Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း သတင်းများ (၂ဝဝ၈ မေ ၃-၄ ရက်)

VOA (Burmese) news

ပြင်းထန်တဲ့ ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်နဲ့ မြို့နယ်များစွာကို တိုက်ခတ်

03 May 2008

မုန်တိုင်းသတင်း အပြည့်အစုံ (ဒေါ်နန္ဒာချမ်း) – အစီအစဉ်ကိုရယူရန် (MP3) audio clip
မုန်တိုင်းသတင်း အပြည့်အစုံ (ဒေါ်နန္ဒာချမ်း) – နားဆင်ရန် (MP3) audio clip

နိုင်ငံခြားက၀င်လာတဲ့လေယာဉ်တွေ ရန်ကုန်မှာ မဆင်းနိုင်လို့ မန္တလေးကို ပြောင်းလဲ ပျံသန်း စေရတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။ မင်္ဂလာဒုံ လေဆိပ်က ပျံသန်းမယ့် ခရီးစဉ်တွေ အားလုံးကိုလည်း ပယ်ဖျက်လိုက်ပါပြီ။ ရန်ကုန်မြို့သာမက မြန်မာပြည်ရဲ့ တခြားမြို့များကိုလည်းပဲ တယ်လီဖုန်း အဆက်အသွယ်များ ဆက်သွယ်လို့ မရနိုင်ဘဲ ရန်ကုန်မြို့တွင်းမှာလည်း အင်တာနက်များ ပြတ်တောက်သွားကြောင်း သတင်းရရှိပါတယ်။

050308Cyclone2
ရန်ကုန်မြို့တွင်း ဆိုင်ကလုံးမုန်တိုင်း ကြောင့် ပျက်ဆီးနေပုံ (ဓာတ်ပုံ – အေပီ)

ရန်ကုန်မြို့မှာ ဒီနေ့မနက် ၁ နာရီကို မိုင် ၁၂၀ ကျော်နှုန်းနဲ့ ဆိုင်ကလုံး လေပြင်းမုန်တိုင်းကြီး တိုက်ခတ်သွားလို့ လျှပ်စစ်မီးများ ပြတ်တောက်၊ မြို့တွင်း ရေကြီးပြီး ဘတ်စ်ကားနဲ့ ရထားများလည်း မထွက်နိုင်ဘဲ ရေဒီယိုနဲ့ ရုပ်သံလွှင့် အစီအစဉ်များလည်းပဲ ပြတ်တောက် သွားတယ်လို့ ဆိုပါတယ်။

ရန်ကုန်ကလာတဲ့ အေပီသတင်းထဲမှာတော့ ဒေသစံတော်ချိန် မနက် ၅ နာရီက တိုက်ခတ်သွားတဲ့ ဒီလေပြင်းမုန်တိုင်းကြောင့် အသေအပျောက်တွေ အများကြီး ရှိနိုင်တယ်၊ အပျက်အဆီးလည်း ကြီးမားနိုင်တယ်လို့ မိုးလေ၀သဌာနက အမည်မဖော်လိုသူတစ်ဦးကို ကိုးကားဖော်ပြပါတယ်။

မုန်တိုင်းမကျခင် ရာသီဥတု ဆိုးရွားနေလို့ ရန်ကုန်မြစ်တွင်းမှာ သောကြာနေ့ညက သမန်တစ်စင်း မှောက်လို့ အမျိုးသမီး ၃ ယောက် သေဆုံးသွားကြောင်း ဆိပ်ကမ်းအလုပ်သမားများက ပြောကြားကြပြီး သက်ဆိုင်ရာက အရေးယူမှာစိုးလို့ ဘယ်သူဘယ်ဝါတွေဆိုတာကိုတော့ အသေးစိတ် မပြောပြပါဘူး။ စနေနေ့ မနက်ပိုင်းမှာ မြန်မာ့အသံရဲ့အသံလွှင့်ချက်များ ပြတ်တောက်သွားတဲ့အပြင် အစိုးရရဲ့ ၀ဒ်ဆိုက်များ ကိုလည်းပဲ ကြည့်လို့မရဘူးလို့ အေအက်ဖ်ပီက ဆိုပါတယ်။

နောက်ပိုင်းမှာ ရန်ကုန်မြို့အပါအ၀င် ရန်ကုန်မြို့အပါအ၀င် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ လေပြင်းမုန်တိုင်း ကျရောက်နေကြောင်း ရုပ်သံလွှင့်က ကြေညာလာတယ်လို့ သတင်းများ ၀င် လာပါတယ်။ အဆက်အသွယ် ပြတ်တောက်လို့ အပျက်အဆီး ဘယ်လောက် ရှိတယ်ဆိုတာကို အခုလောလောဆယ် မသိနိုင်သေးဘူးလို့ အိုင်စီအာစီ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ချုပ်က ကြေညာပါတယ်။

မြန်မာ့ရုပ်သံလွှင့်ရဲ့ ကြေညာချက်အရ မုန်တိုင်းဒဏ်ခံရတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုကတော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ဖက်ကို ရွေ့လျားပြီးတော့ ၂၄ နာရီအတွင်း ထိုင်းနိုင်ငံဖက်ကို ၀င်ရောက်သွားပြီလို့ ဆိုပါတယ်။

ရန်ကုန်တမြို့လုံးနီးပါး လုံးဝ ပျက်ဆီးသွားပြီးတော့ ဧရာဝတီတိုင်းမှာ အပျက်အဆီး အသေအပျောက်များ ရှိနိုင်ကြောင်း ဧရာဝတီတိုင်းမှာ ဟိုင်းကြီးကျွန်း၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကြုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငသိုင်းချောင်း စတဲ့မြို့နယ်များ ပါဝင်ကြောင်း ဆင်ဝှါ သတင်းအေဂျင်စီက ဖော်ပြပါတယ်။

http://www.voanews.com/burmese/2008-05-03-voa3.cfm

DVB (Burmese) news

http://burmese.dvb.no/news.php?id=4445

RFA (Burmese) news

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့နဲ့ မြန်မာပြည်အနှံ့မှာ လျှပ်စစ်မီးနဲ့ဆက်သွယ်ရေး ပြတ်တောက်သွား

2008-05-03
နာဂစ်အမည်ရှိတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကို သောကြာနေ့ညက အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုက်ခတ်သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပျက်အစီးကြီးမားခဲ့ပါတယ်၊၊


AFP

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့တွင်းမှ အပျက်အစီးများကို တွေ့မြင်ရပုံ။ (Photo:AFP)

နာဂစ်အမည်ရှိတဲ့ အင်အားကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေကို သောကြာနေ့ညက အရှိန်အဟုန် ပြင်းပြင်းထန်ထန် တိုက်ခတ်သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ် ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပျက်အစီးကြီးမားခဲ့ပါတယ်၊၊

ဘင်္ဂလားပင်လယ်အော်ကို ဗဟိုပြုပြီးဖြစ်ပေါ်လာခဲ့ပြီး အချင်းဝက် မိုင် ၁၅၀ ရှိတဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးဟာ တချိန်မှာတနာရီ မိုင် ၁၂၀ နှုန်းအထိ ပြင်းထန်ခဲ့ပါတယ်။ မုန်တိုင်းကြီးရဲ့ ဒဏ်ကြောင့် သစ်ပင်တွေလဲကျ၊ အဆောက်အဦး ခေါင်မိုးတွေ လွင့်လန်ပြီး လျှပ်စစ် ဓါတ်အားလည်း ပြတ်တောက်သွားပါတယ်။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေလည်း နာရီအတန်ကြာ ရပ်ဆိုင်းသွားခဲ့ ပါတယ်။ ကွန်ပျူတာ အင်တာနက်လိုင်းလည်း အစိုးရဌာနတွေမှာတောင် သုံးလို့မရပဲ ဖြစ်သွားခဲ့ ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ရေလျှံနေတဲ့အတွက် ဘတ်စကားနဲ့ ရထားတွေ အသွားအလာ ရပ်ဆိုင်း သွားပြီး၊ လေယာဉ်တွေကိုလည်း ရန်ကုန်လေဆိပ်ကို အဆင်းမခံပဲ မန္တလေးလေဆိပ်ကို ပို့နေပါတယ်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံ့မိုးရွာပြီး ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေ၀သ ဌာနက ဆိုပါတယ်။ အခုလောလောဆယ် တိုင်းနဲ့ပြည်နယ် ၅ ခုကို သဘာဝ ဘေးဒဏ်ခံဒေသတွေ အဖြစ်သတ်မှတ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ်ကြောင့် အပျက်အစီးပမာဏ အတော်ကိုကြီးမားဖွယ်ရှိပြီး လျှပ်စစ်ဓါတ်အား၊ ဆက်သွယ်ရေးနဲ့ အပျက်အစီးတွေကို ပြန်လည်ပြင်ဆင်ဖို့ ရက်အတော်အတန် ကြန့်ကြာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မုန်တိုင်းကြောင့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို စစ်အစိုးရက ရွှေ့ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့လည်း ကြားသိရပါတယ်။

မုန်တိုင်းအခြေအနေ အသေးစိတ်သိရဖို့ အာအက်ဖ်အေက မြန်မာပြည်တွင်းကို ကြိုးစား ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ဆက်သွယ်လို့မရခဲ့ပါဘူး။

http://www.rfa.org/burmese/news/cyclone_hit_burma-05032008140633.html

VOA (Burmese) news

ဆိုင်ကလုံးမုန်တိုင်းကြောင့် ရန်ကုန်မြို့ အကြီးအကျယ် ပျက်ဆီး

03 May 2008

ဒေါ်ခင်မျိုးသက် – အစီအစဉ်ကိုရယူရန် (MP3) audio clip
ဒေါ်ခင်မျိုးသက် – နားဆင်ရန် (MP3) audio clip

050308Cyclone2
ရန်ကုန်မြို့တွင်း ဆိုင်ကလုံးမုန်တိုင်းကြောင့် ပျက်ဆီးနေပုံ (၃ မေ ၂၀၀၈)

ဘင်္ဂလားပင်လယ်အော်မှာ စတင်ခဲ့တဲ့ နားကစ် မုန်တိုင်းဟာ ၁ နာရီ မိုင် ၁၂၀ နှုန်းနဲ့ သောကြာနေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်း အနောက်တောင် ကမ်းရိုးတမ်းက ဟိုင်းကြီးကျွန်းကို ဖြတ်ပြီး ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ၀င်ရောက်ခဲ့ပါတယ်။

ချောင်းသာ၊ ငွေဆောင်၊ ဂွ၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်ဒေသတွေကို ဖြတ်ကျော်ခဲ့တာမို့ ပျက်ဆီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မသိရသေးပေမယ့် ရန်ကုန်မြို့မှာတော့ သိသိသာသာ ပျက်ဆီးခဲ့ပါတယ်။

မကြုံဖူးအောင် ပြင်းထန်တဲ့လေပြင်းဒဏ်ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသအဖြစ်နဲ့ တိုင်းနဲပြည်နယ် ၅ ခုကို သတ်မှတ်လိုက်တယ်လို့ ဒီကနေ့ မြန်မာ့ရုပ်သံက ကြေညာပါတယ်။

“နာဂစ် မုန်တိုင်းဒဏ်ကြောင့် ကာကွယ်ရေးနဲ့ ကယ်ဆယ်ထူထောင်ရေး လုပ်ငန်းများကို အမျိုးသားအဆင့်အနေဖြင့် မြန်ဆန်ထိရောက်စွာ ဆက်စပ်ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါဒေသများကို သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာ လိုက်ပါသည်။ (က) ဧရာဝတီတိုင်း၊ (ခ) ရန်ကုန်တိုင်း၊ (ဂ) ပဲခူးတိုင်း၊ (ဃ) မွန်ပြည်နယ်၊ (င) ကရင်ပြည်နယ်။ အမိန့်အရ။ ပုံ – သီဟသူရ တင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး (၁) နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ ဖော်ပြပါရှိပါတယ်။ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလိုင်းမုန်တိုင်း နားကစ်သည် မြန်မာနိုင်ငံကြမ်းပြင်ကို ဖြတ်ပြီး ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ပိုင်းများကို ၀င်ရောက်လျက် ရှိပြီး အဆိုပါမုန်တိုင်းသည် အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားလျက် ရှိပါသည်။”

ကုလသမဂ္ဂအရာရှိတွေရဲ့ ပြောစကားအရဆိုရင်တော့ နားကစ်မုန်တိုင်းဟာ လက်ပွတ်တာ ဘက်ကို သောကြာနေ့ညဖက်မှာ ဖြတ်သွားပြီး မနက် ၅ နာရီခွဲမှာတော့ ရန်ကုန်ကို ဖြတ်သွားတယ်လို့ ပြောပါတယ်။ ဒီပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကြောင့် ရန်ကုန်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်း၊ လှည်းတန်းဒေသတွေမှာ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်ဆီးမှုတွေ ရှိတယ်လို့ သိရပါတယ်။

တယ်လီဖုန်းလိုင်းတွေနဲ့ ကားလမ်းအဆက်အသွယ်တွေလည်း ပြတ်တောက်နေပါတယ်။ စနေနေ့ ညနေ ၅ နာရီလောက်မှာ ကျောက်တံတားမြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးကို အဆက်အသွယ် ရခဲ့တာမို့ နေ့ခင်းပိုင်းက အခြေအနေတွေကို အခုလို သိရပါတယ်။

“ပလာဇာတစ်ခုတော့ ပျက်ဆီးသွားတာပဲ။ အဲဒီ မှန်တွေက အများကြီးပဲ ပျက်ဆီးကုန်တာ၊ နောက် လမ်းတကာလမ်းလည်း အဲဒီလိုပေါ့ ပျက်ဆီးနေတာတွေ အများကြီးပဲ။ ဟို မှန်ကွဲတွေပေါ့၊ သစ်ပင်ကြီးတွေက အကုန်လုံးကို လဲတာပေါ့။ လမ်းမှာစိုက်ထားတဲ့ ဧရာမ အပင်ကြီးတွေ လဲကုန်တာ အကုန်လုံးပဲ။ ဟိုး ဆူးလေ ဘုရားကနေပြီးတော့ တလျှောက်လုံး ဗိုလ်တစ်ထောင်ဘက်ထိပဲ။ ဒီ့ပြင်နေရာတွေလည်း ဒီထက်တောင် ဆိုးဦးမယ်။ အခုလမ်းမှာ ကိုယ်ပိုင်ကားတွေပေါ့ ရပ်ထားတာ။ အပေါ်က သစ်ပင်ကြီးတွေ လဲလာတဲ့အခါကျတော့ ကားတွေပေါ် ပိကုန်တယ်။ အဲဒီလိုပေါ့။ ဘယ်လောက်များလဲ ဘာလဲတော့ မသိဘူး။ ကိုယ်က သွားကြည့်တာမှမဟုတ်တာ။ သွားလို့လည်း မလွယ်ဘူးလေ။ လေမုန်တိုင်းက ထပ်ကျလာရင် ဒုက္ခဖြစ်နေမယ် တခါတည်း။ လမ်းသွားလို့မှ မရတော့တာ။ ဘက်စ်ကားတွေ အကုန် ပိတ်ရတယ်။ ဘယ်မှ အသွားအလာ မရှိဘူး။ မထွက်ရပဲ။”

ဆိပ်ကမ်းမှာ လေတပ်သင်္ဘောတစ်စီး နစ်မြှုပ်ပြီး သင်္ဘောနဲ့အတူ ရဲဘော် ၃ ဦးလည်း ပါသွားတာမို့ အခုထိ ရှာမတွေ့သေးဘူး လို့လည်း ရန်ကုန်မြို့ခံနောက်တစ်ဦးက ပြောပြပါတယ်။

“၁၁ နာရီလောက်ကစပြီးတော့ သစ်ပင်တို့ ဘာတို့တော့ တော်တော်လေး အမြစ်ကနေ ပြုတ်တာတွေလည်း ရှိတယ်။ ပြီးတော့ ဗိုလ်ချုပ်လမ်းဆိုရင် ကားတွေဘာတွေလည်း သွားလို့ မရတော့ဘူး။ အိမ်ခေါင်မိုးတို့ဘာတို့လည်း တော်တော်လေး လန်တယ်။ အခု ဖုန်းလည်း ဆက်လို့မရဘူး။ မီးတွေလည်း အကုန် ဖြတ်ထားတယ်။ ဖုန်းလိုင်းတွေလည်း တစ်ခုမှ မကောင်းဘူး။ အပြင်လည်း မထွက်ရဲတာ ပါတယ်။ ဒီနေ့လည်း မုန်တိုင်းက ၃ နာရီ ၄ နာရီလောက်မှာ တိုက်ဦးမယ်လို့ ပြောတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အခြေအနေ ကောင်းတယ်။ သြော် – ပြီးတော့ ရေတပ်သင်္ဘောတစ်စင်း နစ်သွားတယ်တဲ့။ ကမ်းနားမှာလေ။ စစ်သား ၃ ယောက် ပျောက်တယ်တဲ့။ အဲဒီလိုပဲ ရှာတာ ရှာလို့တော့ မတွေ့သေးဘူး။ ရှာနေတုန်းတဲ့။”

ဧရာဝတီတိုင်းက ဆိုးဆိုးရွားရွား ထိခိုက်သွားတဲ့ဒေသတွေထဲမှာ ပုသိမ်မြို့လည်း ပါဝင်ပြီး မင်းလှ သင်္ဘော နစ်မြှုပ်သွားတယ် လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ ဦးဝိစာရလမ်းထဲမှာဆို သစ်ပင်တွေ ပြိုလဲပြီး ကားလမ်းတွေ ပိတ်နေတယ်လို့ သိရပါတယ်။ ဒီလို သွားရေးလာရေး ခက်ခဲတဲ့အတွက် မြို့ခံလူထုရဲ့ စားဝတ်နေရေး ပြဿနာ ဖြစ်လာတာတွေ့ရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ မြန်မာလူထုဟာ စားသုံးပစ္စည်း သိုလှောင်လေ့မရှိတဲ့အတွက် အခုလို အဓိက အစားအစာဖြစ်တဲ့ ဆန်သယ်ပို့တာမျိုး မရှိတဲ့အခါမျိုးမှာ ပြဿနာတွေ ကြုံလာရတာပါ။ ဒါ့အပြင် မုန်တိုင်း ဘယ်တော့ ထပ်ဝင်မလဲဆိုတဲ့ ပူပန်မှုတွေလည်း ရှိနေကြပါတယ်။

တိုးကြောင်ကလေးက ဂြိုလ်တုဆက်သွယ်ရေးရုံး ထိခိုက်သွားတဲ့အတွက် ဖုန်းလိုင်းအတော်များများ ပြတ်တောက်သွားပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက မြို့အတော်များများမှာလည်း ဖုန်းလိုင်း အဆက်အသွယ်တွေ မရကြပါဘူး။ ပျက်ဆီးမှုတွေ ရှိနေပေမယ့် ဘယ်အတိုင်းအတာထိ ပျက်ဆီးတယ်ဆိုတာကို မသိရသေးပါဘူး။

http://www.voanews.com/burmese/2008-05-03-voa5.cfm

မဇ္ဈိမသတင်းဌာန

လောင်စာဆီဈေးများ စံချိန်တင် မိုးပေါ်ထောင်တက်ပြီ

Sunday, 04 May 2008 16:12 – မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းမိပြီးနောက် လောင်စာဆီဈေးများ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ရာ ဓာတ်ဆီ တဂါလံလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် စံချိန်တင်သွားသည်။

စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များ အားလုံးကို ပိတ်ထားပြီး အနည်းဆုံး နောက်ထပ် ၂ ရက် အရောင်း ရပ်ထားဦးမည့် အခြေအနေဖြစ်ရာ မှောင်ခိုဈေးကွက်တွင် ယခင်က ဓာတ်ဆီတဂါလံလျှင် ၆၀၀၀ ကျပ်မှ ယခု ၇၀၀၀ ကျပ်၊ ဒီဇယ်တဂါလံလျှင် ၆၅၀၀ ကျပ်မှ ယခု ၇၈၀၀ ကျပ်သို့ တဟုန်ထိုး တက်သွားခြင်း ဖြစ်သည်။

သဘာဝ ဓာတ်ငွေ့ရည် အရောင်းဆိုင်များလည်း ပိတ်ထားဆဲ ဖြစ်သည်။

ပြည်တွင်း အထွက်နှုန်း နည်းနည်းပါးမှုနှင့် နိုင်ငံခြား ငွေရှားပါးမှုတို့က မြန်မာနိင်ငံတွင် ၁၉၈၀ ကတည်းက စက်သုံးစီကို ခွဲတမ်းနှင့် ရောင်းချပေးနေခဲ့ရသည်။ ကားတစီးလျှင် တလလျှင် ဂါလံ ၆၀ အထိသာ ၀ယ်ယူခွင့် ရှိသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လက အာဏာပိုင်များက ကြိုတင် ကြေညာခြင်း မရှိဘဲ လောင်စာဆီ ဈေးများ မြှင့်တင်လိုက်ရာ လူအများ ဒေါသထွက်ပြီး ရွှေဝါရောင် တော်လှန်ရေးဟု သမိုင်းတွင် လူထုလှုပ်ရှားမှု ဖြစ်ပေါ်အောင် မီးထိုးပေးခဲ့သည်။

စနေနေ့က တနာရီလျှင် ၁၉၂ မိုင်နှုန်းဖြင့် တိုက်ခိုက်သော နာဂစ်မုန်တိုင်းသည် ရန်ကုန်မြို့ကို တိုက်ခတ်ရာ ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့သည်။ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွင့်ပြသ သွားရာတွင် ရန်ကုန်မြစ်ထဲမှ သင်္ဘောများ၏ ပျက်စီးမှု၊ သစ်ပင်များနှင့် ဓာတ်တိုင်များ လဲပြိုမှုများ ပါရှိသည်။

ဧရာဝတီတိုင်းအတွင်း လူ ၂၃၉ ယောက် သေဆုံးရာ ဟိုင်းကြီးကျွန်း တခုတည်းတွင် ၅၃ ယောက် သေဆုံးသည်ဟု မြန်မာ့ရုပ်မြင်က ကြေညာသွားသည်။ ရန်ကုန်တွင် လူ ၄ ဦး သေဆုံးသည်ဟု ဆိုသည်။

အစိုးရပိုင် ရန်ကုန် ဆေးရုံကြီးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ပြောခွင့်မရှိဟု ဆိုကာ” ဖြေဆိုရန် ငြင်းဆန်လိုက်သည်။ မျက်မြင်သက်သေများ အဆိုအရ ဆေးရုံကြီး၏ အမိုးအကာများ ပျက်စီးမှုများ ရှိနေခဲ့သည်။ ဆေးရုံထဲမှ လူနာအချို့ ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

ပြတ်တောက်မည်ကို စိုးရိမ်၍ ဈေးကို အပြေးအလွှား သွားရောက် ၀ယ်ယူနေရာ စားသောက်ကုန်များ တက်သွားသလို ချက်ပြုတ်သည့် သဘာဝ ဓာတ်ငွေ့လောင်စာနှင့် မီးသွေးတို့ ဈေးတက်သွားသည်။

၂၅ လီတာပါ ဂတ်စ်အိုးတအိုးလျှင် ၂၅ ရာခိုင်နှုန်းတက်သွားပြီး ၂၀၀၀၀ ကျပ်မှ၂၅၀၀၀ ကျပ် ဖြစ်နေသည်။

၁၀ ပိဿာပါ မီးသွေးတအိတ်လျှင် ၂၅ ရာခိုင်နှုန်း တက်သွားပြိး ၇၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဖြစ်နေသည်။

ဘတ်စ်ကားလမ်းကြောင်းများ ပိတ်ဆို့နေသလို လောင်စာဆီ အခက်အခဲကြောင့် ဘတ်စ်ကားခ ပုံမှန် ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ တောင်းနေသည်။ ကုန်တင် ထရပ်ကားအချို့က ခရီးသည်တဦးလျှင် ၁၀၀၀ ကျပ် ကောက်ခံ၍ လိုင်းကား ပြေးဆွဲလျှက် ရှိသည်။

“တက္ကစီကတော့ မပြောနဲ့၊ ဈေးတောင်းတာက ကြောက်စရာ ကောင်းတယ်၊ ဒို့တော့ လမ်းပဲ လျှောက်တော့တယ်” ဟု အမျိုးသမီးတဦးက ပြောသည်။ ကံကောင်း ထောက်မစွာဖြင့် သူမ၏ တယ်လီဖုံးမှာ မပြတ်မတောက်ဘဲ ရှိနေသည်။

အစိုးရရုံးများ၊ ဈေးရုံကြီးများ ပျက်စီးမှုများ ရှိနေရာ မျက်မြင်တဦး အဆိုအရ ဗဟန်းမြို့နယ် ပြည်ထဲရေး ၀န်ကြီးဌာနရုံးကတော့ အပျက်အစီးများသလို ယုဇနပလာဇာလည်း ခေါင်မိုးပွင့်သွားသည်ဟု ဆိုသည်။

မုန်တိုင်းက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကော စစ်အစိုးရ၏ ထောက်လှမ်းရေးများကိုပါ အလွတ်မပေးပေ။

ဗဟန်းမြို့နယ်ရှိ ဒီချုပ်၏ ရုံးချုပ်ရှိ ဆိုင်းဘုတ်လည်း ပျက်စီးသွားခဲ့သလို စစ်ထောက်လှမ်းရေးများ၊ ရဲထောက်လှမ်းရေးများက ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို စောင့်ကြည့်ရာဖြစ်သော ပါတီရုံးချုပ်ရှေ့ လဘက်ရည်ဆိုင်လည်း လုံးဝ ပျက်စီးသွားတော့သည်။

နောက်ဆုံးရရှိသော သတင်းအရ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်သို့ ဆင်းရန် မန္တလေးမှ အဲပုဂံ လေယာဉ်တစီး ပျံတက်သွားသည်။ လေဆိပ် ပြန်ဖွင့်နိုင်ဖွယ် ရှိသည်။ ပြည်ပမှ ရန်ကုန်သို့လာမည့် လေယာဉ်ခရီးစဉ်များ မနက်ဖြန်မနက်သို့ ပြောင်းရွှေ့လိုက်သည်။

http://www.mizzimaburmese.com/content/view/1007/1/

ကြားဖြတ်သတင်း မေလ ၃ ရက်

မဇ္ဈိမသတင်းဌာန

Saturday, 03 May 2008 08:57 – မြန်မာစံတော်ချိန်

ရန်ကုန်တွင် အစိုးရယန္တရား ရပ်ဆိုင်း

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၉း၃၀ – မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းက ရန်ကုန်မြို့နှင့် မြို့အများအပြားတွင် အစိုးရယန္တရားကို ရပ်ဆိုင်းသွားစေသည်။

ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်ဆိုင်းထားရပြီး လူထုနှင့် ဆက်သွယ်ရေး ဖြစ်သော ရုပ်မြင်သံကြား ကြည့်၍မရ၊ ရေဒီယို နားထောင်၍ မရသလို တယ်လီဖုံးလိုင်းများ အားလုံးနီးပါ ပြတ်တောက်နေသည်။ အင်တာနက်ကတော့ လုံးဝ ပြတ်တောက်နေသည်မှာ မနေ့ ညကတည်းက ဖြစ်သည်။

စစ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာသည်ကိုပင် ရန်ကုန်မြို့ခံများ မသိရှိနိုင်ပဲ ဖြစ်နေသည်။

လမ်းမများပေါ်တွင် အပျက်အစီးများကြောင့် အသွားအလာကလည်း ကန့်သတ်မှုများ ဖြစ်သည်။ ရန်ကုန်မြို့သို့ အခြားမြို့များမှ ကား၊ ရထားများ ၀င်ရောက်မှု အားလုံး ရပ်ဆိုင်းနေသည်။

လူအများက အစားအသောက်များကို အလုအယက် ၀ယ်ယူနေကြရာ ဖွင့်လှစ်သော ဈေးဆိုင် အနည်းငယ်မှာ လူများ ပြည့်ကြပ်နေသည်။

လောလောဆယ်အချိန်တွင် စားသောက်ကုန်များ ဈေးတက်မှု မကြမ်းသေးသော်လည်း တက်မည့် အရိပ်အယောင် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ အားလုံး ရပ်နားထားရသလို ဓာတ်ကြိုးများ ပြတ်တောက်၍ တလအတွင်း ပုံမှန် ဖြစ်နိုင်ဖို့ မလွယ်ဟု လျှပ်စစ်ဌာန ၀န်ထမ်းတဦးက ပြောသည်။

အနည်းဆုံး လူ ၅ ဦး စနေနေ့ မုန်တိုင်းကြောင့် သေဆုံးပြီး ဖြစ်သည်ဟု မဇ္ဈိအထောက်တော်များက သတင်းပေးပို့သည်။

မုန်တိုင်းကြောင့် နေအိမ် ထုတ်တန်းပြိုကျမှု၊ သစ်ပင်ပြိုလဲမှုများကြောင့် သေဆုံးကြရခြင်း ဖြစ်သည်။

သစ်ပင် ပန်းပင် များပြားသော ရန်ကုန်မြို့တော်ဟု ခေါ်ဝေါ်မှု ရှိခဲ့သော်လည်း ယခုအခါတွင် အပင်များ ပြောင်သလင်းခါ နီးပါး ဖြစ်နေသည်။

လမ်းပေါ်တွေ့နေကြ စွမ်းအားရှင်များ၊ ရဲများကိုလည်း မတွေ့ရသလို ရပ်ရွာလုံခြုံရေး၊ သန့်ရှင်းရေးအတွက် ကိုယ်ထူ ကိုယ်ထ တာဝန်ယူ လုပ်ဆောင် နေကြရသည်။

မီးစက် အသုံးပြုသော နေအိမ် အနည်းငယ်မှလွဲ၍ ယနေ့ညဘက် တမြို့လုံး အမှောင်ကျနေသည်။

လမ်းဘေးရပ် ကားအများအပြား ပျက်စီး

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၈း၀၀ – မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့သော မုန်တိုင်းသည် ယခုတော့ ရပ်သွားပြီ ဖြစ်သည်။

လမ်းဘေးတွင် ရပ်ထားသော ကားများ သစ်ပင်များ ပိလျှက်နေပြီး လမ်းများလည်း အပျက်အစီးများဖြင့် ပိတ်ဆို့နေသည်။ အစိုးရ အဆောက်အဦး အတော်များများလည်း ပျက်စီးကုန်သည်။

ယနေ့ နံနက်ကူးချိန်မှစ၍ ရန်ကုန်တွင် မိုးရွာစေခဲ့သော နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းကို ဖြတ်သန်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်းအားမှာ အမြင့်ဆုံး တနာရီ ၁၉၂ ကီလိုမီတာအထိ ရှိခဲ့သည်။ လူအသေအပျောက် များသည်ဟု ကောလာဟလ ထွက်ပေါ်နေသော ဧရာဝတီတိုင်းတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မောင်လမြိုင်ကျွန်း၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင်၊ ဂွ ကုန်တွင်းသို့ ရောက်သောအခါ တနာရီမိုင် ၁၂ဝ ထိ ရှိခဲ့သည်။

မိုးစဲ လေငြိမ်ပြီ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၇း၀၀ – မြန်မာစံတော်ချိန်

ရန်ကုန်မြို့တွင်းတွင် ယခုအချိန်တွင် မိုးလုံးဝ စဲသွားပြီး လေလည်း ငြိမ်သွားပြီ ဖြစ်သည်။
သို့သော် အပျက်အစီးများဖြင့် လမ်းများ ပိတ်နေဆဲ ဖြစ်သောကြောင့် လိုင်းကားများ ပြေးဆွဲခြင်းလဲ မရှိပဲ taxi များလည်း ပြေးဆွဲခြင်း မရှိသေးပေ။

တောင်ညွှန့်မှာ အိမ်ပြို

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း အိမ်တချို့ ပြိုလဲမှုများ ရှိသည်။

“မနက် ၁၀ နာရီလောက်အထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေတာ ဖုန်းလိုင်းတွေက မနက် ၉ နာရီအထိ ရနေသေးတယ်။ GSM တွေရော လိုင်းဖုန်းတွေရော အခု လုံးဝ မရတော့ဘူး။ အပျက်အစီး၊ အသေအပျောက်ကတော့ မနက်ဖြန်လောက်မှ သိရလိမ့်မယ်။ မီးလိုင်းတွေရော အောက်ကုန်တော့ ကျနော်တို့ သတင်းတွေ ဘာတွေလဲ နားထောင်လို့ မရတော့ဘူး။ MRTV ရော radio ရော နားထောင်လို့ မရတော့ဘူး” ဟု မင်္ဂလာတောင်ညွန့် နေသူတဦးက ပြောသည်။

ရန်ကုန်မြို့သားများ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင်၍လည်း မရဘဲ ဖြစ်နေကြသည်။

မိုးစဲသွားပြီဖြစ်သည့်အတွက် မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထသာ ရပ်ကွက်အလိုက် လုပ်ဆောင်နေကြသည်။

“ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ”

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၃း၄၅ – မြန်မာစံတော်ချိန်

ရန်ကုန်မြို့၏ လမ်းမများပေါ်တွင်လူအချို့က အထုတ်အပိုးများဖြင့် ပြေးလွှားနေပြီး လမ်းပေါ်သွားသော ကားမှန်သမျှ တားနေသည်။

“ရန်ကုန်မြို့ကြီး ရစရာမရှိအောင် ပျက်စီးနေပြီဗျ” ဟု ရှားရှားပါးပါး ဆက်သွယ် ရရှိသည့် ဒေသခံတဦးက စိတ်လောနေဟန် ရှိသည့် နှုတ်က တတွတ်တွတ်ဖြင့် ထပ်ကာ ထပ်ကာ ပြောသည်။

မိုးတိတ်၍ မြို့တွင်း လှည့်ပတ် ကြည့်ရှုနေသည့် သူက “နောက် ၂ ဖာလုံလောက် ဆက်သွားရင် ကျနော် ဘယ်လိုမှ ဒီအပျက်အစီးကို ရင်ဆိုင်နိုင်မှာ မဟုတ်လို့ ပြန်လှည့်လာတယ်” ဟု ပြောသည်။ သစ်ပင်ကြီးများ၊ ကြော်ငာဆိုင်းဘုတ်များ လမ်းပေါ် အိမ်ပေါ်သို့ ပစ်လဲကျနေဟု ပြောပြသည်။

“တသက်နဲ့တကိုယ် ဒါမျိုး မကြုံဖူးဘူးဗျာ” ဟု သူက ပြောသည်။

ကျောက်တန်းမြို့ဘက်တွင် အပျက်အစီး ပိုမို များပြားသည်ဟု ရန်ကုန်သို့ ရောက်လာသော သတင်းများ အရ သိရသည်။

ရန်ကုန်အပါအ၀င် တိုင်းနှင့်ပြည်နယ် ၅ ခု ကို အရေးပေါ်အခြေအနေ ကြေညာ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၅၅ – မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားနေ၍ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များကို အရေးပေါ် အခြေအနေ ဟု မြန်မာစစ်အစိုးရက ကြေညာလိုက်သည်။

လွန်ခဲ့သည့် မိနစ်ပိုင်းတွင်းက အစိုးရပိုင် ရေဒီယိုက ကြားဖြတ် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ နအဖ အတွင်းရေးမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ အမိန့်ဖြင့် ကြေညာချက်တွင် အမျိုးသား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အရေးပေါ် အခြေအနေ သတ်မှတ်လိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။

စမ်းချောင်းအခြေအနေ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၄၅ – မြန်မာစံတော်ချိန်

စမ်းချောင်းမြို့နယ် မယက ရုံးမှ ၀န်ထမ်းတဦးက မြို့နယ်အတွင်း လူအသေအပျောက် မရှိနိုင်ဟု ပြောပြီး အပျက်အစီး စာရင်းများ ပြုစုဆဲ ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်အတွင်း “သစ်ပင်ပြို ဓာတ်တိုင်လဲ” မှုများ ရှိသည်ဟု ပြောသည်။

မှန်တွေကွဲ၊ မီးတွေပျက်ဆဲ

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၂း၃၀ – မြန်မာစံတော်ချိန်

လှည်းတန်းလမ်းဆုံအနီး နေသူတဦးက “တိုက်ခန်းတွေက မှန်တွေ ကွဲကုန်တယ်။ မီးကလည်း ပျက်နေတုံးပဲ။ လေတိုက်နှုန်းကလည်း ပြင်းဆဲပဲ၊ စည်ပင်လည်း လာမရှင်းသေးဘူး၊ မိုးကတော့ နည်းသွားတယ်” ဟု ပြောသည်။ ဖုန်းအများအပြားကတော့ ပြတ်တောက်ဆဲ ဖြစ်သည်။

သောကြာနေ့က ဒလဘက် ကူးတို့ဆိပ်ကို ဖြတ်ကူးသော လှေမှောက်၍ အမျိုးသမီး ၃ ဦး ရေနစ် သေဆုံးသွားပြီးနောက် ဒလဘက် ကူးတို့ ကူးခြင်းများ ညနေ ၆ နာရီကတည်းက တားမြစ်လိုက်သည်။ ပုံမှန်အားဖြင့် ည ၁၀ နာရီ ကူးတို့ ကူးခွင့် ရှိသည်။

ဘားအံမှာလည်း မိုးကြီး

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၁း၅၀ – မြန်မာစံတော်ချိန်

မုန်တိုင်းကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ နံနက်မှစ၍ မိုးများ သည်းထန်နေပြီး လေတိုက်နှုန်း ပြင်းထန်နေသည်ဟု သိရသည်။ “လမ်းပေါ်တောင် လူမထွက်ရဲဘူး” ဟု ဒေသခံတဦးက ပြောသည်။

လူအသေအပျောက် ရှိနိုင်ဟု မိုးလေ၀သနှင့် ဇလဗေဒ အရာရှိ ခန့်မှန်းဟု အေပီ သတင်းရပ်က ပြော


အမည်မဖော်လိုသူ မိုးလေ၀သနှင့် ဇလဗေဒဌာန အရာရှိတဦးက အေပီသတင်းသို့ ပြောကြားရာတွင် စနေနေ့က တိုက်ခိုက်သော မုန်တိုင်းကြောင့် လူအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိနိုင်မည်ဟု မျှော်လင့်ထားသည်ဟု ဆိုသည်။

ရန်ကုန်သားတဦး ပြောပြချက်

“စလောင်းတွေဆိုတာ တခုမှ အကောင်း မရှိတော့ဘူး၊ သွပ်ပြားတွေ လမ်းပေါ်မှာ ပြန့်ကြဲနေတာ” ဟု ဖုံးလိုင်း ပြန်ကောင်းလာသည့် ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

“အိမ်ထဲကနေ အိမ်ပြင် မထွက်ရဲ၊ သက်ရှိ သတ္တ၀ါဆိုရင် လမ်းပေါ်မှာ ခွေးတကောင် ကြောင်တမြီးမှ မရှိဘူး”

“ရေနွေးအိုးကနေ ရေငွေ့တွေ လွတ်လိုက်သလို မိုးက ဘေးတိုက် လွင့်ထွက်လာနေတာ”

“အိမ်တွေက အမိုးတွေပျက်တော့ အိမ်တံခါးကို အပြင်ကနေ သံနဲ့ရိုက်၊ သော့ခတ်ပြီး အထဲမှာ ကုတ်နေကြရတာ”

“ဒီလောက်လဲ ထင်မထားတော့ စားဖို့သောက်ဖို့ ၀ယ်ခြမ်းထားတာ မရှိဘူး။ စားရေး အခက်အခဲ ဖြစ်နေတယ်”

————-

ရန်ကုန် မြို့လယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းမှ ဒေသခံ ရုံးဝန်ထမ်းတဦးက “ဆူးလေတ၀ိုက်မှာ ခေါင်မိုးတွေ လန်ကုန်တာ ရှိတယ်။” ဟု ပြောသည်။

ဆူးလေရှိ ဗဟိုမီးသတ်ဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ပြောပိုင်ခွင့် မရှိလို့ မပြောရပါစေနဲ့” ဟု ပြန်လည်ဖြေကြားသည်။

ရန်ကုန်တွင် မီးပျက်၊ တယ်လီဖုံးပျက်၊ အင်တာနက်ပျက်၊ အပင်တွေလဲ၊ လျှပ်စစ်ကြိုးများ ပြတ်တောက်

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၁၀း၁၅ – မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီး သစ်ပင်ကြီးများ အမြစ်ကပင် ကျွတ်ထွက် လဲကျကုန်သည်။ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ ပျက်စီးကုန်သည်။ “အခုထိ လေက အရမ်းတိုက်နေသေးတော့ ကျနော်တောင် အပြင် မထွက်ရဲဘူး၊ စည်ပင်ကလည်း မရှင်းနိုင်သေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

ထိုအနီးတ၀ိုက် ဓာတ်တိုင်အချို့ ပြိုလဲကုန်ပြီး မီးကြိုးများ ပြတ်တောက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

အားကောင်းလှသော ဆိုင်ကလုံးမုန်တိုင်း ရန်ကုန်တွင် ကျရောက်၊ သွပ်မိုးများ လွင့်ပျံနေ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဒေသခံတဦးက “အမိုးပြားတွေ ကောင်းကင်မှာ ပျံဝဲနေခဲ့တာ” ဟုပြောပြီး “အခုတော့ ကောင်းကင်ကြီးက နီတောက်နေတာ” ဟု ဆက်ပြောသည်။

လွှင့်တင်ချိန် မေလ ၃ ရက် ၂၀၀၈ ခုနှစ် ၀၉း၁၅ – မြန်မာစံတော်ချိန်

ည ၁၂ နာရီထိုးကတည်းက ရန်ကုန်မြို့သို့ နာဂစ်ဆိုင်ကလုံး မုန်တိုင်း ကျရောက်နေရာ ယခုအချိန်အထိ အားကောင်းဆဲ ဖြစ်သည်။ ရန်ကုန်မြို့တွင် တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း ပြတ်နေသည်။ ရှားရှားပါးပါး ရရှိသော သတင်းတခုအရ ဒေသခံတဦးက သူဘဝတလျောက် “အကြီးမားဆုံး မုန်တိုင်းဖြစ်မည်” ဟု ပြောသည်။ ထူးဆန်းလှသော ဆူညံမှုကြီး ထွက်ပေါ်နေပြီး မြို့အနှံ့အပြား သွပ်မိုးများ လွင့်ပျံထွက်နေသည်ဟု ဆိုသည်။

သို့သော် ဆက်သွယ်ရသမျှ ရန်ကုန်ဒေသခံများ၏ ဤပြောအရ ဧရာဝတီတိုင်းသည် ပျက်စီးမှု ပိုမိုများနိုင်မည်ဟု ခန့်မှန်းရပြီး လူပေါင်းများစွာ အသေအပျောက်များပင် ရှိနေသည်ဆိုသော ကောလာဟလတခု ထွက်ပေါ်လာသည်။

တယ်လီဖုံးလိုင်းများ ပြတ်တောက်နေသည့် အခက်အခဲကြောင့် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရနိုင်သေးပါ။

nargis_may3.jpg

http://www.mizzimaburmese.com/content/view/1000/

Written by Lwin Aung Soe

May 4, 2008 at 12:20 pm

%d bloggers like this: