Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ တိုင်းပြည်အရေး

leave a comment »

ဟစ်တိုင် မှကူးယူဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ တိုင်းပြည်အရေး

ဆလိုင်းထွန်းသန်း

ဒေါ်အောင်ဆန်းစုကြည်က အခု အစာငတ်ခံတယ်လို့ ပြောတယ်။

ဒီက (ဒေါ်စုနားမှာ နေဖူးတဲ့) စောမြတ်မာဆိုတဲ့ မိန်းကလေး ပြောတာက ဒေါ်အောင်ဆန်းစုကြည်က အစာငတ်ခံ ဆန္ဒပြတာ သဘောမတူဘူးတဲ့။ သူ့အိမ်က ကလေးမလေးတွေကိုလဲ နှောင့်ယှက်တယ်တဲ့။ ဈေးခြင်း မယူတာလဲ သုံးပတ်လောက် ကြာပြီဆိုတော့ စဉ်းစားစရာက ဘာဖြစ်နေလဲဆိုတော့ ဘာကြောင့် ဒီကလေးမကို သူတို့က လိုက်နှောင့်ယှက်သလဲ။ ဈေးခြင်းက ဘာလို့ မယူတာလဲ။

ဈေးခြင်းမယူတာလဲ အဓိပ္ပာယ် ရှိရမယ်။ ကလေးမလေးတွေကို နှောင့်ယှက်တာလဲ အဓိပ္ပာယ် ရှိရမယ်။ အဲဒီတော့ ဘယ်လိုဖြစ်သလဲ ဆိုရင် သူဟာ ၁-အချက် ဈေးခြင်းကို မယူတာဟာ ဈေးခြင်းထဲမှာ ဘာတွေ ပါလို့လဲ။ တကယ်ပဲ အစာငတ်ခံ ဆန္ဒပြနေလို့လား။ ကောင်မလေးကို ဘာလုပ်ခိုင်းလို့လဲ။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်နှိုက်က အစာငတ်ခံ ဆန္ဒပြတာ သူမကြိုက်ဘူး ဆိုတော့ သူ တကယ်လို့သာ အစာငတ်ခံ ဆန္ဒပြရင် သူ ဘာကြောင့် ပြရသလဲ။ အဲဒီဥစ္စာကို ကျနော်တို့က ကိုယ့်ဟာကိုယ် ဆင်ခြင်ကြည့်တာပေါ့လေ။ ဆန္ဒပြရအောင်ကို အကျိုးအကြောင်းက ရှိလာတယ်။

ရှင်းရှင်းပြောမယ်ဆိုရင် မြန်မာပြည်မှာ သူ ရှိမှ ဖြစ်မယ်။ သူမရှိရင် တိုင်းပြည်က အကုန် ဝရုန်းသုန်းကား ဖြစ်မယ်။ စစ်တပ်က တိုင်းပြည်ကို ထိန်းနိုင်တာထက် သူက ပိုထိန်းနိုင်တယ်။ စစ်တပ်ထက် သူက (၁ဝ) ဆ သာတယ်။ အဲဒါကြောင့် သူ ရှိမှ ဖြစ်မယ်။ သူ မရှိရင် မဖြစ်ဘူး။ အပြင်က လူတွေ ကိုယ့်ကိုယ့်ကိုယ် အထင်ကြီးကြတဲ့ လူတွေ ရှိတယ်။ ငါက အောင်ဆန်းစုကြည်လို လုပ်နိုင်တယ် ဆိုတာ။ အဲဒီကောင်တွေ တယောက်မှ မလုပ်နိုင်ဘူး။ သူ့လိုလဲ အနစ်နာ မခံနိုင်ဘူး။ သူ့လိုလဲ စေတနာ မရှိဘူး။ သူ့လိုလဲ ကမ္ဘာမှာ မသိကြဘူး။ အဲဒီတော့ သူရှိမှ ဖြစ်မယ်။

သူသာ မတော်တဆ တခုခု တိမ်းပါးသွားရင် တိုင်းပြည်ကြီး ဝရုန်းသုန်းကား ဖြစ်မှာပေါ့။ အဲဒါတွေက မဖြစ်စေချင်ဆုံးပဲ။ အဲဒါတွေက မမျှော်လင့်ချင်တဲ့အရာ။ ဘယ်တော့မှ မမျှော်လင့်ပဲ။ ငါ ဆန္ဒပြတုန်းကတော့ ငါက အဘိုးကြီးပဲ။ ငါသေရင် အလောင်း မိန်းမပေးလိုက်။ ဒါပဲ တောင်းတယ်။ ထမင်းမစားရတော့ရော ဘာဖြစ်သေးလဲ။ ဘာမှ မဖြစ်ဘူး။ လူဆိုတာ သတ္တိရှိရှိ သေဖို့ လိုတယ်။

အစိုးရကို အဘက ဘယ်လို ပြောချင်သလဲဆိုတော့ မြန်မာပြည်ရဲ့ အခက်အခဲရော လူထုရဲ့ အခက်အခဲရော တကယ် ထွက်ပေါက်က ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်။ ဒေါ်စုက တကယ် ပျော့ပျောင်းတဲ့ ခွင့်လွှတ်တတ်တဲ့ သူ့အကျိုး မမျှော်ကိုးပဲ အနစ်နာခံပြီး လုပ်နေတာ။ သူသာ ထွက်ပေါက် ဖြစ်နေတယ်။

တကယ်လို့ ဒေါ်ဗအာင်ဆန်းစုကြည်ကို နှိပ်စက်မယ်ဆိုရင် သူသာ မရှိတော့ဘူးဆိုရင် မြန်မာပြည်တော့ ငါးပါးတင်မက သံဃာစင်ပါ မှောက်မယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ်။

ဘဝဆိုတာ ရုန်းကန်ရတာချည်းပဲ။ လူ့ဘဝ လာတာတောင်မှ ငါတို့က ခွက်ခွက်လန်ရယ်ပြီး ထွက်လာသလား။ အမေ့ဝမ်းထဲကနေ။ ငိုပြီးမှ ထွက်လာတာ မဟုတ်လား။ ကိုယ်လဲ နောက်မှ စားနိုင်သောက်နိုင် အသိဥာဏ်ဝင်လာမှ ပျော်တယ်ရွှင်တယ်ဆိုတာ သိလာတယ်။ ဒီလိုပါပဲ လောကကြီးဟာ။ အနာမခံဘဲနဲ့ အသာစံလို့တော့ မလွယ်ပါဘူး။ အနာမခံဘဲနဲ့ အသာစံတဲ့လူတွေ ရှိကောင်း ရှိမပေါ့။ အဲဒါက ယာယီပဲ။

၆၄ တုန်းကဆိုရင် ဦးနေဝင်းက ဘယ်လောက်တောင် သူ့ကိုယ်သူ ကြွားသလဲဆိုရင် မြန်မာပြည်ငွေမှာ ကမ္ဘာမှာ အခိုင်ဆုံးထဲမှာ ပါတယ်ဆိုပြီး နှစ်နဲ့ချီပြီး သတင်းစာတွေမှာ ငွေဘယ်လောက်ရှိတယ်၊ ရွှေဘယ်လောက်ရှိတယ်ဆိုတာ နှစ်စဉ် ထည့်တယ်။ အဲဒီကနေ တဖြည်းဖြည်း ဆိုးလာလိုက်တာ ၈၇ မှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ယူအန်မှာ သွားပြီး မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံထဲမှာ ပါပါတယ်လို့ ပြောရတယ်။

အဘ ဥပမာလေးတခု ပြောပြမယ်။ အဘ ထောင်ထဲမဝင်ခင် ကြက်ဥတလုံးကို ၁ဝ ပဲ ရှိတယ်။ ထောင်က ထွက်လာတဲ့အခါ ၃၅ ကျပ် ဖြစ်သွားတယ်။ တနှစ်ခွဲလေးထဲမှာကိုပဲ တော်တော်ကို ဈေးကြီးသွားတယ်။ ခု ဘဲဥ-ကြက်ဥ တလုံးကို ၁၅ဝ လို့ ပြောတယ်။ လူတွေ ရကြတဲ့ လခတို့ဆိုတာ တက်မလာဘူး။ တက်မလာတော့ လူတွေက အရမ်းဆင်းရဲလာတာပေါ့။ ဆင်းရဲလာတဲ့အခါကျတော့ လူငယ်တွေက သူတို့က စိတ်မရှည်တော့ဘူး။ မရှည်တော့ နိုင်ငံခြားကို သွားကြတယ်။ အဲဒီမှာ ပိုကောင်းတဲ့အလုပ် ရတဲ့လူလဲ ရှိသပေါ့။ မကောင်းတဲ့အလုပ် ရတဲ့လူလဲ ရှိတယ်။

ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံက အခု ဖြစ်နေပြီ။ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်။ စစ်အစိုးရသည် တိုင်းပြည်ကို ဆက်အုပ်ချုပ်ဖို့ မကောင်းတော့ဘူး။ ၁၉၉ဝ က အနိုင်ရတဲ့ ပါတီကို လွှဲပေးဖို့ ကောင်းတယ်။

ဒီလိုမှ မဟုတ်ရင်လဲ နိုင်ငံတကာက စောင့်ကြပ်ထားတဲ့ မဲရုံတွေဟာ (သူတို့ကိုတော့ စောင့်ကြပ်ခိုင်းလို့ မရဘူး)။ ၁၉၄၇ က  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ လုပ်ရင်ကောင်းမယ်။

အခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေလဲ မယူဘူး။ ဗိုလ်ချုပ် လုပ်ခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အဲဒီအတိုင်းပဲ လိုချင်တယ်။ နောက်မှ ပြန်ဖြစ်ပေါ့။

ဒါမှမဟုတ်လဲ ကြားဖြတ်အစိုးရတခုတော့ ဖွဲ့မှ ဖြစ်မယ်။ တိုင်းပြည်က တဖြည်းဖြည်း ဆိုးလာပြီ။ လူတွေက desperate ဖြစ်လာပြီ။ ဖြစ်လာရင် အသက်သေရမှာလဲ လူတွေက မကြောက်တော့ဘူး။ တတိုင်းပြည်လုံး သွေးချောင်းစီးသွားနိုင်တယ်။ မြန်မာပြည်ကို တကယ်ချစ်ရင် အာဏာကိုရော ကြားဖြတ်အစိုးရကိုရော ပေးမှ ဖြစ်မယ်လို့ အဘတော့ မြင်တယ်။

အဲဒီလိုမှ မလုပ်ရင် ဟိုတုန်းက အာရှမှာ ထိပ်တန်းက နေတဲ့ မြန်မာပြည်ဟာ အခုဆိုရင် နောက်ဆုံးပိတ်ကြီး ဖြစ်နေတယ်။ စီးပွားရေး ပညာရေး လူမှုရေးတင်မကဘူး။ အားကစားမှာတင် လူဦးရေ သုံးလေးသိန်းရှိတဲ့ ဘရူနိုင်းလောက်တောင် ခွန်အား မရှိတော့ဘူး။ ပြည်သူလူထု ကြားမှာလဲ ညီညွတ်ကြဖို့ လိုတယ်။ ထောင်ဆိုတာ ကြောက်စရာ မလိုပါဘူး။ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရမှာပဲ။

အဘလဲ အခုက အသက် ၈ဝ ကျော်ပြီဆိုတော့ ပါးစပ်ကပဲ လုပ်နိုင်တော့တယ်။ သို့ပေမယ့် လက်နဲ့ခြေနဲ့ ဘယ်လောက် လုပ်နိုင်မလဲ ကြည့်နေတယ်။

မြန်မာပြည်သူပြည်သားတွေ အပြင်မှာ နေတဲ့ သူရော အတွင်းမှာ နေတဲ့သူရော ညီကြပါ။ အရိုးလေး အရင်းလေးခွဲပြီး စားရတာနဲ့ ပျော်မြူးမနေပါနဲ့။ သားစဉ်မြေးဆက်ရဲ့ အခြေအနေကို ကြည့်ပါ။ နောက်တချိန်။

ဗိုလ်ချုပ်အောင်ဆန်းကို သတ်ခဲ့တဲ့ ဦးစောသမီး ဘေဘီစောတို့ဆိုရင် လူရှေ့မှာ မျက်နှာတောင် မပြရဲဘူး။ နအဖနဲ့ ပေါင်းတဲ့သူတွေဟာ သူတို့ရဲ့ သားသမီးဟာ လူရှေ့မှာ မျက်နှာမပြရဲဘူး ဆိုတာ ဖြစ်မယ်။ အပြင်က လူတွေလဲ ညီရမယ်။ အတွင်းက လူတွေလဲ ညီရမယ်။ ခေါင်းဆောင်ဆိုတာ ရှာမနေနဲ့။ ခေါင်းဆောင်ဆိုတာ ကိုယ်ပဲ။ လုပ်စရာ ရှိတာကိုသာ ညှိညှိနှိုင်းနှိုင်း လုပ်ရင် ဒီမိုကရေစီဆိုတာ ရမှာပဲ။

နောက်တခု အဘ ပြောလေ့ရှိတာက လူဟာ ဘာသာရေးကို မပါဘဲ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ မင်း ဘာအတွက် အသက်ရှင်မလဲလို့ အဘကို မေးရင် အဘ မဖြေတတ်ဘူး။ အဘသိတာ တခုလေးတော့ ရှိတယ်။ ဒီကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါတွေ မှန်သမျှဟာ သေကြရမယ့် သူတွေချည်းပဲ။ ကမ္ဘာလောကကြီးသည် တခဏသာ နေရတဲ့ ယာယီတဲပဲ။ ဒီယာယီတဲကို ငါတို့ မက်နေလို့ မရဘူး။ အဲဒီတော့ ဒီကမ္ဘာမှာ သေကြတဲ့ ပုံတွေကို ငါတို့ ကြည့်ရအောင်။ ရိုးရိုး ဖျားနာပြီး သေတာက တမျိုး။ ကိုယ့်ရဲ့ စနက် မပါဘဲနဲ့ အေအိုင်ဒီအက်စ်လို ဆေးဝါးလို သေရတာက တမျိုး။

နောက်တခုက ကိုယ့်ရဲ့ အသိတရား မပါဘဲ သို့သော်လဲ ပါနေရတယ်။ ဘာ ပါနေရလဲဆိုတော့ မှန်သလား မှားသလား မဝေခွဲတတ်ဘူး။ သို့သော် ပါနေရတယ်။ ရန်ပွဲတခု၊ စစ်ပွဲတခု ကြားထဲမှာ ကိုယ်သေသွားနိုင်တယ်။

နောက်တခုက ကိုယ့်ကြောင့် ကိုယ့်ရဲ့ လိုချင်တဲ့ ဆန္ဒတခုကြောင့် ရန်ပွဲမှာ သေရတယ်။ ခုနဟာက မဝေခွဲတတ်ဘူး။ ခုဟာက ဝေခွဲတတ်သားနဲ့ ကိုယ် သေသွားရတယ်။ နောက်ဆုံး တခုကိုတော့ ကိုယ် မသေချင်ဆုံးပဲ။ မတော်တဆ သေတာ၊ ကိုယ် မသိလိုက်ဘဲနဲ့ ရောဂါဆိုး ဖြစ်သေတာ။ ဒါက ကိစ္စမရှိဘူး။

ကိုယ့်လောဘကြောင့် ကိုယ့်ဟာကိုယ် သေရတာတော့ ဘယ်သူမှ မသေချင်ဘူး။ ဒီလောကမှာ အသက်ရှင်တဲ့ အခါမှာ အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်မှု လိုတယ်။ ကိုယ် မသိဘဲနဲ့ သေရမယ် ဆိုရင်တော့ ရှောင်လို့ရရင်တော့ ရှောင်ချင်တာပေါ့ကွာ။ ရှောင်လို့ မရရင်လဲ ဘယ်တတ်နိုင်မလဲ။ ကိုယ့်ကြောင့်တော့ သူများသေတာရော ကိုယ့်ဟာကိုယ် သေတာရော မဖြစ်ချင်ဘူး။ အဲဒီတော့ ဒီကမ္ဘာမှာ ငါတို့ အသက်ရှင်စဉ်မှာ ဖြူစင်သည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ၊ လှသည်ဖြစ်စေ အရုပ်ဆိုးသည်ဖြစ်စေ ဘယ်လို ဘဝ အခြေအနေမျိုးပဲလာလာ အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်ခြင်း၊ အဓိပ္ပာယ်ရှိတဲ့ သေခြင်းက အကောင်းဆုံးပဲ။

အဲဒီတော့ အဘ ပြောချင်တာက ဒီကမ္ဘာမှာ ငါတို့ အသက်ရှင်စဉ်မှာ ယာယီပင် ဖြစ်သော်လည်း အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်ခြင်းနဲ့ အသက်ရှင်ပြီး အဓိပ္ပာယ်ရှိတဲ့ သေခြင်းနဲ့ သေရတာကိုတော့ သဘောကျတယ်။

အဲဒီတော့ မြန်မာပြည်သူပြည်သားတွေကို ပြောချင်တာက ငါတို့ဟာ သေမျိုးတွေ၊ တနေ့ သေရမယ်။ အဓိပ္ပာယ်ရှိတဲ့ သေမျိုးနဲ့ ငါတို့ သေရမှာက မြတ်ပါတယ်။ ဟို နအဖတို့ ဘာတို့ မကောင်းတဲ့လူတွေ ဓားပြတိုက်တဲ့လူတွေ သူများပစ္စည်း လုတဲ့သူတွေ အဲဒီလို လူမျိုးတွေနဲ့ တွဲပြီး အသက်မရှင်ပါနဲ့။ သူများအတွက် အကောင်းဆုံးကို လုပ်ရင်းနဲ့ သေရတာက မြတ်တယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က မြန်မာပြည်ကြီးက ငါတို့ ကောင်းစားစေချင်ရင် ငါတို့ အားလုံးသည် ကောင်းသော အသက်ရှင်ခြင်းနဲ့ ရှင်ပြီး ကောင်းသော သေခြင်းနဲ့ သေဖို့ရာ ပြင်ဆင်ဖို့ လိုကြတယ်။

ငါဟာ သေရမှာပဲဆိုပြီး ဘယ်သူမှ ကြောက်မနေနဲ့။ တနေ့ သေရမယ့် သူတွေချည်းပဲ။ ကောင်းသော သေခြင်းနဲ့ သေဖို့သာ အလိုရှိကြပါလို့။

x        x        x         x

http://www.hittaing.org/feature/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: