတွက် အလွန်ဆိုးရွား သည့် ငရဲခန်းတစ်ခု ဖြစ်နေသည်မှာ ကမ္ဘာ သိဖြစ်ရပ် တစ်ခု ဖြစ်နေပြီးဖြစ်ပါသည်။

ထိုအခါတွင် နောက်ထပ်မေးစရာ မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ထိုမေးခွန်းမှာ စစ်အာဏာရှင် ဦးသန်းရွှေကြောင့် မြန်မာ စစ်တပ်နှင့် တပ်မတော်သားများရော အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်းမှုများ ရှိနေသလားဆိုသော မေးခွန်းပင် ဖြစ်ပါ သည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ စစ်တပ်အား အင်အားကြီးမားစွာ ဖွဲ့စည်းနေသည်မှာ သံသယဖြစ်စရာ မလိုသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ငယ်ရွယ်သော လူငယ်များစွာ တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာကြသည်။ ရာထူးတွေ၊ ကြယ်ပွင့်တွေနှင့် ခန့်ညားလာကြသည်။

စစ်အဆောင်အယောင်တွေနှင့် သာယာလာကြသည်။ ထိုအခါတွင် မြန်မာလူငယ်များ၏ အမှန်တကယ် ရင်တွင်းကိန်းအောင်းနေသင့်သော နိုင်ငံချစ်စိတ်သည်ေ၀၀ါးပျောက်ကွယ်လာသည်။ တပ်မတော်သားဆိုသည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ လုံခြုံမှုအတွက် မားမားမတ်မတ် ရပ်တည်ရမည့် လူတန်းစားဆိုသော ပင်ကိုယ်အသိထက် ရာထူးဌာနများနောက် တကောက်ကောက် လိုက်တတ်လာကြသည်။ အာဏာရှင်ဦးသန်းရွှေနှင့် အခြားသော စစ်ဘက်အရာရှိကြီးများ ချီးမြှောက်တာ၊ မြှောက်စားတာ ခံရရေးအတွက် အပြိုင်အဆိုင် ကြိုးစားလာကြသည်။ တိုင်းပြည်အတွက် သေနတ်ကိုင်ပြီး စောင့်ရှောက်ရမည့် တပ်မတော် အရာရှိငယ်တို့သည် Hand Phone ကိုင်ပြီး မော်တော်ကားလေး တ၀ီဝီနှင့် ယူနီဖောင်းမတွန့်မကြေ သွားလာနေရသော ဘ၀ကို တပ်မက် လာကြသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်၏ လက်အောက်တွင် အလူးအလိမ့် ငရဲခံနေရသော်လည်း စစ်တပ်နှင့် ကင်းကွာပြီး နေ၍ကား ရနိုင်မည်မဟုတ်ပါ။ စစ်အစိုးရအား မည်မျှမုန်းတီးသော အတိုက်အခံ အမြင်ရှိသူပင် ဖြစ်ပါစေ၊ တပ်မတော်မရှိဘဲ ရပ်တည်နိုင်မည့် မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်မည်မဟုတ်ကြောင်း အသေအချာ လက်ခံရမည်သာ။ တကယ်တော့ မြန်မာ့တပ်မတော်သည် စစ်အစိုးရ၏ ၀ါဒဖြန့်စကားတွေအတိုင်း ပြည်သူတို့၏ အမွေတစ်ခုသာဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူ့မိခင်များက မွေးဖွားခဲ့သော ရင်နှစ်သည်းချာများသာ ဖြစ်ကြပါသည်။ ထိုသို့ဖြစ်လျက်နှင့် မြန်မာစစ်တပ်နှင့် မြန်မာပြည်သူများ တစိတ်တ၀ှမ်းတည်း မဖြစ်နိုင်ရပါသနည်း။

အဘယ်ကြောင့် ပြည်သူများက စစ်သားများကို မုန်းတီးနေကြပါသနည်း။ ရှင်းပါသည်။ ထိုကိစ္စများအားလုံးကို ဆရာကြီး ဦးသန်းရွှေက ကြားကွက်ရွှေ့ထားခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် အာဏာကို တည်မြဲအောင် ထိန်းသိမ်းရာတွင် အကွက်မြင်လှပြီး ပါးနပ်လှသော ဗိုလ်ချုပ်ကြီး သန်းရွှေက တပ်မတော်သားများနှင့် ပြည်သူများ၏ မျက်ခုံးမွှေးများပေါ်တွင် စင်္ကြံန်လျှောက်နေခြင်းမျှသာ ဖြစ်တော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အင်္ဂါရုပ်အားဖြင့် သမာသမတ် မရှိသလို ခန့်ညားထည်ဝါသော ခေါင်းဆောင်ကောင်းတို့၏ ဟန်ပန်မျိုးလည်း မရှိပါ။ သို့သော်လည်း လူတို့၏ အတွင်းစိတ်ကို နားလည်ပြီး ကောက်ကျစ်စဉ်းလဲသည့် နေရာတွင်မူ ပါးတာမှ လှပ်နေတာပဲဆိုသော အမျိုးအစားထဲက ဖြစ်သည်။

၎င်း၏နေရာကို ထိပါးလာနိုင်သည်ဟု သတိပြုမိသည်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရက်ရက်စက်စက် စတေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေကို ရင်မဆိုင်ရရေးအတွက် ၀န်ကြီးချုပ်ဆိုသော ရာထူးတွေခန့်ပြီး လူမိုက်ငှားသည်။ ၎င်းသည် အရပ်စကားနှင့်ပြောလျင် ချိန်းရိုက်တတ်သော လူမိုက်မျိုးမဟုတ်။ ထိုသို့သော လူမိုက်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်သော masterBrain လူမိုက်မျိုးဖြစ်သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အသက်ငယ်ငယ်နှင့် အရာရှိလေးတွေ မွေးထုတ်ပေးမည့် စီမံကိန်းကို စနစ်တကျ ကြံဆောင်သည်။ ၎င်းတို့ခံစား၊ စံစားနေသည့် စည်းစိမ်နှင့် ယှဉ်ပါက အရိုးအရင်မျှပင် မရှိသော ခံစားခွင့်လေးတွေ ပေးထားသည်။ ကျန်သောပြည်သူများကို ဆင်းရဲငတ်ပြတ်နေအောင် ထားထားသည်။

ပြီးတော့ ဗိုလ်ပေါက်စလေးတွေ ရနေ၊ ခံစားနေသော အခွင့်အရေးတွေထက် ပိုပြီးရနေသလိုမျိုး ပြည်သူတွေ ထင်အောင်၊ မြင်အောင် ကစားကွက်ခင်းပြသည်။ ထိုအခါတွင် တပ်မတော် အရာရှိငယ်များကို ပြည်သူတွေက အမြင်မကြည်တော့ချေ။ ထို့အပြင် ၎င်းက တိုက်ရိုက်ပေးခြင်း မရှိဟုဆိုသော်လည်း သွယ်ဝိုက်သော ခိုင်းစေမှုများဖြင့် ပြည်သူတွေ ပိုပြီးနာကျည်းစေမည့်၊ ဒေါသထွက်စေမည့် တာဝန်များကို စစ်တပ်အရာရှိများကို လုပ်ကိုင်စေသည်။ ဥပမာအားဖြင့် ချွေးတပ်ဆွဲခြင်းနှင့် လူငယ်စစ်သားတွေ စုဆောင်းခြင်းမျိုးတွေ မလုပ်မနေရ လုပ်ရမည်ဟု တပ်မတော်မှ အရာရှိတွေကို အမိန့်ပေးသည်။ ထိုအခါ ပြည်သူနှင့် တပ်မတော်ကြား အမုန်းတရားမှာ ပို၍ပို၍ ကြီးထွားလာတော့သည်။ ထိုအခြေအနေကို ဗိုလ်ချုပ်ကြီးက ရာဇပလ္လင်ထက်မှ ပြုံးပြုံးကြီး ကြည့်ပြီး သဘောကျနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့်ပြည်သူ လက်တွဲနိုင်ခြင်း မရှိလေလေ၊ သူ့အဖို့ အာဏာတည်မြဲလေလေ မဟုတ်ပါလား။

တပ်မတော်၏ အရာရှိများကိုသာမက အစိုးရရုံးများမှ ၀န်ထမ်းများကိုလည်း အကျင့်မပျက်ပျက်အောင် ဖျက်သည်။ လာဘ်စားသည်။ တောင်းသည်။ အဂတိလိုက်စားသည်။ ထိပ်ဆုံးအရာရှိကြီးတွေကအစ အောက်ဆုံးအဆင့် ရုံးစေအထိ ပိုက်ဆံပေးမှ စေတနာထားသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အကြီးအကဲတစ်ဦးအနေနှင့် မသိဘဲ မနေပါ။ သိသိကြီးနှင့် ထိုသို့မဖြစ်ဖြစ်အောင် လမ်းကြောင်းထွင်ထားပေးခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်ကျင့်တရား ပျက်လေလေ၊ စည်းလုံးမှု အားနည်းလေလေမို့ ဦးသန်းရွှေကြီး သဘောတွေ့စရာ ဖြစ်နေလေတော့သည်။ တကယ်တော့ စည်းလုံးပြီး နားလည်မှုရှိသော ခိုင်မာသည့် လူ့အဖွဲ့အစည်း တစ်ခုထက် ပျက်စီးယိုယွင်းပြီး စည်းကမ်းပျက်နေသည့် ခြစားနေသော လူ့အဖွဲ့အစည်း တစ်ခုကို ပုံသွင်းထိန်းချုပ်ရန် ပိုမိုလွယ်ကူသည် မဟုတ်ပါလား။

မြန်မာနိုင်ငံအတွင်း သွေးချောင်းစီး လူသတ်ပွဲများတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျက်နှင့် အဘယ်ကြောင့် သွေးအေးအေးနှင့် ရက်စက်သော နည်းလမ်းများကိုသာ ဗိုလ်ချုပ်ကြီးသန်းရွှေ ရွေးချယ်ခဲ့သနည်း။ အဖြေကရှင်းပါသည်။ ၎င်းအနေနှင့် ဆူးလေစေတီတော်ရှေ့ လမ်းမများတွင် သေနတ်တကားကားနှင့် ယမ်းသမ်းပစ်ခတ်နေသည့် စစ်သားများကို ပြည်သူများက စက်ဆုပ်ရွံရှာသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို အရသာတွေ့လွန်းသောကြောင့် ဖြစ်ပါသည်။ စစ်တပ်၊ ရဲနှင့်ပြည်သူ အမုန်းပွားလေ၊ ပျက်စီးနေသော မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုလုံးကို စိတ်တိုင်းကျ ပုံသွင်းရန် လွယ်ကူလေဆိုသည်မှာ ဦးသန်းရွှေကဲ့သို့ မသမာသည့်နေရာတွင် ထူးထူးချွန်ချွန် ပါရမီရင့်သန်သူ တစ်ဦးအနေနှင့် မသိစရာ မရှိပါ။ ယခုတော့ အရာအားလုံးသည် ၎င်း၏စိတ်တိုင်းကျ ဖြစ်လာပါတော့သည်။

လူမိုက်ကံကောင်းဆိုသည့် စကားအတိုင်း ၎င်းအား ဆန့်ကျင်သော ကမ္ဘာ့နိုင်ငံကြီးတွေမှာ သဘာဝဘေးတွေ၊ စီးပွားပျက်ကပ်တွေကြောင့် မြန်မာနိုင်ငံကို အာရုံမစိုက်နိုင်တော့။ ထိုအခါတွင် နဂိုကတည်းက စည်းလုံးမှု မရှိသော ပြည်သူလူထုနှင့် တပ်မတော်တို့ကြား ခလောက်ဆန်ရန် ပိုပြီးအခွင့်သာလာတော့သည်။ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ကို အဖေခေါ်ပြီး ပေါင်းလိုက်သည်။ တော်ရုံအင်အားရှိသော ကမ္ဘာ့နိုင်ငံတစ်ခုအနေနှင့် မြန်မာ့အရေး ၀င်စွက်ဖက်ရန် နောက်တွန့်သွားတော့မည်ကို လူပါးကြီးကိုသန်းရွှေက နောကြေနေလေတော့သည်။ ထို့နောက်တွင်တော့ အများသိပြီးသည့်အတိုင်း ဆန့်ကျင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေအပေါ် တရားမျှတမှု၊ လူသားချင်း စာနာမှုတို့ လုံးဝမရှိသော နှစ်ရှည်ထောင်ဒဏ်များကို တံခါးပိတ်ချမှတ်စေသည်။ ရဟန်းတော်တို့အား သွေးအေးအေး သတ်ဖြတ်စေပြီးနောက် အတိုက်အခံတို့ကို သွေးအေးအေး နှိပ်ကွပ်စေပြန်သည်။

တစ်ဖက်က လမ်းတွေဖောက်၊ တံတားတွေဆောက်ကြောင်း အသံကောင်းဟစ်သည်။ အခြားတစ်ဖက်တွင်တော့ အစွယ်ငေါငေါနှင့် ဘီလူးသရုပ်ကို အမှန်အတိုင်း လှစ်ပြနေတော့သည်။ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာပြည်သူများ ၎င်းအပေါ် လုံးဝမလိုလားသည်ကို အသေအချာ သိရှိပါသည်။ သို့သော်လည်း ၎င်းထက်ပိုပြီး သိထားသည့်အချက်မှာ ထိုသို့မုန်းတီးနေမှုဖြင့် ၎င်းအားထိပါးအောင် မည်သို့မှ မစွမ်းဆောင်နိုင်ဆိုသော အချက်ပင်တည်း။ တပ်မတော်နှင့် ပြည်သူတို့သည် မစည်းလုံးကြပါ။

ပြည်သူတစ်ရပ်လုံးသည် ကုပ်သွေးစုပ် ချယ်လှယ်နေသော မြန်မာစစ်အာဏာရှင်ကြီးအား ဖယ်ရှားရေးအတွက် တပ်မတော်၏ လက်နက်အားကိုး တုန့်ပြန်မှုကို မတွန်းလှန်နိုင်ပါ။ ထို့အတူ တပ်မတော်အနေနှင့်လည်း ပြည်သူလူထု ထောက်ခံမှု မရှိဘဲနှင့် ၎င်းတို့အား အရိုးအရင်းမျှ ချကျွေးပြီး နယ်ရုပ်များသဖွယ် စိတ်တိုင်းကျ စတေးနေသော ဦးသန်းရွှေကို မဖယ်ရှားနိုင်ပါ။ ဗိုလ်ချုပ်ချင်း၊ တပ်မတော် အရာရှိချင်း နေရာလုကြသည်။ ပြည်သူများချင်း စိတ်ဝမ်းကွဲကြသည်။

တပ်မတော်နှင့် ပြည်သူ အကဲစမ်းကြသည်။ ထိုသို့ဖြင့် စည်းလုံးမှုဆိုသည်မှာ မြန်မာလူမျိုးတို့၏ အဘိဓာန်တွင် နားလည်ရခက်သော စာလုံးဖြစ်လာသည်။ သာသူစား စိတ်ဓာတ်တွေဖြင့် လူမျိုးရေးပါ နိမ့်ကျလာသည်။ ထိုအခြေအနေသည် စစ်အာဏာရှင်တစ်ဦးအားသက်တမ်းရှည်စေမည့် လောင်စာဖြစ်ကြောင်း မြန်မာလူမျိုးတိုင်း သတိပြုသင့်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေခြင်းမှာ မကောင်းပါ။ ဗိုလ်ချုပ်ကြီးသန်းရွှေလို အာဏာရူးတစ်ယောက် စင်ပေါ်ရောက်နေတာ မကောင်းပါ။ တရုတ်နှင့် ရုရှားတို့က မြန်မာအစိုးရကို ကာကွယ်နေတာ မကောင်းပါ။

သို့တိုင်အောင် မြန်မာပြည်သူတို့နှင့် မြန်မာ့သွေးဖြင့် ဖွဲ့တည်ထားသော တပ်မတော်တို့ စည်းလုံးမှု ပြိုကွဲနေခြင်းသည် မကောင်းဆုံး ဖြစ်ပါသည်။ သွေးချင်းနီးပြီး ကျောချင်းကပ်ရမည့် အချိန်မျိုးတွင် တစ်ဖက်နှင့်တစ်ဖက်၊ ပြည်သူနှင့်စစ်တပ် ရန်စောင်ပြီး အမြင်မကြည်ဖြစ်နေခြင်းသည် ဗိုလ်ချုပ်သန်းရွှေလို လူ့အန္ဓတွေ ကောင်းစားဖို့ စားပေါက်ထွင်ပေးသလိုသာ ဖြစ်နေတော့သည်။ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အမှန်ပင် ကြောက်စရာကောင်းသော လူယုတ်မာကြီး ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသည်မှာ မညီမညွတ်နှင့် သွေးကွဲပြီး အပြန်အလှန် လေးစားမှုမရှိတတ်သည့် မြန်မာတို့၏ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုပင်ဖြစ်ပါသည်။

ထိုသို့သော စိတ်ဆိုးစိတ်ညစ်များ လွင့်စဉ်သွားပြီး တပ်မတော်နှင့် ပြည်သူတို့ ချစ်ကြည်စွာလက်တွဲနိုင်မည့်အချိန်တွင် ဗိုလ်ချုပ်ကြီး သန်းရွှေကဲ့သို့ မသူတော်များအတွက် ဇာတ်သိမ်းခန်းသည် အမှန်ပင် ရောက်လာပါလိမ့်မည်။ ထိုအချိန်သည် အလွန်ကွာဝေးသော အနာဂါတ်တွင် ရှိမနေပါစေနှင့်ဟု မြန်မာပြည်သူများကိုယ်စား တောင်းဆုတစ်ခု ပြုမိပါ တော့သည်။

ကျော်ကျော် ( လူထုအသံ )

http://www.peoplemediavoice.com/shoot-article/2008-12-02-10-20-11.html

Written by Lwin Aung Soe

December 2, 2008 at 3:46 pm