Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for the ‘ကိုယ်တွေ့ဖြစ်ရပ်’ Category

ရှစ်လေးလုံး လူထုအုံကြွမှုမှာ တပ်မ(၂၂)က ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပုံ အဖြစ်မှန်များ

ရှစ်လေးလုံးနဲ့ စက်တင်ဘာ အာဏာသိမ်း လူသတ်ပွဲ အတွေ့အကြုံများ


ဆောင်းပါးရှင် – ဆရာကံ (တပ်မ ၂၂)

၁၉၈၈ ခုနှစ် သြဂုတ်လက ဘားအံမြို့မှာ လူထုတွေဆန္ဒပြနေပြီး နာရီစင်အနီး ဘုရားကြီးဝင်းထဲမှာ သပိတ်စခန်းဖွင့်ထားပါတယ်။ အဲဒီသပိတ်စခန်းကို (၂)ရက်အကြာနံနက် ၀၃း၀၀ နာရီအချိန်မှာ ကျနော်တို့ တပ်ရင်းက တပ်ခွဲ (၂)ခွဲနဲ့ သွားဝိုင်းရပါတယ်။ ဘုရားကြီး ဝင်းအတွင်းက ထောင်နဲ့ချီတဲ့လူထုကို အပြီးအပိုင် မောင်းထုတ်ခိုင်းပြီး၊ မထွက်ပါက ပစ်ခတ်ရန်အတွက် အဲဒီအချိန်က အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်တင်လှက အမိန့် ပေးခဲ့ပါတယ်။ ဘုရားကြီးဝင်းအတွင်းက လူထုအားလုံး ကြောက်လန့်ပြီး အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြပါတယ်။ ဒီအချိန်မှာ ဘုရားကြီးဝင်းအတွင်းကျန်ခဲ့တဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်များ အားလုံးကို တပ်မမှူးမှ သိမ်းဆည်းခိုင်းပါတယ်။ ဒါတွေကို (တပ်မ) ပိုင်ပစ္စည်းလို့ သတ်မှတ်ပါတယ်။

အဲဒီအချိန်ပိုင်းမှာဘဲ တပ်မ(၂၂)ကို တပ်ရင်း (၅)ရင်းနဲ့ ထုတ်နှုတ်ပြီး ရန်ကုန်ကို ရှေ့တန်းထွက်ရမယ်လို့ အမိန့်ရတဲ့အတွက် တပ်ရင်း (၅)ရင်း ရန်ကုန်မြို့ကိုသွားရပါတယ်။ အဲဒီအချိန်မှာ ကျနော်ဟာ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်း တစ်ရင်းမှာ စစ်သက် ၁ နှစ်ခွဲရှိတဲ့ လူသစ်ဘဝသာ ရှိပါသေးတယ်။

ရန်ကုန်မြို့ကို ပါသွားတဲ့တပ်ရင်းတွေကတော့ ခမရ (၂၀၄) မြိုင်ကလေး၊ ခမရ (၂၀၅) မြိုင်ကလေး၊ ခမရ (၂၀၇) သိမ်ဇရပ်အနီး၊ ခမရ(၂၀၈)၊ ခမရ(၂၁၀)တို့ ဖြစ်ပြီး တပ်ရင်း(၅)ရင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ရောက်တဲ့အခါ တပ်ရင်းအလိုက် နေရာချထားပေးပါတယ်။

(၁) မြို့တော်ခန်းမ ဆူးလေ ပတ်ဝန်းကျင်မှာ တပ်ရင်းတစ်ရင်း
(၂) အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာ တပ်ရင်းတစ်ရင်း
(၃) အသံလွှင့်ရုံ၊ ၈မိုင်လမ်းဆုံမှာ တပ်ရင်းတစ်ရင်း
(၄) တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ တပ်ရင်းတစ်ရင်း
(၅) သာကေတမှာ တပ်ရင်းတစ်ရင်း နေရာချသတ်မှတ်ပေးထားပြီး

အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ကျိုက္ကဆံကွင်းများကိုတော့ စစ်ဒေသမှူး၊ ဗျူဟာမှူးများကို နေရာချထားပေးပါတယ်။ အဲဒီတပ်များဟာ မြို့နယ်အလိုက် တာဝန်ယူရပါတယ်။

မိမိတပ်ရင်းတာဝန်ကျတဲ့ မြို့နယ်အလိုက် ကားနဲ့ တနေကုန် လှည့်ပေးရပြီး တပ်ခွဲတစ်ခွဲမှာ စစ်ကားကြီး (၃)စီးတွဲ၊ ကားပေါ်မှာ မိုက် တလုံးစီချိတ်၊ ကားဘေးဘယ်ညာ သံဆူးကြိုးခွေ (၂)ခွေစီချိတ်ဆွဲထားပါတယ်။ ဒီသံဆူးကြိုးခွေဟာ လူထုအုံကြွတဲ့အခါ လူထု အလယ်မှာ ကားမောင်းသွားပြီး သံဆူးကြိုးခွေ ဖြေချဖို့ဖြစ်ပါတယ်။

နောက်ပြီး တပ်ရင်းအလိုက် နေ့၊ ည လူထုနှိမ်နှင်းဖို့၊ ရိုက်နှက်ဖို့၊ ပစ်ခတ်ဖို့ သင်တန်းတက်ရပါတယ်။ အဲဒီ သင်တန်းတက်တဲ့အခါ အဓိက ပစ်ခတ်ရေး၊ ရိုက်နှက်ရေးမှာ တိုင်းရင်းသား လူမျိုးစစ်သည်တွေကို ရွေးချယ်ပြီး၊ ပစ်ခတ် ရိုက်နှက်လို့ သေကြေ ဒါဏ်ရာရသူများကို ဗမာလူမျိုး စစ်သည်တွေက လူနာကောက် ကားပေါ်ပစ်တင် ဆိုပြီးတာဝန်ပေးထားပါတယ်။

အဲဒီ စတင် ပစ်မိန့်ပေးတဲ့နေ့မှာ မြို့တော်ခန်းမနဲ့ ဆူးလေဘုရား တဝိုက်မှာ လူထုတွေ ရာနဲ့ချီသေပြီး ဒဏ်ရာရသူများကိုလည်း မသေမရှင် ကားပေါ်ပစ်တင်ကာ တာမွေသင်္ချိုင်းက ပေ ၅၀ ပတ်လည် ဘူဒိုဇာနဲ့ တူးထားတဲ့ကျင်းထဲကို သွန်ချပါတယ်။ အဲဒီထဲမှာ မသေတဲ့လူလည်း အများကြီး ကျင်းထဲသွန်ချပြီး ဘူဒိုဇာကားကြီးနဲ့ မြေဖို့ပါတယ်။ အဲဒီကျင်းထဲမှာ လူထောင်နဲ့ချီ ရှိတယ်လို့ပြောပါတယ်။ အဲဒီနားမှာ တပ်ခွဲတစ်ခွဲ ပတ်လည် စောင့်နေရပါတယ်။

အသံလွှင့်ရုံနားမှာလည်း ပစ်ခတ်လို့ သေကြေဒဏ်ရာရကြတာ အများကြီးပါဘဲ။ အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာလဲ အဲဒီလိုဘဲ ပစ်ရပါတယ်။ တောင်ဥက္ကလာပ၊ သာကေတ ကုန်းကျော်တံတား၊ သာကေတ ကျောက်တိုင်အနီး၊ သံလျင်တံတား၊ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ မြောက်ဥက္ကလာ ကုန်းကျော်တံတား၊ သင်္ဃန်းကျွန်း စံပြဈေး အနားတဝိုက်။ အဲဒီနေရာတွေအားလုံး လူထုတွေ သေကြေ၊ ဒဏ်ရာရသူ အများဆုံး ပစ်ခတ်မှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ သွားသွန်တဲ့နေရာကတော့ အဲဒီတနေရာဘဲသိပါတယ်။

အဲဒီ ၈၈ လူထုဆန္ဒပြပြီး ပစ်ခတ်ဖြိုခွင်းတဲ့အချိန်မှာ တပ်မှူးတွေက ဒဏ်ရာရတဲ့လူထုတွေ၊ သေတဲ့ လူထုတွေ ဆီမှာ ပါလာတဲ့ငွေတွေ၊ လက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ နားကပ်တွေကို သူနဲ့ရင်းတဲ့ရဲဘော်တွေကို အတင်း ဖြုတ်ခိုင်းပါတယ်။ တချို့တပ်မှူးတွေဆို ရွှေတွေ ငွေတွေ အများကြီး လူထုထံက လုယက်ဖြုတ်ယူတာ တွေ့မြင်ရပါတယ်။ အရေးအခင်း ကာလမှာ နေ့ ည လမ်းပေါ်မှာ လူ(၅)ယောက်ထက်မစုရ၊ (၅)ယောက် ထက်စုပြီး စကားပြောမိရင် ချက်ချင်းဖမ်း၊ ကားပေါ်ခေါ်တင်၊ ရဲစခန်းပို့၊ အမှုဖွင့်၊ ငွေဒဏ်ရိုက်ပါတယ်။

၁၉၈၈ ခုနှစ် ၁၂ လပိုင်းလောက်မှာ ကျနော့်တို့တပ်မ ကကျန်တဲ့ (၅)ရင်းပေါင်းပြီး ပထမ (၅)ရင်းကို သွားချိန်းပေးရပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ နည်းနည်းတော့ငြိမ်သွားပါပြီ။ အဲဒီအချိန်ရောက်တော့ ရန်ကုန်မှာရှိတဲ့လူထုတွေ(၂၂) ဆိုတဲ့ ဘက်တံဆိပ်ကို တွေ့ရင် အလိုလိုနေရင်းနဲ့ ကြောက်နေကြပါတယ်၊ နောက်ပြီးတော့ မုန်းလဲမုန်းကြပါတယ်။

ကျနော်တို့တပ်တွေကို ဆန္ဒပြတဲ့အချိန်က ဘယ်နားမှာ အများဆုံးဖြစ်သလဲ၊ ဘယ်ရပ်ကွက်မှာ အများဆုံးဖြစ်သလဲ၊ ဘယ်နားမှာ လူဆိုးတွေ များသလဲ၊ အရက်သမား များသလဲ။ အဲဒါကို စစ်ကားကြီးနဲ့ တလမ်းဝင် တလမ်းထွက် လိုက်ပတ်ခိုင်းပါတယ်။ သွားတဲ့အချိန်မှာ ရဲဘော်ကိုယ်စီ ဒိုင်းတစ်ခုစီ၊ နံပါတ်ဒုတ် တစ်ချောင်းစီ ပေးထားပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန် လမ်းပေါ်မှာ မူးနေတဲ့လူတွေ တွေ့ရင်၊ ကားနားဖြတ်လာတဲ့ လူတွေတွေ့ရင် ဆင်းရိုက်ခိုင်းပြီး မေးမြန်းမှုမရှိ ကားပေါ်ခေါ်တင် ကြိုးနဲ့တုပ် စစ်ဆေးမှုမရှိ ရဲစခန်းအချုပ်ထဲ သွားထည့်ပါတယ်။ တချို့ အရပ်သားတွေဆိုရင် ဘာမသိ ညာမသိ အဖမ်းဆီးခံရ၊ အရိုက်နှက်ခံရ၊ အချုပ်ခံရပါတယ်။ တချို့ဆို ကြည့်လို့မရရင် ဘာအပြစ်မှမရှိဘဲ အရိုက်နှက်ခံ အထိုးကြိတ်ခံရတယ်။

လူကြီးဆိုတဲ့လူဟာ ရဲ၊ ရဝတတွေနဲ့ ညှိနှိုင်းပြီး ဘာမှမဖြစ်တဲ့လူထုတွေကို ဖမ်းဆီး အမှုဖွင့်၊ လူထုထံက ဘယ်လောက်ကုန်ကျတယ် ဆိုပြီးညှိ ငွေတောင်းတယ်၊ ပြီးတော့ မျှဝေယူတယ်။ ဒါကို ကျနော်တို့ အောက်ခြေ အားလုံးသိတယ်၊ ပြောပိုင်ခွင့်မရှိ၊ မပြောရဲပါဘူး။ နောက်ပြီး ညတိုင်း ညတိုင်း ကျနော်တို့အောက်ခြေ အိပ်ရေး ပျက်ရပါတယ်၊ ရပ်ကွက်အလိုက် တအိမ်ဝင် တအိမ်ထွက် ဧည့်စာရင်း စစ်ခိုင်းပါတယ်။

တပ်ခွဲမှူးလုပ်တဲ့လူဟာ ရဝတရုံးမှာ သောက်စား၊ ပျော်ပါးပြီး အောက်ကငယ်သားတွေကို ဒီည လူဘယ်နှစ်ယောက် ဖမ်းလာခဲ့ဆိုရင် ရအောင်ဖမ်းလာရတယ်။ သတ်မှတ်ထားတဲ့လူဦးရေမပြည့်မချင်း မိုးလင်းအောင် ဧည့်စာရင်း စစ်ရတယ်။ ဧည့်စာရင်းစစ်တာက နာမည်ခံပါဘဲ၊ အပြစ်မရှိတဲ့လူထုတွေကို လိုက်ဖမ်း ဒဏ်ငွေတောင်းပြီး ပြန်လွှတ်တာဘဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဝတက သူကြည့်မရတဲ့လူတွေ၊ စားနိုင်သောက် နိုင်တဲ့လူတွေကို မှတ်ထားပြီး တပ်ခွဲမှူးလုပ်တဲ့သူကိုပြော၊ ဒါကို ကျွန်တော်တို့ အောက်ခြေကို သွားဖမ်းခိုင်း၊ အမှုဖွင့်၊ ဒဏ်ငွေ တောင်းပြီးပြန်လွှတ်၊ ဒီလိုဘဲလုပ်နေတာပါဘဲ။ တပ်ရင်းမှူးလုပ်တဲ့လူက ဒီတစ်လအတွင်းမှာ တပ်ခွဲမှူးတွေ ငွေ ဘယ်လောက်ရှာပေးရမယ်၊ ဘယ်လောက် အပ်ရမယ်ဆိုတာလည်း သတ်မှတ်ထားပါတယ်။

ကျနော့်တို့တပ်ရင်းတွေ ရန်ကုန်ရောက်တော့ ဆန္ဒပြရင် ဖြိုခွင်းဖို့ဆိုပြီး ဖြိုခွင်းရေးသင်တန်း တက်ရပါတယ်။ ပထမအကြိမ် တပ်ရင်းက တပ်ခွဲလိုက် ထုတ်နုတ်အင်အား ထုတ်နုတ်ပြီး အင်းစိန် အာအိုင်တီ ကျောင်းဝင်းမှာ (၇)ရက်တိတိ တက်ရပါတယ်။ အဲဒီသင်တန်းမှာ ပစ်ခတ်တဲ့ (၁၀)ယောက်အဖွဲ့ (၃)ဖွဲ့၊ တယောက်နဲ့တယောက် (၂)လံကွာ တန်းစီရပ်ပြီး ကားပေါ်မှာ စက်လတ်တလက်စီ တင်ထားပါတယ်။ ပစ်တဲ့နေရာမှာ ပထမတန်း ကျည်တဘောက်စီ မတ်တပ်ရပ်ပစ်ပြီးတာနဲ့ ဒုတိယတန်း ရှေ့ကိုပြေးတက်ပြီး နေရာယူ ဒူးထောက် ပစ်ခိုင်းပါတယ်။ တတိယတန်းမှောက်ပစ်အဖွဲ့လဲ အဲလိုပါဘဲ။ ပြီးတာနဲ့ ကားပေါ်ရှိ စက်လတ် အဖွဲ့ပစ်ဖို့ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပစ်ခတ်လို့ဒဏ်ရာရ၊ သေကြေတဲ့လူထုမှန်သမျှအတွက် မြေကြီးသယ်တဲ့ကားကြီး (၅) စီးရပ်ထားပြီး သေကြေ၊ ဒဏ်ရာရသူမှန်သမျှ ကားပေါ်ပစ်တင်ရန် ကားတစီးမှာ ရဲဘော်(၁၀)ယောက်စီ အသင့် တင်ထားပါတယ်။

ပထမအကြိမ် အဲဒီသင်တန်း အာအိုင်တီကျောင်းဝင်းမှာတက်ပြီး ဒုတိယအကြိမ် သုဝဏ္ဏကွင်းမှာ အဲဒီလိုဘဲ ပြန်တက်ရပါတယ်။ နောက်ပြီး တပ်ရင်းတိုင်း တပ်ခွဲတိုင်းမှာ အနီးကပ်တိုက်ခိုက်ဖို့ တိုင်ကွမ်ဒို၊ ကရာတေး၊ ကရာတေးဒို၊ ဂျူဒို ဆိုတဲ့ အနီးကပ် တိုက်ခိုက်ရေးသင်တန်း တက်ခိုင်းပါသေးတယ်။ အဲဒီအချိန်မှာ ရဲဘော်တွေ ဘယ်ဘဲသွားသွား သေနတ် အီကွစ်မင့် အပြည့်အစုံ၊ ဒိုင်းတစ်ခု၊ နံပါတ်တုတ်၊ ဖိုင်ဘာဦးထုပ်၊ လှံစွပ် နေ့စဉ်အသင့်ပြင်ခိုင်းထားပါတယ်။

အဲဒီအချိန် ရဲဘော်တစ်ဦးစီ တပ်ဆင်မှုမှာ ကျည်ဆံ ၂၅၀ တောင့်၊ ဘောက် ၅ ဘောက်၊ လှံစွပ်တစ်ချောင်း၊ လက်ပစ်ဗုံးတစ်လုံးစီနဲ့ နိုင်လွန်ကြိုးခွေတစ်ချောင်းစီတို့ ကိုယ်စီတပ်ဆင်ပေးထားပါတယ်။ ဧည့်စာရင်းစစ်တာ အကြောင်းပြ၊ အချိန်မတော် အိမ်ပေါ်တက်၊ အိပ်နေတဲ့ မိသားစုခြင်ထောင်ကို အတင်းဆွဲလှန်၊ တချို့မိသားစုတွေဆို ဖင်ပေါ်ခေါင်းပေါ်၊ တချို့တပ်မှူးတွေဆို သက်သက်မဲ့ ဧည့်စာရင်းအကြောင်းပြပြီး လူထုတွေကို ဒုက္ခပေး ခဲ့ကြပါတယ်။

တချို့ရဲဘော်တွေ တပ်မှူးတွေဆို အဲသလိုအိမ်တွေပေါ်မှာ လှပပြီးမျက်နှာသစ်တဲ့ ပစ္စည်းတွေဘာတွေတွေ့ရင် အိမ်ရှင် မသိအောင် ခိုးယူသွားသေးတယ်။ ဒါကို ကျနော်တို့က တိုင်းရင်းသားရဲဘော်တွေဆိုတော့ ဘာကိုမှ ပြန်မပြောရဲဘဲ နည်းနည်း ပြောသံ ထွက်ခဲ့ရင်လည်း ပါးရိုက်ခံရပါတယ်။ အဲဒီအချိန်မှာဆို လူကြီးတွေ အဆင့်လိုက် စီးပွားဖြစ်ပြီး လူထုအပေါ်အမြတ်ထုတ်၊ အောက်ခြေအဆင့် ဘာမသိတဲ့ရဲဘော်တွေကို အမိန့်ပေး ခိုင်းနေတာကိုယ်တွေ့ ဖြစ်ပါတယ်။ ဒါကို လူထုအများစုက နားလည်ကြပါတယ်။ အောက်ခြေကို လူထုတွေက သနားကြပါတယ်။ ကျနော့်ဆို တချို့လူထုတွေနဲ့ မိဘရင်းလို ရင်းနှီးခဲ့ပါတယ်။ ဒီလိုအလုပ်မျိုး မလုပ်ချင်ဘဲ လုပ်နေရတယ်ဆိုတာ အားလုံး ရှင်းပြလို့ လူထုများလည်း သဘောပေါက်ကြပါတယ်။

အဲဒီတုန်းကဆိုရင် အထက်လူကြီးတွေ ခိုင်းတိုင်း၊ ပြောတိုင်း လုပ်နေရတာကို မလုပ်နိုင်ဘူး ငြင်းဆန်ခဲ့ရင် ရိုက်နှက်ပြီး ထောင်ထဲ ချက်ချင်းထည့်ခံရပါတယ်၊ ဒါမှမဟုတ် တောထဲ ရှေ့တန်း အပို့ခံရပါတယ်။ သာကေတ ကျောက်တိုင်ကနေ ကုန်းကျော်တံတားဘက် အတက်မှာ ဘုန်းကြီး(၂)ပါးနဲ့ အဲဒီနောက်မှာ လူထု (၁၀)ယောက်လောက် အေးအေးဆေးဆေး လာနေတဲ့ဟာကို တပ်မ (၂၂ )ကဘဲ ပစ်သတ်ခဲ့ပါတယ်။

အရေးအခင်းကာလမှာ လူထုကိုပစ်တာကို စစ်မြေပြင်မှာ တိုက်တာထက် သူတို့ပျော်ကြပါတယ်။ ဒါကြောင့်မို့လို့ တချို့တပ်မှူးတွေ ရဲဘော်တွေဆို လူထုကိုကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်။ အဲဒီအချိန်ကဆို လူထုအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေပါတယ်။ ဒီအပြုအမူဟာ ရန်ကုန်မြို့် အရေးအခင်းကာလ တာဝန်ကျနေတဲ့ တပ်ရင်းတိုင်းလိုလိုပါဘဲ။ တချို့တပ်မှူးတပ်သားတွေဟာ လူထုအပေါ် အနိုင်ကျင့်၊ အမြတ်စားဆိုတဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံတာလည်း အများကြီးရှိပါတယ်။ တချို့တပ်မှူးငယ်တွေဆို မကောင်းတဲ့ လုပ်ရပ်တွေကို တားမြစ်လို့ ပါးရိုက်ခံရပြီး အရေးယူခံရတာရှိသေးတယ်။

၈၈ ခုနှစ်ကုန်တဲ့အချိန်ထိ အင်းစိန် အာအိုင်တီကျောင်း အုတ်နံရံမှာ ကျည်ဆံထိထားတဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ သွေးကွက်တွေ ခြောက်ကုန်ပြီး ရေနဲ့မဆေးထားပါ။ အရေးအခင်းကာလမှာ စစ်အာဏာရှင်တွေဟာ တကယ်သေသူတွေရော မသေမရှင် လူတွေကိုပါ ကျင်းထဲကို ကားနဲ့သွန်ချတာ သောင်းဂဏန်းလောက် ရှိပါတယ်ဆိုတဲ့ အကြောင်း ကိုယ်တွေ့အဖြစ်မှန်ကို ရေးသားပေးပို့လိုက်ပါတယ်။

Source: စည်းလုံးခြင်းရဲ့အင်အား

Link : http://photayokeking.myanmarbloggers.org/2008/09/blog-post_15.html

Advertisements

ပူတာအို ထောင်ပိုင် လာဘ်ပေး လာဘ်ယူလုပ်၊ လူ့အခွင့်အရေး ချိုးဖောက်နေ

ယနေ့ မြန်မာ မှ ကူးယူဖော်ပြသည်။

စက်တင်ဘာလကို ကြောက်ရွံ့နေတဲ့ နအဖ (အထူးသတင်း)

leave a comment »

စည်းလုံးခြင်းရဲ့အင်အား ဘလော့ဂ်မှ ကူးယူဖော်ပြသည်။

24 August 2008

စက်တင်ဘာလကို ကြောက်ရွံ့နေတဲ့ နအဖ (အထူးသတင်း)

စာဖတ်သူများခင်ဗျား

ရွှေဝါရောင်တော်လှန်ရေးကြောင့် စက်တင်ဘာလဟာနအဖအတွက် တုန်လှုပ်ချောက်ချား ရမဲ့လဖြစ်နေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ မှာ လုံခြုံရေးကို အထူးတင်းကျပ်စွာနဲ့ စောင့်ကြပ်နေတဲ့အကြောင်း သွေးရူးသွေးတမ်းနဲ့ ပြုမူဆောင်ရွက်ခဲ့ကြပုံတွေကို နမူနာ ဖြစ်စဉ်များနဲ့ တကွ ကျွန်တော် ကိုဖိုးတရုတ်ရဲ့  စစ်တပ်နဲ့ နီးစပ်သူများက သတင်းပေးလာပါတယ်။

နအဖဟာ ရန်ကုန်မြို့ လုံခြုံရေးကို စိုးရိမ်ထိတ်လန့်စွာနဲ့ တပ်များစွာ သွတ်သွင်းလာပါတယ်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ အင်အားနဲ့ မလုံလောက်တဲ့အတွက် တပ်မ(၇၇)၊ တပ်မ(၁၁)၊ တပ်မ(၂၂)နှင့် စကခ(၉)များကို ခေါ်ယူ တာဝန်ပေးခဲ့ပါတယ်။ ရန်ကုန်မြို့ ဘူတာကြီးနဲ့ အောင်ဆန်းကွင်း နေရာတွေဟာ စစ်တလင်း နယ်မြေကြီးလို ဖြစ်နေပြီး တပ်များကို ထူထဲစွာ စခန်းချထားရာ နေရာ ဖြစ်နေပါတယ်။ စခန်းသာ ဟိုတယ်ဘက်မှာလည်း စစ်ကားများ ရပ်ထားသလို ဘူတာကြီးရှေ့ ဓာတ်ဆီဆိုင်မှာ ဒိုင်း၊ လက်နက် အပြည့်အစုံနဲ့ လုံထိန်း ယာဉ်တန်းကားကြီး (၃) စီး Stand By ရပ်ထားတယ်လို့ သိရပါတယ်။

ရွှေတိဂုံဘုရား သွေးဆေးကန် တ၀ိုက် အာဇာနည်ကုန်းအနီးမှာတော့ စစ်ကား (၁၆)စီးထက်မနည်း တပ်မဌာနချုပ်တခုစာ တပ်စွဲထားတာမို့ မြို့လည်ခေါင် လူထုလှုပ်ရှားမှုဖြစ်ပါက အလွယ်တကူ ချေမှုန်းနိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ပါတယ်။ မြို့ တော်ခန်းမရှေ့မှာ သံချပ်ကာ ယာဉ်များနဲ့ တကွ တပ်မဌာနချုပ်တခုကို ရုံးထိုင်စေကာ လုံထိန်းတံဆိပ်တပ် တရုတ်လုပ် ရဲကားများ ကိုလည်းမြို့တော်ခန်းမရှေ့တွင် စီတန်း ထားပါတယ်။

ဒါ့အပြင် တာမွေ လမ်းဆုံကဲ့သို့ လူထုအုံကြွမှု ဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ နီးစပ်တဲ့ ကျိုက္ကဆံကွင်းမှာလည်း တပ်မအဆင့် ဌာနချုပ်တခု ရုံးထိုင်ကာ တပ်အင်အားထူထပ်စွာ ချထားခဲ့ပါတယ်။ နေ့ခင်းမှာတော့ လက်နက်ကိုင် လုံထိန်းများကို ယာဉ်ပေါ်တင်ကာ ကင်းလှည့် လည်နေပြီး ညဘက် (၉) နာရီ ကျော်ပါက လမ်းမကြီးတွေပေါ်မှာ စစ်တပ်ကတော့ ရန်သူ ဧရိယာကို ရှင်းလင်းတဲ့ ပုံစံမျိုး Point ပွိုင့် ရှင်းတဲ့ သေနတ်အံကပ် အသင့်အနေအထားနဲ့ ရင်ဘောင်တန်း ဖြန့်ချီတက်နေတာ တွေ့ရပါတယ်။ နေ့ခင်းကြောင်တောင်မှာတောင် ကားမှတ်တိုင်တွေမှာ ကြံ့ဖွံ့ ဦးအောင်သောင်း စီမံမှုနဲ့ ကြံ့ဖွံ့တွေကို ဘုန်းကြီးဝတ်ခိုင်းပြီး စောင့်ကြပ်နေတာ သိရပါတယ်။

မြို့ တော်ခန်းမရှေ့ မှာ တရုတ်လုပ် လုံထိန်းကားများ စီတန်းရပ်တန့်ထားစဉ် (ဤ ဓာတ်ပုံများအား ပို့ပေးသော Generation Wave မှ လူငယ်အား အထူးကျေးဇူးတင်ရှိပါတယ်)

နအဖရဲ့  စိုးရိမ်ထိတ်လန့် နေပုံ ဖြစ်ပွားတဲ့ ဖြစ်စဉ်တခုကိုတင်ပြရရင် အောင်ဆန်းကွင်း ဗလီကြီးအနီး ကုလား လဘက်ရည်ဆိုင် တစ်ဆိုင် အား သြဂုတ်လဆန်း ည (၁၁)နာရီကျော်ချိန်ခန့် မှာစစ်ကားတစီး ထိုးဆိုက်လာပါတယ်။ လဘက်ရည် သောက်နေတဲ့ လူတွေကို ဖမ်းပြီး ကားပေါ်တင်တဲ့အပြင် ဆိုင်ပိုင်ရှင်နဲ့ စားပွဲထိုးများဖြစ်ပါတယ်လို့ ပြောတာ မရဘဲနဲ့ သူတို့ကိုပါသိမ်းကျုံး ဖမ်းဆီးသွားခဲ့ပါတယ်။ ဆိုင်ပိုင်ရှင် ကုလားကြီးရဲ့ မိန်းမက သူ့ရဲ့မိတ်ဆွေ ဗိုလ်မှူးတဦးထံ အသနားခံ အကူအညီတောင်းပြီး ဖမ်းသွားတဲ့ကိစ္စကို စုံစမ်းခဲ့ပါတယ်။ အသိဗိုလ်မှူးရဲ့ ကူညီမှုကြောင့် ကုလားကြီးဟာ မြို့တော်ခန်းမထဲရှိ အခန်းကျဉ်းထဲမှာ ပိတ်လှောင်ဖမ်းဆီးခံနေရတာကိုသိရပြီး ငွေ (၂) သိန်း လာဘ်ထိုးမှ လွှတ်ပေးကြောင်း သိရပါတယ်။

ဒါတောင် မြို့တော်ခန်းမက စစ်တပ်အရာရှိတွေဟာ ဒီသတင်း ဘယ်ကရသလဲဆိုတာ ဒေါကန်နေလို့ ကုလားကြီးရဲ့  မိတ်ဆွေ ဗိုလ်မှူးက ဖိအားပေးတာမို့ သူတို့အချင်းချင်းဖြစ်လို့သာ အသာတကြည် လျော့ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန် လူထုကို တိရိစ္ဆာန်များသဖွယ် ဥပဒေပုဒ်မတပ် အရေးယူခြင်းမရှိဘဲ ယခုလို ချုပ်နှောင်ဖမ်းဆီးနေတာဟာ စစ်အာဏာရှင်တွေရဲ့ ဇာတိသရုပ် ပေါ်ထွက်လာတာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မြို့တော်ခန်းမရှေ့  ဘားလမ်း အတွင်း တရုတ်လုပ် လုံထိန်းကားများ စီတန်း ရပ်တန့်ထားစဉ် (ဤ ဓာတ်ပုံများအား ပို့ပေးသော Generation Wave မှ လူငယ်အား အထူးကျေးဇူးတင်ရှိပါတယ်)

Written by Lwin Aung Soe

August 24, 2008 at 11:10 pm

ဆိုင်ကလုန်းမုန်တိုင်းမှ ကိုယ်တွေ့အဖြစ်အပျက်

leave a comment »

Myanmar Herald Tribune မှ ကူးယူဖော်ပြသည်။

မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရတဲ့ ကလေးသူငယ်များ စိတ်ရောဂါဝေဒနာအချို့ကို ခံစားနေကြရ

MHT_(27-5-200 8)

မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကို အင်အားပြင်းထန်စွာနဲ့ ၀င်ရောက်တိုက်ခက်သွားခဲ့တဲ့ ဆိုက်ကလုံးနာဂစ်အပြီးအခုအချိန်မှာတော့ မုန်တိုင်ဒဏ်ကိုဆိုးရွားစွာ ခံစာခဲ့ရတဲ့ဒေသတွေမှာနေထိုင်နေကြရတဲ့ ကလေးငယ်တွေဟာ မုန်တိုင်ဒဏ်ကြောင့် အမည်ဖော်ရန်ခက်ခဲ့လှတဲ့ စိတ်ရောဂါဝေဒနာတွေကို ခံစားနေကြရတယ်လို့ ထိုဒေသများသို့ သွားရောက်ကာ လူမှုရေးအလှူပေးခဲ့တဲ့ လူငယ်အများအပြားကဆို ပါတယ်။

လိတ်ကျွန်းကျေးရွာနေ ကလေးငယ်တစ်ဦအား လှူဒါန်းထားသော ခေါက်ဆွဲခြောက်တစ်ထုပ်နှင့် တွေ့ရစဉ်

ကလေးငယ်တွေဟာ မုန်းတိုင်းကျရောက်နေစဉ်မှာပင် ကြောက်လန့်ခြင်းဝေဒနာကို (၁၅) နာရီလုံးလုံးခံစားခဲ့ကြရတဲ့အတွက် ဒီလို ကြောက်လန့်မှုစွဲလန်းခြင်း စိတ်ဝေဒနာကို ခံစားနေကြရတာဖြစ်တယ်လို့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးက MHT သို့ ဆိုပါတယ်။ ယခုအချိန်ဆိုလျှင် မုန်တိုင်းတိုက်ခက်ပြီးသွားခဲ့သည်မှာ (၂၃) ရက် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် သူတို့ခံစားနေကြရတဲ့ ဝေဒနာတွေကတော့ ပျောက်ပျက်သွားခြင်မရှိသေးပဲ ပိုပိုဆိုးရွားလာနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက MHT သို့ အခုလိုဆိုပါတယ်။

ကျွန်မရဲ့သားလေးက အခုမှ နှစ်နှစ်ခွဲပါ။ မုန်တိုင်းကျတဲ့ညက ကျွန်မတို့မိသားစုက လှေကို အုန်းပင်မှာချီပြီးနေခဲ့ကြရတယ်။ တစ်ညလုံးဆိုပါတော့ရှင်။ ကလေးဆိုတာကလည်း ငိုလိုက်တာလွန်ရော။ ကျွန်မတို့ရှေ့မှာပဲ မခံနိုင်လို့လက်လွှတ်လိုက်တဲ့လူတွေ သေပြီးမျောလာတယ်။ တစ်ချို့လူတွေကျတော့ အပင်တွေလဲကျလို့ ပိပြီးသေခဲ့တယ်။ ဒီလိုအမြင်တွေအကုန်လုံကို ကျွန်မတို့ ကြုံတွေ့ခံစားခဲ့ရကြရတာပေါ့။

ကျွန်မသားလေးဆိုရင် ကျွန်မ ရေမွန်းပြီး သေပြီလို့တောင်ထင်ခဲ့တာ။ သူသာအဲ့ဒီညက သေခဲ့မယ်ဆိုရင် ကျွန်မလည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဘယ်လောက်ဆိုးလဲဆိုရင် တစ်ညလုံး သူငိုနေတဲ့ဟာကို ကျွန်မ နှုတ်နဲ့ပဲ ချော့နိုင်ခဲ့တယ်။ ခေါင်းကို ရေမမြုပ်အောင် သူ့ဖအေက ထိန်းပေးထားတယ်။

ဒီရွာက ကျွန်မအသိ အမျိုးသမီးတစ်ယောက်ဆိုရင် မီးဖွားဖို့ နှစ်ရက်လောက်ပဲ လိုတော့တာ။ မုန်တိုင်းကျတော့ တက်လာတဲ့ ရေတွေကြားထဲ အသက်မသေအောင် ပြေးရင်းလွှားရင်းနဲ့ အပေါ်ကိုရောက်လို့ ကြည့်လိုက် တော့ သူဗိုက်က ဖောင်းမနေတော့ဘူး။ ကလေးဆိုတာ ဘယ်ကျနေခဲ့မှန်းကို မသိတော့ဘူး။ သူလည်း သွေးနုသားနု၊ စားစရာက ဘာမှမရှိ ကုစရာဆေးဝါးကမရှိတော့ မုန်တိုင်းကျပြီး နှစ်ရက်နေတော့ ဆုံးသွားတယ်။ စိတ်မကောင်းစရာပဲပေါ့။ သူ့ထက်စာရင် ကျွန်မတို့က အများကြီးခံသာပါသေးတယ်။

ကလေးကတော့ မိုးတွေရွာလာပြီဆိုရင် အတင်းငိုတော့တာပဲ ဘယ်လိုချောချာ့ကို ချော့လို့မရအောင်ပဲ။ အခု သူစကားစပြော တတ်နေပြီဆိုတော့ “အမေ အမေ မိုး မိုး”  ဆိုပြီး တစ်ချိန်လုံး အော်ငိုနေတာ” လို့ သူမ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ခံစားချက်ကြီးစွာနဲ့ ပြောပြခဲ့ပါတယ်။

နာဂစ်မုန်တိုင်းအပြီး အသက်မသေဘဲ ကျန်ရစ်ခဲ့သည့် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ

ကလေးငယ်များ လာရောက်လှူဒါန်းမည့်သူများကို စောင့်မျှော်နေကြစဉ်

မုန်တိုင်းဒဏ်ကို အလူးအလဲခံစားခဲ့ကြရတဲ့ အဲ့ဒီလိုဒေသတွေမှာတော့ ပြည်သူတွေဟာ မုန်တိုင်းအတွင်းမှာ သေရင်သေခဲ့ မသေပဲ အသက်ရှင်ကျန်ရစ်ခဲ့ရင်လည်း အစာရေစာငတ်ပျက်ကာ ရက်ပိုင်းအတွင်းမှာပဲ ဆက်လက်သေဆုံးသူတွေ အများအပြားရှိနေတာကို ကျွန်တော်များ MHT မှ တက်နိုင်သမျှ စုံလင်အောင် တင်ပြပေးသွားမှာဖြစ်ပါတယ်။

============================================================================

MHT

awaiset.navanar@gmail.com

(ယခုသတင်းတွင်ဖော်ပြထားသော သတင်းဓာတ်ပုံများမှ MHT ကိုယ်ပိုင်သတင်းဓာတ်ပုံများဖြစ်ပါသဖြင့် မည်သည့်သတင်းဌာနမှမဆို MHT ၏ သတင်းဓာတ်ပုံများဖြစ်ကြောင်း ဖော်ပြကာ လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်။)

Original post URL: http://myanmarht.wordpress.com/2008/05/27/%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%92%e1%80%8f%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%b2/

Written by Lwin Aung Soe

May 30, 2008 at 12:41 pm