Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

မြန်မာ့လူမှုရေး မီးတောင်ကြီး ပေါက်ကွဲရန် အသင့်ဖြစ်နေ

မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

မြန်မာ့လူမှုရေး မီးတောင်ကြီး ပေါက်ကွဲရန် အသင့်ဖြစ်နေ

လယ်ရီဂျေဂင်

ကြာသပတေးနေ့၊ သြဂုတ်လ 07 2008 10:00 – မြန်မာစံတော်ချိန်

သံဃာများနှင့်လူထုက စစ်ခေါင်းဆောင်များကို ခြိမ်းခြောက်နေ

မြန်မာတနိုင်ငံလုံးကို ရပ်တန့်သွားစေခဲ့ပြီး တိုင်းပြည်၏ တပါတီ အာဏာရှင်စနစ်ကို ပြုတ်ကျလုဆဲဆဲ ဖြစ်စေခဲ့သည့် ဒီမိုကရေစီရေး လူထုဆန္ဒပြပွဲကြီး ဖြစ်ပွါးခဲ့သည်မှာ အနှစ် ၂ဝ ရှိသည့် အခါတွင် မြန်မာနိုင်ငံကို အပြောင်းအလဲ ဖြစ်စေနိုင် ခဲ့လောက်သည့် အကောင်းဆုံး အခွင့်အရေးမှာ ယခုအခါ အတိတ်တွင် ကျန်ရစ်ခဲ့ပါပြီ။ နောက် ၁ လကျော်ကြာလျှင်ပင် စစ်တပ်က ဆန္ဒပြသူများကို ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် အကြမ်းဖက်ကာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ချေမှုန်း ပစ်လိုက်သည်။

ထိုအချိန်မှစ၍ စစ်မှန်သော နိုင်ငံရေး အပြောင်းအလဲကို ဖြစ်စေနိုင်လောက်သည့် လှုပ်ရှားမှုဟူ၍ အနည်းအကျဉ်းသာ တွေ့ခဲ့ရတော့သည်။ နှစ် ၂ဝ ကြာ၍မှ တိုးတက်မှု တစုံတရာကို မမြင်ရသောအခါ မြန်မာပြည်သည် နောက်ဆယ်စုနှစ်ပေါင်း များစွာ စစ်အာဏာရှင် စနစ်အောက်တွင် နေရတော့မည်ဟု မြန်မာလူမျိုး အများအပြားက ယုံကြည်လာကြတော့သည်။

သို့သော် ယမန်နှစ်က ခေတ်သစ်ကြီးသို့ ရောက်တော့မည်လောဟု မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာပြန်သည်။ သံဃာတော်များ လမ်းပေါ်သို့ ထွက်လာပြီး စစ်အစိုးရကို ဆန္ဒပြကြကာ ရွှေဝါရောင် တော်လှန်ရေးတည်း ဟူသော လှုပ်ရှားမှုသစ်တရပ် ပေါ်ထွက်လာခဲ့သည်။ ဤတကြိမ်တွင်လည်း စစ်တပ်က အင်အားသုံး၍ ရက်ရက်စက်စက် နှိမ်နင်းခဲ့ရ ပြန်သည်။ တိုင်းပြည်တွင်းရှိ လှုပ်ရှား တက်ကြွသူ အများအပြားလည်း ထောင်ကျသူကျ၊ မြေအောက်လျှိုးသူလျှိုးရ ဖြစ်ကုန် ပြန်သည်။

မယ်မယ်ရရ လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း လွန်ခဲ့သောနှစ် ၂ဝ အတွင်း မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများ ဖြစ်ခဲ့သည်ကိုတော့ လွန်ခဲ့သောနှစ်က အဖြစ်အပျက်များက သက်သေပြနေသည်။ ပြည်တွင်းရှိ မြန်မာလူမျိုး စီးပွါးရေး သမား အများအပြားက မြန်မာနိုင်ငံသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် လူမှုရေး မီးတောင်ကြီး ဖြစ်နေပြီဟု ကျနော့်အား ပြောခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပါပြီ။ လိုနေတာ မီးပွါးလေးပါပဲ၊ အဲဒါကလဲ အချိန်မရွေး ပေါ်လာနိုင်တာပဲ ဟု သူတို့က ပြောကြပါသည်။

လွန်ခဲ့သောနှစ် ၂ဝ သြဂုတ်လ နောက်ပိုင်း ဖြစ်ပွါးခဲ့သော အဖြစ်အပျက်များကို မည်သူကမျှ နောက်တကြိမ် ပြန်မဖြစ်ချင် ကြတော့ပါ။ ဆန္ဒပြပွဲများကို စစ်တပ်က အညှာတာ ကင်းမဲ့စွာ နှိမ်နင်းခဲ့ရာတွင် ကျောင်းသားများနှင့် လှုပ်ရှားတက်ကြွသူများ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးအုန်းဂျော်ကမူ ဤအရေးအခင်းတွင် သေသူမှာ ၄ ဦးသာ ရှိပါသည်၊ ယင်းတို့မှာလည်း အချင်းချင်း တက်နင်းမိကြ၍သာ သေခြင်းဖြစ်ကြောင်း၊ စစ်တပ်က ပစ်၍ မဟုတ်ကြောင်း ကျနော့်ကို အကြောက်အကန် ပြောဖူးပါသည်။ ခွဲခြမ်းစိတ်ဖြာ လေ့လာသူ အများစုကမူ စစ်တပ်က ပစ်ခတ်၍ လူ ၃ဝဝဝ ခန့် သေဆုံးခဲ့နိုင်သည် ဟု ဆိုခဲ့ပြီး စစ်တပ်က တိုးတိုးတိတ်တိတ် ပွင့်ပွင့်လင်းလင်း ဝန်ခံသည်ကမူ လူပေါင်းအနည်းဆုံး ၆ဝဝဝ သေဆုံးခဲ့သည်ဟု ဆိုပါသည်။

အမှန်စင်စစ် ယခု ထိန်းသိမ်းခံနေရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နီးစပ်သည့် ထောက်လှမ်းရေး အရာရှိ တဦးက လွန်ခဲ့သော နှစ်အနည်းငယ်က ကျနော့်ကို ပြောပြဖူးသည်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကိုယ်ပိုင် ခန့်မှန်းချက်အရပင် သေဆုံးသူပေါင်း ၁ဝဝဝဝ ကျော်သည်ဟု ဆိုသည်။ “အလောင်း တော်တော်များများက တိတ်တိတ်ကလေး မီးသဂြိုလ် လိုက်တာ၊ ဒီတော့ အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ အထောက်အထားလဲ မရှိတော့ဘူးပေါ့” ဟု သူက ပြောပါသည်။ ဤသို့ အလားတူ အဖြစ်အပျက်မျိုး ယမန်နှစ် စက်တင်ဘာ၊ အောက်တိုဘာလများကလဲ ဖြစ်ခဲ့ဖွယ် ရှိပါသည်။ သို့သော် အတိုင်း အတာ ပမာဏကမူ အတော်ပင် နည်းပါလိမ့်မည်။

လူအများစု နားမလည်ကြသေးသည့် အချက်မှာ လွန်ခဲ့သောနှစ် ၂ဝ က ဖြစ်ပွါးခဲ့သည့် “လူထုလှုပ်ရှားမှု” ကြီးသည် စစ်အစိုးရကို ဖြုတ်ချနိုင်ခဲ့လုနီးနီး ဖြစ်ခဲ့သည် ဆိုသည့်အချက် ဖြစ်သည်။ “ကျနော်တို့ ဆန္ဒပြသမားတွေကို အလျှော့ပေး လိုက်လျောလိုက်ဘို့ နဲနဲလေး လိုတော့တာဗျ” ဟု ယခုအခါ လာဘ်စားမှု၊ နိုင်ငံတော် ပုန်ကန်မှုတို့နှင့် ထောင်ဒဏ် ၁၉၇ နှစ်ကျခံနေရသော အကြီးတန်း ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးချုပ် သိန်းဆွေက သူ၏ ရင်းနှီးသော မိတ်ဆွေတဦးကို ပြောပြခဲ့ပါသည်။ “ဆန္ဒပြပွဲတွေသာ နောက်ထပ် ၂ ပတ်လောက် ဆက်ဖြစ်နေရင် ကျနော်တို့ အလျှော့ပေးပြီး စစ်တန်းလျား ကို ပြန်ရတော့မှာ” ဟု သူက တွေးတွေးဆဆ ပြောခဲ့ပါသည်။

သို့သော် ဆန္ဒပြသူများက အရင် လက်လျှော့ အရှုံးပေးလိုက်ကြသည်။ ထောင်ပေါင်းများစွာ သေခဲ့ရပြီး ထို့ထက်ပိုသော အရေအတွက်က နိုင်ငံရပ်ခြားသို့ ထွက်ပြေး ခိုလှုံခဲ့ကြရသည်။ လွန်ခဲ့သောနှစ် ၂ဝ ကျောင်းသားများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများ ပြီးကတဲက မြန်မာ ၂ သိန်းခွဲကျော် နိုင်ငံရေး ခိုလှုံခွင့် ယူခဲ့ရသည်။ ပထမအသုတ်က တောတောင်များကို ကျော်ဖြတ်၍ မြန်မာနိုင်ငံ နယ်စပ်ဒေသများ ဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ကို ရောက်လာခဲ့သည်။ မြန်မာတပ်ဖွဲ့ များက တွေ့ရာနေရာတွင် ပစ်သတ်မည်စိုး၍ ယင်းတို့ကို ရှောင်ကွင်းကာ ထွက်ခွါလာခဲ့ကြရသည်။ လမ်းတွင်အဖျား ရောဂါ နှင့် အခြားရောဂါ မျိုးစုံဖြစ်သော ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးတို့ကို ခံခဲ့ကြရသည်သာမက လမ်းတွင် စားနပ်ရိက္ခာ ပြတ်တောက်မှုကိုလည်း ကြုံခဲ့ကြရသေးသည်။

သူတို့ အများအပြားကို ယခုအချိန်အထိ မြန်မာစစ်တပ်ကို အံတု တိုက်ခိုက်နေသေးသည့် တိုင်းရင်းသား သူပုန်အဖွဲ့များက အကူအညီများ ပေးခဲ့ကြသည်။ အထူးသဖြင့် ကချင်၊ ကရင်၊ ကရင်နီနှင့် ရှမ်းသူပုန်အဖွဲ့များ ဖြစ်သည်။ ဤအခြေအနေက မြန်မာ အတိုက်အခံများကို တိုင်းရင်းသား အုပ်စုများ၏ တရားဝင် စိုးရိမ်ပူပန်မှုနှင့် တောင်းဆိုမှုများကို အသိအမှတ် ပြုစေ ခဲ့သည်။ သူတို့၏ အရေးတော်ပုံကို ဒီမိုကရေစီ လှုပ်ရှားမှုက အသိအမှတ်ပြုခဲ့ပြီး သူတို့ အနာဂါတ် နိုင်ငံရေး စီမံကိန်းများ၏ အစိတ်အပိုင်းတရပ် ဖြစ်လာခဲ့သည်။

ထောင်ပေါင်းများစွာသော သူတို့တွင် စိတ်ထိခိုက်ဖွယ် ရင်နာစရာ ဇာတ်လမ်းများ ရှိကြသည်။ သူတို့ကို နောက်ထပ် နှစ် ပေါင်း ၂ဝ ကျော် မတွေ့ကြရတော့သည့် မိဘများ၊ ညီအကို မောင်နှမများကို ခွဲခွါ ထားရစ်ခဲ့ကြရသည်။ အချို့မှာ သူတို့ ကလေးငယ်များကို လွတ်လပ်ရေးခရီး လမ်းခရီးရှည်ကြီး၏ ဒဏ်ကို မခံနိုင်မည်စိုး၍ အဖိုးအဖွါးများနှင့် ထားခဲ့ကြရသည်။ ဤကလေးငယ်များသည် သူတို့ မိဘများကို မတွေ့မမြင်ဖူး၊ အချို့ဆိုလျှင် သူတို့ မိဘများကို စကားပင် မပြောဖူးဘဲ အရွယ် ရောက်လာခဲ့ကြသည်။

ဤစွန့်လွှတ်ခဲ့ရမှုများသည် ထွက်ပြေးလာခဲ့သူများကို သာမက ကျန်ရစ်ခဲ့သူများ အပေါ်တွင်လည်း ဖျက်မရသည့် အမာရွတ် များ ကျန်ရစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ကျိုးပဲ့၍ ဒုက္ခိဖြစ်နေသော လူ့အဖွဲ့အစည်း ဖြစ်သည်။ အထိန်းသိမ်းခံ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း လွန်ခဲ့သောနှစ် ၂ဝ အတွင်း လှုပ်ရှားမှုအပေါ် တက်ကြွ၍ မဟာ ဗျူဟာကျသော ခေါင်းဆောင်မှုကို မပေးနိုင်ခဲ့။  ဤဒီချုပ်၏ မအောင်မြင်ခဲ့မှုများကြောင့် ပါတီတွင်း အထင်အမြင် သေးမှုများ ပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြင့် ဤခေါင်းဆောင်မှု ကွက်လပ်ကို ဖြည့်ဆည်းရန် ၁၉၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို လူထု အများအပြားက လှမ်းမျှော် ကြည့်လာကြသည်။

ဝန်ကြီးချုပ်နှင့် ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းပြီးနောက် ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလအတွင်း ကျောင်းသား ခေါင်းဆောင်များ လွတ်လာသည့်အခါ အကောင်းမြင် အယူအဆများ ပြန်လည် မွေးဖွါးလာပြန်သည်။ “နောက်ဆုံးတော့ ဖြစ်နိုင်စရာကောင်းတဲ့ ခေါင်းဆောင်က ကိုကိုကြီးပဲ” ဟု အမည်မဖေါ်လိုသူ မြန်မာပညာရှင် တဦးက အဆိုပါ ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်လာအပြီးတွင် ပြောကြားခဲ့သည်။ “သူက အတိုက်အခံထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အထက်ဆုံးသူ တဦးဘဲ” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

သို့သော် အနှစ် ၂ဝ ကြာသည့် အချိန်တွင် အဆိုပါ အဓိက ခေါင်းဆောင်များမှာလည်း ခဏလေးသာ လွတ်လပ်စွာ နေလိုက် ရပြီး ထောင်ထဲသို့ တဖန် ရောက်သွားပြန်သည်။ သို့သော် အရေးကြီးသည့် အချက်မှာ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ငွေဖေါင်း ပွမှုများကို ကန့်ကွက်ဆန္ဒပြသည့် ဆန္ဒပြပွဲများအတွက် အခြေခံကောင်းများကို ချမှတ်ပေးခဲ့သည်။ သူတို့သည် ထိုနှစ် အစောပိုင်းက တိုင်းပြည်၏ စီးပွါးရေး ဒုက္ခများနှင့် စပ်လျဉ်းသည့် လူထုကြား ဆွေးနွေးပွဲများနှင့် စာများ ထုတ်ဝေ ဖြန့်ချိ ပေးပို့သည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။ ထိုအခါ သူတို့ကို နောက်တကြိမ် အသံတိတ်သွားစေရန် စစ်အစိုးရ အတွက် အပူတပြင်း လိုအပ်လာပြန်သည်မှာ အံ့သြစရာ မရှိပါ။

ယမန်နှစ်က ဆန္ဒပြပွဲများ၏ အဓိက အကြောင်းအချက်ကြီးဖြစ်သော လောင်စာဆီနှင့် စားသောက်ကုန် ဈေးနှုံးများ တက်နေ မှုမှာ ယခုထိ ဆက်ဖြစ်နေဆဲ ရှိသည်။ ဆင်းရဲမွဲတေမှု အဆင့်အောက် ရောက်နေသော မြန်မာလူထုမှာ ပိုမို များပြားလာနေ သည်။ ဤပြဿနာသည် နောက်ထပ် လမ်းပေါ်တွင် ဆန္ဒပြပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် မီးခဲ ပြဿနာများ ဖြစ်သည်။ လူအများ သိပ်သတိမထားမိလိုက်သည့် အချက်မှာ ယမန်နှစ်က ဖြစ်ပွါးခဲ့သည့် ဆန္ဒပြပွဲများတွင် အရေးပါသော အစိတ်အပိုင်းမှ ဆန္ဒပြပွဲတွင် လူငယ် အများအပြား ပါဝင်ခဲ့သည့်အချက် ဖြစ်သည်။ ဤအသက် ၃ဝ အောက် လူငယ်များ သည် ၁၉၈၈ ခုနှစ် သြဂုတ်လ ဆန္ဒပြပွဲများအကြောင်း မမှတ်မိ မသိရှိနိုင်ကြပါ။ သူတို့၏ နောင်တော်များလိုပင် ၂ဝဝ၇ ခုနှစ် သြဂုတ်လ အရေးအခင်းက သူတို့ကို နိုင်ငံရေး ဇာတ်သွင်းပေးလိုက်ပြန်သည်။

၁၉၈၈ ခုနှစ် သြဂုတ်လ အရေးအခင်း ပြီးကတဲက သိသိသာသာ တိုးတက်လာသည့် အချက်မှာ စစ်အစိုးရအပေါ် လူထု၏ ဒေါသ ဖြစ်သည်။ ယမန်နှစ်က ဖြစ်ပွါးခဲ့သော ရွှေဝါရောင် တော်လှန်ရေးက လူထု၏ နာကျည်းမှုနှင့် အမျက်ဒေါသကို အား ဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ မကြာသေးခင်က ဖြစ်ပွါးခဲ့သည့် ဆိုင်ကလုံး၏ ဖျက်ဆီးမှုကို စစ်အစိုးရက ချက်ချင်း တုံ့ပြန် ဆောင်ရွက် အရေးယူမှု မရှိခဲ့ခြင်းက ဘာလာလာ လုပ်နိုင်သည် ဆိုသည့် စစ်အစိုးရ၏ ပုံရိပ်ကို နောက်ထပ် အိုးမဲ သုတ်လိုက်ပြန်သည်။ ပိုအရေးကြီးသည့်အချက်မှာ ဤအကြပ်အတည်းကို အရပ်သားများနှင့် လူမှုရေး အုပ်စုများက မိမိတို့ ဘာသာ တုံ့ပြန် ဆောင်ရွက်နိုင်ခဲ့ခြင်းက သူတို့ကိုယ်သူတို့ ပိုမို ယုံကြည်မှု ရရှိသွားစေခဲ့သည်။

မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများ ကြောက်ရွံ့စိုးရိမ်နေသည်မှာ သံဃာတော်များနှင့် လူထုက အစိုးရကို နောက် တကြိမ် ထပ်ချရန် ပြင်ဆင်နေသလား ဆိုသည့်အချက် ဖြစ်သည်။ သူတို့ကို နှိမ်နင်းရန် အလွန် ကြမ်းတမ်း ပြင်းထန်သည့် အစီအစဉ်များ ချမှတ် ကြိုးပန်းနေပြန်သည်။ ဤသို့ နောက်ထပ် လမ်းပေါ်ထွက် ဆန္ဒပြကြမည့် အရိပ်အယောင်ကို မမြင်ရ သေးသော်လည်း စစ်ခေါင်းဆောင်များ အတွက်တော့ အကျပ်ရိုက်စရာ အခြေအနေများနှင့် ကြုံနေရသည်။ ဖွဲ့စည်းပုံ ဥပဒေ တွင် ပြဌာန်းထားရှိသည့်အတိုင်း စစ်အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲသည့် နည်းဖြင့် လူထု၏ ထောက်ခံမှုကို ရမလားဟု လုပ်နေရပြန်သည်။ ဤအစီအစဉ်အရ ၂ဝ၁ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ပေးရမည် ဖြစ်သည်။

ယခုအချိန်ကား မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေသည့် အချိန် ဖြစ်သည်။ ဤရွေးကောက်ပွဲများ မတိုင်မီတွင် ဆန္ဒပြ ပွဲများနှင့် အပြောင်းအလဲများ မြန်မာပြည်တွင် ဖြစ်ပွါးလာနိုင်သည်။ နောက် ၂ နှစ် ဆိုသော အချိန်ကာလသည် တကယ့်ကို မတည်ငြိမ်သောကာလ ဖြစ်သည်။ သံဃာများနှင့် ကျောင်းသားများ ခေါင်းဆောင်သည့် နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပေါ် လာမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

(
လယ်ရီဂျေဂင်၏
Burma’s social volcano ready to erupt ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

http://burmese.mizzima.com/songpa/3/1499-2008-08-07-03-45-03

Written by Lwin Aung Soe

August 7, 2008 at 6:25 pm

Posted in မဇ္ဈိမ

%d bloggers like this: