Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့ လမ်းမမြင် ဟုပြော

leave a comment »

ခေတ်ပြိုင်

အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့လမ်းမမြင် ဟုပြော

NEJ/ ၁၅ စက်တင်ဘာ ၂၀၀၈။        ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရန် လမ်းမမြင်တော့သည့်အတွက် နိုင်ငံရေးလောကမှ အနားယူပြီ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်က ခေတ်ပြိုင်နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။

၎င်းက “အဲဒီတော့ ဒီနေ့နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့ အချက်ကလေး တွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမိုကရေစီရဖို့ဆိုတာ သိပ်ပြီးလမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်” ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ကိုယ်စားမပြုသော်လည်း ရန်ကုန် ဒီမိုကရေစီ အင်အားစုများ ညီညွတ်ရေးကို စဉ်ဆက်မပြတ် ဆော်သြခဲ့သူဖြစ်သည်။ နိုင်ငံရေးမှ အနားယူရာတွင် နိုင်ငံရေးသမားများကို အားမရသည့် အပိုင်းနှင့် ပတ်သက်၍ “တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်း ခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော်လွှမ်းမိုးလာ တယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ” ဟု ပြောသည်။

နိုင်ငံရေးမှ အနားယူရာတွင် စစ်အစိုးရဘက်မှ ဖိအားပေးမှုရှိမရှိ ခေတ်ပြိုင်က မေးရာ အမျိုးသား ရေး ဦးဝင်းနိုင်က “နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက်တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်တွေရဲ့ ရွှေဝါ ရောင်တော်လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲ ဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော် ထားတာဗျာ။ ပြီးတော့ တနေ့တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့ စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက်မခံနိုင်တော့ဘူးပေါ့ဗျာ။ ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ” ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် ဒီမိုကရေစီထူထောင်ရာတွင် မုသာဝါဒနှင့် အာဒိန္ဒဒါနာနှစ်ပါး သီလ လုံခြုံရန်လိုသည်ဟု ယူဆသူဖြစ်သည်။ နှစ်ပါးသီလဆောက်တည်ရေးကို ဟောပြောနေသူ လည်း ဖြစ်သည်။ ထိုအပိုင်းနှင့် ပတ်သက်၍ပြောရာ၌ “တိုင်းပြည်ထဲကလူတွေ ခိုးနေသမျှကာလ ပတ်လုံး အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေက လည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀) မှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလို ပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော်တသက်လုံး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့်အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန် မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွား ချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးလောကမှ အနားယူရန် ဆုံးဖြတ်ချက်ကို ထောင်မှထွက်ပြီး (၄-၅) လ အချိန် ယူ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရေး ဦးဝင်းနိုင်က ပြောသည်။ နိုင်ငံရေးမှ အနားယူပြီ ဖြစ်သည့်အတွက် နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောဆိုချက်များ၊ ခန့်မှန်းချက်များ ပြောဆိုတော့မည် မဟုတ်ဘဲ ခေတ်ပြိုင်နှင့် မေးမြန်းခန်းသည် နောက်ဆုံးအကြိမ် တွေ့ဆုံ မေးချက်ဖြစ်မည်ဟုပါ ပြောသည်။ သို့သော် ဘာသာရေးနှင့် လူမှုရေးကိစ္စများကိုမူ ဆက်လက် လုပ်ကိုင်သွားမည်ဟုပါ ဆက်ပြောသည်။

(နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံ)

.

နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေးဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း

(၁၅-၉-၀၈)။        ။

(အသက် (၇၁) ရှိပြီဖြစ်သည့် အမျိုးသားရေး ဦးဝင်းနိုင်သည် နိုင်ငံရေးမှ အနားမယူခင်ထိ ဒီမိုကရေ စီရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့သည့် ၀ါရင့်နိုင်ငံရေးသမားကြီးများအနက် တဦးအပါ အ၀င်ဖြစ်သည်။ ပါတီတခုခုကို ကိုယ်စားမပြုဘဲ တသီးပုဂ္ဂလိက နိုင်ငံရေးသမားအသွင်ဖြင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Bangkok Post သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးများရေးခဲ့သည်။ ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းအပြီးတွင် တလကျော် အဖမ်းခံခဲ့ရသည်။ နိုင်ငံရေးလောကမှ အနားယူသွားသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံရေးလောကမှ အနားယူ လိုသည့် အကြောင်းရင်းကို မေးမြန်းရာ အမျိုးသားရေး ဦးဝင်းနိုင်က ယခုကဲ့သို့ စတင်ဖြေကြားသည်)

ဖြေ။   ။ ကျနော်နိုင်ငံရေးလုပ်တာ (၁၄) နှစ်အရွယ် ကျောင်းသားဘဝကတည်းက။ အဲဒီတုန်းကတော့ ဖဆပလ ခေတ်ပေါ့ဗျာ။ အဲဒီမှာ ကျောင်းသားသမဂ္ဂတွေမှာပါခဲ့၊ ကျောင်းထုတ်ခံခဲ့ရနဲ့ လုပ်လာ ခဲ့တာ အခုအသက် (၇၁) နှစ်အရွယ်ထိပေါ့ဗျာ။ ဒီနေရာမှာ တခုပြောချင်တာက နိုင်ငံခြားမှာ သွားနေ ခဲ့တဲ့နှစ်တွေ နုတ်လိုက်ရင် ကျန်ခဲ့တဲ့အချိန်မှာ နိုင်ငံရေးလောကနဲ့ အဆက်ပြတ်တယ် မရှိပါဘူး။
တောက်လျှောက် ဒီမိုကရေစီသမား တယောက်အနေနဲ့ ရပ်တည်ခဲ့တယ်။ ဘယ်ပါတီမှမဝင်ခဲ့ဘူး။
ဘယ်ခြံစည်းရိုးမှ မခုန်ခဲ့ဘူး။ ဒီမိုကရေစီကို အမြဲတမ်း သေတဲ့အထိ မြတ်နိုးတွယ်တာသွားမှာပဲဗျ။
အဲဒီတော့… ဒါပြောရတဲ့ အကြောင်းရင်းက ဒီနေ့နားမယ်လို့ ပြောရတဲ့အကြောင်းခံက ဒီမိုကရေစီကို မြတ်နိုးလွန်းလို့ နားတာပဲ။ ဒီလိုပြောလိုက်လို့ ရုတ်တရက် နားရှုပ်ရင်ရှုပ်သွားမယ်။ ဆိုလိုတာက အဓိက ယုံကြည်စွာနဲ့ လုပ်လာခဲ့တဲ့ ဒီမိုကရေစီရေးဟာ ဒီနေ့ဒီအချိန်မှာ လုပ်လို့ ရနိုင်ဦးပါ့မလားဆိုတဲ့ သံသယစိတ်လေး ဝင်လာတယ်ဗျ။ ဒါကလည်း ကျနော့်ကို နားစေချင်တဲ့ တချက်ပေါ့။

မေး။   ။ ဒီမိုကရေစီရဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယ ဝင်သွားပြီပေါ့။

ဖြေ။   ။ ဟုတ်ကဲ့။ အဲဒီသံသယ ကျနော့်မှာ ဝင်သွားပြီ။ အဲဒီတော့ ဒီမိုကရေစီ တနေ့တော့ ရမှာ ပေါ့ဗျာ။ ဒီနေရာမှာလည်း တချို့ကပြောတယ်။ အဘရာ သူများတွေ စိတ်ပျက်အောင် မပြောပါနဲ့။ အဘတို့က စရင် နောက်ကလိုက်ပြီး စိတ်ပျက်သွားကြလိမ့်မယ် ဆိုပြီးတော့ပေါ့ဗျာ။ ဒါပေမယ့် ကျနော်ယုံကြည်တာက လူဟာ ကိုယ့်ကိုယ်ကိုယ်လည်း မညာနဲ့။ သူများကိုလည်း မညာနဲ့တဲ့။ အခြေအနေမှန်ကို အခြေအနေအမှန်အတိုင်း သုံးသပ်တတ်ရမယ်။ အခြေအနေအမှန်အတိုင်း မသုံးသပ်ဘဲနဲ့ စိတ်ကူးယဉ်နဲ့ လုပ်နေရင် အချိန်တွေသာ ကုန်သွားမယ်။ လူသာ အရိုးဆွေးသွားမယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်မှာ မဟုတ်ဘူး။ ဒါက နိုင်ငံရေးရော၊ လူမှုရေးရော၊ စီးပွားရေးရော ဒီအတိုင်းပဲ။ အဲဒါကြောင့် ကျနော်ဘယ်တော့မှ စိတ်ကူးမယဉ်ဘူး။

လက်တွေ့အကျဆုံး အခြေအနေတွေကို အချက်အလက် အပြည့်အစုံဆုံးရအောင် ကြိုးစားနေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ကျနော်သုံးသပ်တယ်။ ပြီးတော့မှ ဆုံးဖြတ်ချက်ချတယ်။ အဲဒီတော့ ဒီနေ့ နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့…အချက်ကလေးတွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမို ကရေစီ ရဖို့ဆိုတာ သိပ်ပြီး လမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်။ (၂) အချက်က ကျနော်တို့နိုင်ငံမှာ အင်မတန်စိတ်ထိခိုက်စရာကောင်းတဲ့ အပြောင်းအလဲတခု ဖြစ်လာတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေ သီလပျက်လာတယ်။ သီလပျက်တာနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လဲဆိုရင် သိပ်ဆိုင်တယ်။

သီလမရှိတဲ့နိုင်ငံမှာ ဒီမိုကရေစီထောင်လို့မရဘူး။ ပြောရမယ်ဆိုရင်တော့ တခြား ဘာစနစ်ပဲထောင်ထောင်၊ ကောင်းတဲ့စနစ်မှန်သမျှ သီလကို အရင်ထောင်ရတယ်။ သီလမရှိတဲ့ နိုင်ငံမှာ ဘာစနစ်ပဲထောင်ထောင် မအောင်မြင်ဘူး။ မကောင်းတဲ့စနစ်ပဲအောင်မြင်မှာပဲ။ အဲဒီတော့ ဒါကိုအခြေခံပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ခြောက်ထပ်ကြီးဘုရားပွဲမှာ နှစ်ပါးသီလ စောင့်တည်ရေးဆိုပြီး ကျနော်ဟောပြောခဲ့ဖူးပါတယ်။ ဒီမိုကရေစီထူထောင်ချင်ရင် နှစ်ပါးသီလတော့ စောင့်မှဖြစ်မယ်ဆိုပြီး ပြောပြတာ။ အဲဒီနှစ်ပါးက မုသာဝါဒနဲ့ အာဒိန္ဒဒါနာပေါ့။ တိုင်းပြည်ထဲက လူတွေ ခိုးနေသမျှကာလပတ်လုံး အရပ်သားကလည်း ခိုးမယ်။ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်။ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်။ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံ ဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကို ပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် (၄၀) ကောင်းနေလည်း မရဘူး။ လူတရာမှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလိုပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော် တသက်လုံး ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့် အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန်မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွားချင်တယ်။ အဲဒီတော့ လူတွေ သီလပျက်လာတာကိုလည်း ကျနော်စိတ်ပျက်တယ်။

နောက်တခုက ကျနော်တို့နိုင်ငံမှာ စည်းလုံးညီညွတ်မှု မရှိကြဘူး။ ကျနော်တို့နိုင်ငံရေးသမား အချင်းချင်းလည်း စည်းလုံးညီညွတ်မှု မရှိကြတော့ဘူး။ ကျနော် လွန်ခဲ့တဲ့ (၆) နှစ်၊ (၇) နှစ် လောက်ကတည်းကိုက တဖွဖွနဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားတွေကို တောင်းပန်တိုးလျှိုး ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်အောင် ကျနော်တို့ ဒီမိုကရေစီသမားအချင်းချင်း စည်းလုံး ညီညွတ်ကြရအောင်။ နိုင်ငံရေးပါတီစုံပါဝင်တဲ့ တပ်ပေါင်းစုလေးဖွဲ့ကြရအောင်။ နိုင်ငံရေး ခေါင်းဆောင်အချင်းချင်းလည်း ညီရင်းအစ်ကိုလို တယောက်နဲ့တယောက် အမှားတွေ ခွင့်လွှတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုညှိနှိုင်းကြရအောင်ဆိုပြီး အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှ လက်မခံဘူးပေါ့ဗျာ။ ဒီနေ့ ကျနော်တို့ဆီမှာ ဘယ်မလဲဗျာ။ ညီညွတ်တဲ့ တပ်ပေါင်းစုတစု။ သူကလည်းတဖွဲ့၊ ကိုယ်ကတဖွဲ့၊ ဟိုလူကတဖွဲ့နဲ့ ဒီလိုဖြစ်နေတယ်ဆိုတော့ဗျာ။ အဲဒီအတွက်လည်း ကျနော်စိတ်ပျက်တယ်။ တခြားသောအကြောင်းလေးတွေလည်း ရှိတာပေါ့။ အဲဒါက နိုင်ငံရေးပုဂ္ဂိုလ်တွေကိုလည်း ပုတ်ခတ်ပြောသလိုဖြစ်ချင်ဖြစ်နေမယ်။

ဒါပေမယ့် တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်းခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော် လွှမ်းမိုး လာတယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ။ ငါဟာသေဖို့ပဲပြင်ဆင်ရမယ့် အချိန်ရောက်နေပါပြီဆိုပြီးတော့ပေါ့လို့ အဲဒါတွေကို အခြေခံပြီးတော့ အနားယူဖို့ ဆုံးဖြတ်လိုက်တာပါ။

မေး။   ။ စောစောကပြောသွားတဲ့အထဲမှာ ဒီမိုကရေစီရရှိရေးအတွက် သံသယဝင်လောက်အောင် အချက်တွေ တွေ့လာရတယ်ဆိုတာ ပြောသွားပါတယ်။ အဲဒီအချက်တွေဟာ ဘာဆိုတာကို ပြောပြလို့ ရပါသလား။

ဖြေ။   ။ အခုနပြောသလိုပါပဲ။ ဟိုဘက်၊ ဒီဘက်ပေါ့ဗျာ။ တိုင်းပြည်မှာ သီလ ပျက်လာတယ်။ သီလ မရှိရင် ဒီမိုကရေစီ ထောင်လို့မရဘူး။ ဒါက သေသေ ချာချာ အားလုံး စဉ်းစားသင့်ကြတဲ့ အချက်ပဲဗျ။ အဲဒီလို ဗမာပြည်မှာ သီလပျက်နေတဲ့ သူတွေ များလာတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။ နောက် ခိုးနေကျ လူတွေဆိုလည်း ဒီအတိုင်းပဲပေါ့ဗျာ။ ဟောပြောပွဲမှာ ခိုးတယ်ဆိုတာ သူများ မပေးတဲ့ပစ္စည်းဥစ္စာကို မသိအောင် ယူခြင်းဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီ အထဲမှာ နည်းနည်း လိုနေတဲ့အချက် ရှိတယ်။ ဘာလဲဆိုရင် လမ်းမှာ လူတယောက်ကို အာဏာရှိတဲ့ လူတယောက်က ခြိမ်းခြောက်ပြီး ဟေ့…ခင်ဗျားဘာလုပ်တယ်။ ခင်ဗျားကို ကျုပ်ဖမ်းနိုင်တယ်ဆိုပြီး ငွေတောင်းတာဟာလည်း ခိုးတာပဲ။ လာဘ်စားတာလည်း ခိုးတာပဲ။ ပြောရရင်တော့ဗျာ ကျနော် လည်း နိုင်ငံရေးသမားတော့ နိုင်ငံရေးသမားပဲ ဆိုပေမယ့် သိပ်ပြီးတော့ ထူးချွန်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ စွမ်းဆောင်နိုင်တဲ့ နိုင်ငံရေးသမား မဟုတ်ဘူး။ အဲတော့ရင် ဒီလောက် ဖြစ်နေတဲ့ တိုင်းပြည်ကြီးကို လူတွေကို ကျနော်လည်း ဘယ်လိုမှ ကောင်းရာ ကောင်းကြောင်း လမ်းစဉ် လိုက်ဖို့ မဆွဲဆောင်နိုင်ဘူး။ ပြောဆိုနိုင်တဲ့ အရည်အချင်းလည်း အပြည့်အ၀ရှိမှာ မဟုတ်ဘူးလို့ မြင်မိတယ်။ အဲတော့ ကျနော်ရှိသလောက်လေးနဲ့ အသက် (၇၁) နှစ်အထိ ကျနော်လုပ်လာခဲ့တာက တော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တာပါပဲ။

မေး။    ။ ဒီမိုကရေစီအင်အားစုတွေနဲ့ မီဒီယာတွေက ခန့်မှန်းနေကြတာက ဦးဝင်းနိုင် နိုင်ငံရေးက အနားယူတော့မယ်ဆိုတာဟာ နအဖရဲ့ ဖိအားတွေကြောင့်မို့လို့လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေ ကြပါတယ်။ အဲဒီအမြင်တွေအပေါ်ကိုရော ဦးဝင်းနိုင် ဘယ်လို တုံ့ပြန်မလဲ။

ဖြေ။   ။ နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက် တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်များရဲ့ ရွှေဝါရောင်တော် လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော်ထားတာဗျာ။ ပြီးတော့ တနေ့ တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက် မခံနိုင်တော့ဘူးပေါ့ဗျာ။

ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ။ ကျနော့်အသက်အရွယ်နဲ့ အဲလို ဒဏ်တွေကိုလည်း နောက်ထပ် မခံနိုင်တော့ဘူးဗျာ။ အဲတော့ ဒီအစိုးရကတော့ ကျနော့်တင် မဟုတ်ပါဘူးဗျာ။ တခြားလူတွေကိုလည်း ဒီလိုဆက်ဆံတာပါပဲ။ လူငယ်တွေ ခံနိုင်ပေမယ့် လူကြီးတွေဆိုတော့လည်း မခံနိုင်ကြတော့ဘူးဗျ။ အဲဒါကလည်း ဖိအား ပေးတဲ့ နည်းတနည်းပေါ့ဗျာ။ နောက်ပြီး ကျနော့် တယ်လီဖုန်း ဖြတ်ထားတာ တနှစ်ကျော်ပြီ။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရဘူး။ ဒါလည်း ဖိအားတမျိုးပေါ့ဗျာ။ နောက်တခါ ကျနော်တို့ ဇနီးမောင်နှံ နိုင်ငံခြားသွားဖို့ ပတ်စပို့လျှောက်တာလည်း မရဘူ။ ဇနီးကလည်း နေမကောင်းတော့ သူဆေးကုရင်းနဲ့ သွားချင်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က အီးယူက ကျနော့်ကို ဖိတ်တယ်။ ဥရောပခေါင်းဆောင်တွေနဲ့ လာတွေ့ပါဆိုပြီး ဖိတ်တဲ့အခါ ကျနော်သွားမယ်ဆိုတာကို အစိုးရကို ပွင့်ပွင့်လင်းလင်း တင်ပြတယ်။ ဒီမိုကရေစီထူထောင်ရေးနဲ့ ပတ်သက်ပြီး ဟိုဘက်၊ ဒီဘက် မျှမျှတတ ပြောပါ့မယ်၊ သွားပါရစေဆိုတာလည်း ပတ်စပို့ မပေးခဲ့ဘူး။ အဲတော့ လူမှုရေး ဆုံးရှုံးမှုတွေ ပေါ့လေ။ ကျနော်တို့မှာ သားသမီးလည်းမရှိ၊ အဘိုးကြီးအဘွားကြီး နှစ်ယောက်တည်းနေရတယ်။ အရေးအကြောင်းဆိုရင်တောင်မှ တယ်လီဖုန်းဆက်စရာမရှိတော့ ဒုက္ခ။ အဲတော့ အဲဒီလို လူမှုရေး ဒုက္ခတွေလည်း ခံရတယ်ဆိုတော့ ဖိအားတော့ ရှိတာအမှန်ပဲဗျ။

မေး။   ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လို သုံးသပ်မိသလဲခင်ဗျ။ အဲဒီမှာ အန်အယ်လ်ဒီရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ။   ။ အဲဒါကိုတော့ ကျနော်မပြောတော့ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်လည်း နိုင်ငံရေးက နားပြီဆိုတဲ့ အခါကျတော့ ရှေ့ရေးမှာ ဘာတွေဖြစ်ကြမလဲဆိုတာ၊ ဘာတွေလုပ်သင့်ကြ သလဲဆိုတဲ့ မေးခွန်းတွေတော့ မဖြေတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာတွေကိုးဗျ။ အဲတော့ အခု ကျနော်ဖြေတာတောင်မှ တော်တော်ပြင်းထန်သွားတယ်။ ဒါပေမယ့် တိုင်းပြည်ကို သိစေချင်ခဲ့တယ်။ ကျနော်နဲ့ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်နေကြတာတွေ ကြားပါတယ်။ ဦးဝင်းနိုင်ကြီးတော့ ဒီမိုကရေစီသစ္စာဖောက်သွားပြီ။ အစိုးရဘက် ရောက်သွားပြီနဲ့ အမျိုးမျိုးပေါ့ဗျာ။ စိတ်မှန်းနဲ့ လျှောက်ပြီး ပြောကြဆိုကြတာတွေ၊ စိတ်မကောင်းစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ကြည့်ကြပါ။ ကိုယ်ကိုယ်တိုင် ထိုင်ကြည့်ကြပါ။ နောက်ပြီး အချက်အလက်အမှန်တွေကိုလည်း စုံစမ်းကြပါ။ ဒီလူကြီးကို ဝေဖန်လိုက်လို့ ငါတော့ လူတွေက အမှတ်ပေးမလားဆိုတဲ့ ပုံစံမျိုးနဲ့ ရမ်းပြီး မလုပ်ကြပါနဲ့။ ဒါတော့ မကောင်းပါဘူး။ ညီလာခံမှာ ဘုရင်က အာရုံစိုက်စေချင်လို့ ဘေးနားရှိတဲ့ လူကို တံတောင်နဲ့ ထတွက်တဲ့ ဗန္ဓုလ လိုပေါ့။ ကျနော်က အဲဒါမျိုးတော့ မကြိုက်ဘူး။ ဗန္ဓုလရဲ့ သတ္တိ ဗျတ္တိတော့ လေးစားပါတယ်။ အင်မတန် ချီးကျူးပါတယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ကောင်က သက်သက် အထောင်းခံရတယ်။ သူက အသုံးချ ခံသွားရတယ်။ ဒါမျိုး ကျနော်မကြိုက်ဘူး။ ကျနော်တို့ နိုင်ငံရေးမှာလည်း အဲဒါမျိုးတွေ လုပ်တတ်ကြတယ်။ ကျနော်တို့ နိုင်ငံရေးသမားတွေထဲမှာ အချင်းချင်း ရိုင်းပင်းတာတွေလည်း အားနည်းသေးတယ်။ ကျနော် အဓိက ၀မ်းနည်းတာက ကျနော် ထောင်ထဲရောက်သွားတော့ အဘွားကြီးက အိမ်မှာ တယောက်တည်း ကျန်ခဲ့တာ။ ဘယ်သူမှ မလာဘူးဗျ။ ပြန်လာတော့ ကျနော့်ဇနီးက ကျနော့်ကို အကျိုးအကြောင်းပြောပြတယ်။ ၀မ်းနည်းစကား ပြောတယ်ပေါ့ဗျာ။ ရှင်ထောင်ထဲရောက်တော့ တယောက်ပဲလာတယ်လို့ပြောတယ်။ ဒါလည်း တခေါက်လားပဲလာတာပါ။ နိုင်ငံရေးသမားတွေလည်း မလာဘူးဗျာ။ ဆွေမျိုးတွေလည်း မလာဘူးဗျာ။ အဲဒီတော့ အဲဒီလောက် အထိအောင် ကျနော်တို့မှာ ဒဏ်တွေ အများကြီးခံရပါတယ်ဗျာ။ လူထုကတော့ ဒါတွေကို သိမှာ မဟုတ်ဘူးဗျ။ အဲဒီလိုဟာမျိုးတွေလည်း နိုင်ငံရေးက အနားယူရတဲ့အထဲမှာ ပါတာပေါ့ဗျာ။ ထောင်ကထွက်လာပြီး လေးငါးလလောက် စဉ်းစားပြီးမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

မေး။   ။ ဒါဆိုရင် နိုင်ငံရေးမှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်ပေမယ့် မီဒီယာတွေက အင်တာဗျူး လုပ်တာမျိုး၊ ပြောသင့်ပြောထိုက်တဲ့ အချိန်တွေမှာ ၀င်ရောက်ပြောဆိုမှုတွေကိုလည်း မလုပ်တော့ ဘူးလို့ ဆုံးဖြတ်လိုက်တော့တာမျိုးလား။

ဖြေ။   ။ အမှန်ပဲဗျ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရှေ့လျှောက် ကျနော် မပြောတော့ပါဘူး။ ဒါတောင်မှ အားနာလွန်းလို့ တကြောင်း၊ လူထုလည်း သိသင့်သိထိုက်တာလေးတွေ သိရစ်ကြစေချင်တဲ့ စိတ်နဲ့ ပြောတဲ့ နောက်ဆုံးအင်တာဗျူးလို့သာ မှတ်ထားပါ။ ကျနော် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ လုပ်မယ်။ ဘာသာရေးတော့ ကျနော် ၀ါသနာပါတယ်။ ကျနော်ကိုယ်နှိုက်လည်း ကျင့်ကြံအားထုတ် နေတာကြာပြီ။ ရှေ့လျှောက်လည်း ဒါပဲလုပ်မယ်။ ဘာသာရေးနဲ့ ပတ်သက်ရင်ပြောမယ်၊ ဆိုမယ်။ လူမှုရေးနဲ့ ပတ်သက်ရင် ပြောမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘာမှကို မပြောတော့ပါဘူး။

မေး။   ။ ဒီမိုကရေစီအရေးအတွက် ဘာမှ မလှုပ်ရှားတော့ဘူး။ ဒီအတိုင်းပဲ ထိုင်ကြည့်နေတော့ မယ်ဆိုတော့ အနာဂတ်မြန်မာ့ဒီမိုကရေစီအရေးအတွက် အင်အားလျော့နည်းမသွားပေ ဘူးလား ခင်ဗျ။

ဖြေ။   ။ ဗမာမှာ စကားပုံ ခပ်ကြမ်းကြမ်းလေးတခု ရှိပါတယ်ဗျာ။ ငကန်းသေ ငစွေပေါ်မှာပါဆို တာပါ။ သိပ်တော့ မကောင်းဘူးပေါ့။ ငကန်းကလည်း မကောင်းဘူး။ ငစွေကလည်း မကောင်းဘူး ပေါ့ဗျ။ ဒါပေမယ့် အပေါ်ယံအဓိပ္ပာယ်လေးယူရင်တော့ ဟို….အဓိပ္ပာယ်ကတော့ တယောက်မရှိလည်း တယောက်ရှိလာမှာပါပဲ။ အင်္ဂလိပ်လိုမှာကတော Nobody is Indispensable ဆိုတာပေါ့ဗျာ။ အဲတော့ ကျနော် နားတဲ့အတွက်တော့ ဘာမှ ထိခိုက်စရာမရှိဘူးလို့ ကျနော်ထင်တယ်လေ။

Written by Lwin Aung Soe

September 15, 2008 at 6:06 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: