Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

တခုလပ်တယောက်ရဲ့ ပေါက်ကွဲသံစဉ်များ

တခုလပ်တယောက်ရဲ့ ပေါက်ကွဲသံစဉ်များ

ခင်မမမျိုး

ဒီအကြောင်း ရေးချင်နေတာကြာပြီ။ ဘာပဲဖြစ်ဖြစ် ရင်ထဲက ကြိတ်ပေါက်ကွဲနေတာထက်စာရင် စာရေးပြီး ပွင့်ပွင့်လင်းလင်း ပေါက်ကွဲပစ်လိုက်တာ ကောင်းမယ်ထင်လို့။ အချိန်တွေနဲ့ နပန်းလုံး နေရတာနဲ့ မရေးဖြစ်တာ။ ဟိုတနေ့ကတော့ ဆရာမဒေါ်မေငြိမ်း ဘလော့ကို သွားရင်း တခုလပ်နဲ့ ပတ်သက်တဲ့အကြောင်းလေးတွေ ရေးထားတာ ဖတ်လိုက်ရတော့ ရင်ထဲက သံစဉ်တွေက ပြည့်လျှံ ထွက်လာတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ရအောင်ယူပြီး ရေးမှဖြစ်တော့မယ် ဆိုပြီး ဆုံးဖြတ်ဖြစ်သွားတယ်။

ကျွန်မတခုလပ် တယောက်ပါ။ ကြော်ငြာနေတာမဟုတ်ပါဘူး။ လူဆိုတာကို ကုန်ပစ္စည်းလို သတ်မှတ်တာကို ကျွန်မ အရမ်းမုန်းပါတယ်။ မိန်းကလေးဆိုတာ ရောင်းကုန်လို့ ရှေးလူကြီးတွေက ဆိုတဲ့အခါတိုင်း ကျွန်မနဲ့ ထိပ်တိုက် တွေ့လေ့ရှိပါတယ်။ ဒါကြောင့်လဲ ကြော်ငြာတာ မဟုတ်ကြောင်း အခိုင်အမာဆိုရတာပါ။

ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ စာနာစိတ်တို့၊ အကြင်နာတရား စတာတို့တွေက အခြေအနေချင်းတူသူတွေအပေါ်မှာတောင် ခွဲခြား၊ ခွဲခြား လုပ်လေ့ရှိပါတယ်။ လင်ယောက်ျား မရှိတာချင်းတူတူ မုဆိုးမ ကျတော့ သနားပါတယ်တဲ့။ တခုလပ်ကျတော့ သူကတခုလပ်နော်၊ သတိထားတဲ့။ တကယ်ဆို မုဆိုးမတွေ ဘ၀က၊ မလွဲသာမရှောင်သာ တခုလပ်ဘ၀ ရောက်ရတဲ့ မိန်းမတွေထက် အများကြီး သာပါတယ်။ သူ့ယောက်ျားသာ တစ္ဆေသရဲ မဖြစ်သွားဘူးဆိုရင် ဘ၀ထဲက အပြီးတိုင် ထွက်သွားတာပါ။ ပြန်မပေါ်လာပါဘူး။ တခုလပ်တွေကျတော့ ဘ၀ထဲက အပြီးတိုင် မထွက်ကြပဲ အကြောင်းအမျိုးမျိုးနဲ့ အနှောင့်အယှက် ပေးတတ်ကြပြန်တယ်။ ပစ္စည်းခန်းတွေ၊ တရားရုံးတွေ၊ မတွေ့ချင် မမြင်ချင်ပါဘူးဆိုမှ အကြောင်းအမျိုးမျိုးနဲ့ ဆက်စပ် ပတ်သက်နေရတာတွေ၊ စိတ်အနှောင့်အယှက်ပေးမှုတွေ၊ သားရေး သမီးရေး ကိစ္စတွေနဲ့ ရှုပ်ရှက်ခတ်ကြရတော့တာပဲ။ ဒီကြားထဲ ပတ်ဝန်းကျင် ဆိုတာကလဲ နူရာဝဲစွဲ ဆိုသလို လဲကျနေသူကိုမှ ဂုတ်ခွစီးပြီး လည်ပင်း ညှစ်ချင်ကြသေးတယ်။ မိန်းမတယောက်ရဲ့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို မြေမြှုပ်သင်္ဂြိုလ်လုပ်ချင်ကြသေးတယ်။

တကယ်ဆို ကျွန်မနဲ့သူ လမ်းခွဲကြတဲ့ ကိစ္စက ရှင်းရှင်းလေးပါ။ အတွေးအခေါ်၊ အယူအဆ၊ စိတ်နေစိတ်ထားတွေ ဘယ်လိုမှ မတူညီနိုင်တော့လို့ လမ်းခွဲလိုက်တာပါ။ ပမာဆိုရရင် ခရီးတူတူ သွားကြတယ်ရှင်။ ရှေ့ဆက်ရမယ့်ခရီး လုံးဝမတူညီတော့ဘူး။ မတူညီတဲ့ခရီးကိုလဲ ကျွန်မဆက်မလိုက်နိုင်ဘူး။ “သျှောင်နောက် ဆံထုံးပါ” ဆိုရအောင် ကျွန်မမှာလဲ ဆံထုံးမရှိဘူး။ သူ့မှာလဲ သျှောင်မရှိဘူး။ ဒီတော့ ၂၁ရာစုခေတ်ကို ၂၁ရာစု အတွေးအခေါ်နဲ့ပဲ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်တယ်။ အဲ- ၁၃ရာစုခေတ်ဆိုရင်တော့ ကျွန်မလဲ ၁၃ရာစု အတွေးအခေါ်နဲ့ပဲ ဆုံးဖြတ်မှာပေါ့။ ဒါကိုမှ ဓလေ့၊ ထုံးစံအရတွေ လာပြောနေသူတွေက ခပ်များများ။ ခက်တာက လာပြောနေသူတွေက ထိုင်မသိမ်း အကျီင်္ဝတ်၊ ဆံထုံးလေးတွေနဲ့ ဆိုရင်တော့ ကျွန်မ အနည်းငယ် စဉ်းစားမှာပေါ့။ သူတို့ကျတော့ ဆံပင်တိုနဲ့ ဂျင်းဘောင်းဘီတွေ ၀တ်ပြီး၊ ဒီဆံထုံးကိစ္စကို ရေးကြီးခွင်ကျယ် လာလုပ်နေတာကျတော့ ကျွန်မလည်း ပေါက်ကွဲချင်လာတာပေါ့။

သူနဲ့ ကျွန်မ ဆုံခဲ့ကြတာက အဖွဲ့အစည်း တခုတည်းမှာပါ။ ရင်းနှီးပြီး မိတ်ဆွေဖြစ်လာတော့ တဆင့်တက်တယ်။ ချစ်ခွင့်ပန်တယ်ပေါ့။ သူ့ရဲ့မွေးနေ့က ကျွန်မရဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ချစ်သူလေးနဲ့ တထပ်တည်း ကျနေတာမို့ ကျွန်မစိတ်ဝင်စားသွားတယ်။ နောက်တော့ သူက လက်ထပ်ဖို့ လောတယ်။ ကျွန်မကလဲ ကျောင်းပြီးတယ် ဆိုတာကို ပါရဂူဘွဲ့ရတာလို့ ခံယူထားသူဆိုတော့ မရမချင်း လက်မထပ်နိုင်သေးဘူးပေါ့။ ပြီးတော့ ကျွန်မရဲ့ အလုပ်ခွင်မှာလဲ ကျွန်မက Level 3 အရာရှိပဲ ရှိသေးတာ။ Level 4/ Level 5 ရာထူးကို ဆက်ကြိုးစားရဦးမယ် ဆိုတာ ရှင်းပြထားတယ်။ စေ့စပ်ထားကြဖို့ သဘောတူလိုက်ကြတယ်။ လူတယောက်နဲ့ တယောက် ပေါင်းစပ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ဘ၀ခရီးတခုကို နှစ်ပေါင်းများစွာ အတူဖြတ်သန်းကြရမှာ။ ဒါကြောင့်လဲ တယောက်ကို တယောက် အချိန်ယူလေ့လာညှိနှိုင်းကြဖို့ ချက်ချင်းလက်ထပ်စရာ မလိုသေးတဲ့ စေ့စပ်ပွဲဆိုတာ ပေါ်လာတာပေါ့။

ဒါပေမယ့်လဲ အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့်ပဲ စေ့စပ်ပွဲ မဟုတ်ပဲ လက်ထပ်ပွဲ ဖြစ်သွားခဲ့တယ်။ ဒီအထိက ပြဿနာ မဟုတ်သေးဘူးရှင့်။ ပြဿနာက စာချုပ်မှာ လက်မှတ်ထိုးပြီး သိပ်မကြာခင်မှာ သူပြောလာတဲ့စကား။ သူ့ကို ရိုသေရမယ်တဲ့။ ကျွန်မကပြောပါတယ်။ လူအားလုံးကို ကျွန်မလေးစားတယ်။ ရိုသေတာကတော့ အနန္တောအနေန္တငါးပါးကိုပဲ ရိုသေတယ်လို့။ သူက ဆက်ပြောတယ်။ “သားကိုသခင်၊ လင်ကိုဘုရား“ ဆိုတာ မကြားဖူးဘူးလားတဲ့။ လာပြန်ပြီ ဒီစကားလုံး။ ဒီစကားလုံးပြောတိုင်း နားကြားပြင်းကပ်လွန်းလို့ ထိပ်တိုက်တွေ့ခဲ့ရသူပေါင်း မနည်းတော့ဘူး။ ဒီစကားကို မိန်းမတယောက်ကပြောတာလား၊ ယောက်ျားတယောက်က ပြောတာလားဆိုတာ မသိရသေးသရွေ့ ကျွန်မလက်မခံနိုင်ဘူး။ ယောက်ျားဆိုရင်တော့ သူ့ဘက်သူကြည့်ပြောမှာပဲ မဟုတ်လား။ အစဉ်အလာအရ ဆိုရင်လဲ ကျွန်မရဲ့ ဦးနှောက်နဲ့ အသိဥာဏ်က လက်မခံနိုင်ပါ။ ရှေးက စာပေရေးသားသူတွေက မိန်းမတွေက ခပ်နဲနဲရယ်။ ယောက်ျားတွေက ပိုများသည်ကိုး။ “မိန်းမထက် ခွေးထီးက ပိုမြတ်တယ်“ဆိုတာလဲ ဒါမျိုးတွေကနေ ဆင်းသက်လာတာပေါ့။ ဒါကို လိုက်ပြောနေတဲ့ အမျိုးသမီးတွေကိုလဲ အံ့သြမိတယ်။ ကိုယ့်ဘ၀ကို ခွေးထီးလောက်မှ မမြတ်ပါဘူးဆိုတာ ကြွားစရာမို့ လိုက်ကြွားနေကြတာလား။ တကယ်ဆို ယောက်ျားတွေက ပြောလာရင်တောင် ခံငြင်းရမယ့် ကိစ္စ။ တရားတဘောင်တက်ရမယ့် ကိစ္စ။

ဒီကြားထဲ ရှိသေးတယ်။ “ကြက်မတွန်လို့ မိုးမလင်း” ဆိုတဲ့စကား။ မိုးလင်းတာ၊ မလင်းတာက သူ့သဘာဝနဲ့သူ၊ ကြက်တွန်တာ၊ မတွန်တာက သူ့သဘာဝနဲ့သူ။ ငါးတန်းလောက်ကတည်းက မိုးလင်းတဲ့ကိစ္စ အကြောင်း သိနေပြီးသားပဲ။ အစ်ကိုတွေ၊ မောင်တွေက ပြောနေရင် ဘာလို့ လက်ပိုက်ကြည့်နေကြလဲ။ သီချင်းတွေထဲပါရင် ဘာလို့ လိုက်လက်ခုပ်တီး အားပေးနေကြလဲ။ ဒါဟာ အမျိုးသမီးတွေကို ခွဲခြား စော်ကားနေတာတွေရှင့်။ ကျွန်မရှေ့လာပြောရင်တော့ ပြောတဲ့လူ တရားရုံးရောက်ပြီပဲ။

ဒီလိုနဲ့ သူလဲပြောပြီးရော၊ ကျွန်မတို့တွေ အနည်းငယ် ကတောက်ကဆ ဖြစ်ကြတာပေါ့။ နောက်ပိုင်း ကျွန်မဘာမှ ဆက်ပြောမနေတော့ပါဘူး။ ငြင်းနေရရင် အချိန်ကုန်လို့။ အဲ- ဒီမှာတင် ပြီးသေးလားဆိုတော့ မပြီးဘူးရှင့်။ သူမိတ်ဆွေလာလည်တော့ စကားပြောဖြစ်ပြန်ရော။ သူတို့သောက်ရင်စားရင် အကြော်အလှော်လုပ်ပေးဖို့ စကားစသေးတယ်။ မကြားချင်ယောင် ဆောင်နေတော့မှ သူ့ဟာသူစကြော်တယ်။ ယောက်ျားနဲ့မိန်းမ တန်းတူ အလုပ်ခွဲဝေလုပ်ရမယ် သဘောပိုက်ပြီး သူလုပ်တော့လဲ ကျွန်မကူညီလုပ်ပေးပါတယ်။ ကဲ-အဲဒီတော့လဲ ပြီးသွားရော မဟုတ်လား။ ယောက်ျားတွေ စားရင်သောက်ရင် မိန်းမတွေက လုပ်ပေးရမယ်လို့ ဘယ်ဥပဒေကများ ထုတ်ပြန်ထားလို့လဲ။ တူတူလုပ်၊ တူတူစားပေါ့။ ဘီယာတွေကနေ ပုလင်းတွေဖွင့်ကြတော့ သူက ထပ်ဖောက်လာပြန်တယ်။ ၀ိုင်းမှာ စကားပြောရင် သူ့မျက်နှာကြည့်နေတဲ့။ သူ့ဆီက ခွင့်ပြုချက်မေးဆတ်မှ ဆက်ပြောတဲ့။ ရယ်စရာ အတော်ကောင်းတာပဲ။ ဘာပဲပြောပြော ကျွန်မ ငြိမ်နေလိုက်ပါတယ်။ သူတို့ပြောချင်တာတွေ ထိုင်ပြောနေတာကို အမြီးတွေထိုင်စားရင်း နားထောင်ပေးပါတယ်။ သူ့သူငယ်ချင်းတွေရဲ့ မိန်းမတွေကလဲ စကားနည်းနည်းပဲ ပြောပြီး၊ နားထောင်နေကြတော့ ဒီအချိန်မျိုးမှာ မိန်းမသင်းကွဲ အုပ်စုဖွဲ့လို့ကလဲ မကောင်းဘူး ဆိုတော့လေ။ ဒါပေမယ့် ကျွန်မရဲ့ နားတွေက ဒီလိုကြာကြာနေဖို့ ခွင့်မပြုပြန်ဘူးရှင့်။ ကျွန်မအတော်လေးကို သည်းခံပြီး နားထောင်နေပါသေးတယ်။

ဒါပေမယ့် ဒီမိုကရေစီအကြောင်းကို ပြောနေကြတော့ ကျွန်မ သည်းမခံနိုင်တော့ဘူး။ သူတို့ဟာ သူတို့ ပြောနေရင် တော်သေးတယ်။ သူက ကျွန်မဘက် လှည့်လှည့်ကြည့်ရင်း “ရှင်းလား၊ ရှင်းလား“ မေးတယ်ရှင့်။ လူတွေတဘက်သားကို စကားပြောရင် “နားလည်လား“တို့၊ “ရှင်းလား“တို့ ထည့်မပြောကြရင် ကောင်းမယ်လို့ ကျွန်မထင်တယ်။ တဘက်လူက ဘာမှန်းလဲမသိ ဆရာ သွားလုပ်နေတာနဲ့ တူလွန်းလို့။ ကြာတော့ နားညီးလာတာနဲ့ ကျန်တာတွေ အသာထား၊ အဲဒီ ဒီမိုနဲ့ ကရေစီရဲ့ အဓိပ္ပာယ်လေးကိုပဲ ပြန်ရှင်းခိုင်းလိုက်တယ်။ ဘယ်ဘာသာစကားက ဆင်းသက်လာတယ် ဆိုတာတောင် မသိပဲနဲ့ ရှင်းလား၊ နားလည်လားလုပ်နေတာ တဆိတ်လွန်နေပြီ မဟုတ်လား။ ခပ်ကြောင်ကြောင်လုပ်နေတဲ့ သူတို့ကို ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်တိုင်သိရအောင် အချိန်ပိုင်းအနေနဲ့ ဒီမိုကရေစီဆိုင်ရာ ဒီပလိုမာတခု တက်ထားဖူးတဲ့ ကျွန်မကလဲ သွားဖြီးပြလိုက်တယ်။ အဖြေကိုလဲ မပြောပြတော့ပါဘူး။ တော်ကြာ သူ့ကို လူကြားထဲ အရှက်ခွဲပါတယ်ဆိုပြီး လာပြဿနာရှာနေရင် နားဒုက္ခရောက်မှာ စိုးလို့။ သူတို့တွေ သိသိသာသာ စကားပြောင်းသွားတယ်ရှင့်။ ဟဲဟဲ- ၀ီစကီအကြောင်းပါ။ ပြီးသွားမလား အောက်မေ့ပါတယ်။ ပိုဆိုးလာရော။ ကျွန်မ စကော့တလန်မှာ အခြေချ နေထိုင်သူတယောက်ဆိုတာ သူမေ့သွားလား မသိပါဘူး။ အာဘောင်အာရင်းသန်သန်နဲ့ ဆက်ပြောနေပြန်ရော။ အကြောင်းအရာ တခုကို မသိပဲ ဖြီးနေရင် ကျွန်မသိပ်စိတ်ညစ်တတ်တာ ငယ်စဉ်ကတည်းက။ မသိဘူးပြောလို့ ဘယ်သူမှ အထင်မသေးပါဘူး။ ကျွန်မဆိုရင် သူတို့ အင်ဂျီနီယာဘာသာရပ်တွေကို လုံးဝကို မသိပါဘူး၊ မီးလုံးတပ်တာတောင် ၀ါယာရှော့ဖြစ်မှာစိုးလို့ ကိုယ်တိုင်မတပ်ပဲ၊ လူခေါ်တပ်ပါတယ် ဆိုတာ ကျွန်မပြောပြီးသား။ မသိလို့ မသိပြောတာ ရှက်စရာမဟုတ်။ ယောင်ဝါးဝါးပြောနေတာကမှ နားကြားပြင်း ကပ်စရာကောင်းတာ။ ဘာပဲပြောပြော ဒီတကြိမ်တော့ ငြိမ်နေလိုက်ပါတယ်။ တော်ကြာဝင်ပြောလိုက်ရင် မိန်းမနဲ့ အရက် ဘာဆိုင်လဲ ဆိုပြီး၊ သူ့သူငယ်ချင်းတွေက တမျိုးထင်မှာစိုးလို့။ ကျွန်မတို့ မိန်းကလေးတွေ အခွင့်အရေးဆုံးရှုံးနေတာများ အဲလို၊ အဲလို။ တကယ်တော့ ဥရောပတိုက်က ကျောင်းသူကျောင်းသားမျိုးစုံနဲ့ နှစ်ပေါင်းများစွာ အတူနေအတူစား ကျောင်းတက်လာတာ မသိပဲ နေပါတော့မလားရှင်။ ကျွန်မ သည်းခံနေလိုက်ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ တခုခုသိနေပြီ။ သူနဲ့ ကျွန်မရှေ့ဆက်ရမယ့်ခရီးမှာ အတော်ညှိနှိုင်းဖို့ လိုတယ်ဆိုတာကိုပါပဲ။

ဒီလိုအခြေအနေမှာ တကယ်ဆိုးသွားစေတဲ့ ကိစ္စကတော့ ကျွန်မရဲ့ အလုပ်မှာ တိုက်ရိုက် ၀င်ရောက် စွက်ဖက်မှုပါ။ ကျွန်မပါဝင်နေတဲ့ စာစောင်တခုတည်းက ရေးသားသူတွေ အကြောင်းကို စပ်စုလာတာပါ။ အဲဒီလူက နာမည်ရင်းနဲ့ ရေးတာလား၊ ဘယ်မှာနေတဲ့လူလဲ၊ ဘယ်အဖွဲ့ကလဲ ဆိုတာတွေကို ကျွန်မ မကြိုက်ပါ။ အဖြေလဲ ပြန်မပေးပါ။ အဖွဲ့ထဲ ရောက်လာသူဆိုပေမယ့် စကားပြောကြည့်ရင် နိုင်ငံရေး ရေချိန် ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်မခန့်မှန်းတတ်ပါတယ်။ အနီးကပ်ဖြစ်လာတော့ သူ့ရဲ့ commitment ဘယ်လောက်ရှိတယ် ဆိုတာ ကျွန်မ ပိုသိလာရပါတယ်။ နောက်ဆုံး နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်နေသည်ထား၊ လုပ်ငန်းစဉ်တွေက သပ်သပ်စီမို့ ပြောစရာမလိုအပ်ပါ။ ကျွန်မတို့ရဲ့ သိက္ခာကို ယုံကြည်လို့ နာမည်ဝှက်နဲ့ ရေးပို့နေသူတွေရဲ့ သတင်းအချက်အလက်တွေကို မည်သည့်နည်းနှင့်မျှ တတိယလူဆီ အရောက်မခံနိုင်ပါ။ ကိုယ့်ခင်ပွန်းဖြစ်တာက ဖြစ်တာတခြား။ အဲလို ဆိုပြန်တော့ သူက ထိုသူများနဲ့ ကျွန်မကို စွပ်စွဲ ပြောဆိုပြန်ပါတော့တယ်။

ဒီနည်းနဲ့ မရပြန်တော့ ကျွန်မကွန်ပျူတာကို ကြည့်ခွင့် တောင်းဆိုပြန်ပါတော့တယ်။ အဲဒီတုန်းက စေ့စပ်ပွဲပြီးရင် ဥရောပရောက် မြန်မာနိုင်ငံသားများ ညီလာခံကို သွားတက်ရမှာမို့ရယ်၊ ပြီးတာနဲ့ ကျောင်းသားတပ်မတော်က ရောင်နီဦးစာသင်ကျောင်းမှာ လုပ်အားပေး (၃)လ သွားဖို့ အစီအစဉ်ရှိပြီးသားမို့ ကွန်ပျူတာက ကျွန်မနဲ့ တပါတည်း ပါသွားပါတယ်။ အလုပ်လုပ်နေတဲ့ ဘဏ်ကလဲ ဌာနချုပ်နေရာ အပြောင်းအလဲမို့ Functions များကို တခြားမြို့က ဌာနခွဲတခုက တာဝန်ယူ လုပ်ပေးနေချိန်မို့ ကျွန်မတို့တွေအားလုံးကို လစာပြည့် ခွင့်ရက် ပေးထားတာကြောင့် ကျွန်မအနည်းငယ် အားလပ်နေတဲ့ အချိန်ပါ။ ကွန်ပျူတာကြည့်ခွင့်ကို အသည်းအသန် တောင်းဆိုနေတော့ သူမရှိတုန်း အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို USB ထဲ ပြောင်းထည့်ပြီးမှ ကြည့်ခွင့်ပေးလိုက်ရပါတယ်။ ဘယ်လို အကြောင်းအရာကြောင့်ဖြစ်ဖြစ် ကျွန်မရဲ့ပေါ့ဆမှုကြောင့် ရဲဘော်တယောက် မထိခိုက်စေရပါ။ လိုအပ်ရင် အသက်နဲ့ လဲရမယ့် ကိစ္စပါ။ သူလဲအတိုက်အခံကပဲ ပြောစရာရှိပါတယ်။ မြေပေါ်ကတော့ ကိုယ့်ကိုကိုယ် မထင်ရှားရင်တောင် အတင်းထင်ရှားအောင် လုပ်ယူနေရတာမို့ ကိစ္စမရှိပါ။ မြေအောက်ကျတော့ ကိုယ့်ကလာဘ်စည်းနဲ့ကိုယ် လှုပ်ရှားကြရတာပါ။ FBE ညီလာခံနဲ့ ရောင်နီဦးကိစ္စကိုတော့ သူက အသည်းအသန် တားမြစ်နေတာကြောင့်၊ အခုယူ၊ အခုကွဲဖြစ်ရင် မကောင်းဘူးဆိုပြီး ကျွန်မ လျှော့ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ကွာရှင်းစာချုပ် လက်မှတ်ထိုးချင်နေလိုက်တာ၊ အသည်းကို ယားနေတာပဲ။

ဒီလိုအချိန်မျိုးမှာ သူက နောက်တဆင့်တက်လာပြန်ပါတယ်။ ကျွန်မ ရေးနေတဲ့စာစောင်ထဲမှာ သူ့နာမည်နဲ့ ရှဲဒိုး ရေးပေးရမယ်တဲ့။ ကျွန်မ စာရေးတယ်ဆိုတာက ၀ါသနာပါလို့ကို ရေးနေတာပါ။ စာရေးဆရာ တယောက်လဲ မဟုတ်သေးပါ။ စာရေးနေသူ တယောက်သာ ဖြစ်ပါတယ်။ အဲဒီကိစ္စကိုတော့ ကျွန်မ ပြတ်ပြတ်သားသားပဲ ငြင်းရပါတယ်။ သူက လက်မလျှော့သေးပါ။ အင်္ဂလိပ်ကဗျာတချို့ ထည့်ပေးဖို့ ပေးပြန်ပါတယ်။ ကျွန်မဆီမှာ ငယ်ငယ်ကတည်းက ကောင်းတယ် ဆိုရမလား၊ ဆိုးတယ်ဆိုရမလားဆိုတဲ့ ကိစ္စတခုရှိပါတယ်။ အဲဒါကတော့ စာအုပ်တအုပ်ကို ဖတ်မကြည့်ပဲ လှန်လှော ကြည့်ပြီးပြီ ဆိုရင်ကို ဘယ်အကြောင်းအရာ၊ ဘယ်မှာ ပါခဲ့တယ်ဆိုတာကို မှတ်မိနေတဲ့ ကိစ္စပါ။ ကျွန်မ သူငယ်ချင်းတွေကတော့ ကျွန်မကို google လို့ ခေါ်တတ်ကြပါတယ်။ သူတို့ ရည်ညွန်းစာအုပ် လိုပြီဆိုရင် ကျွန်မကို ရှာခိုင်းလို့ ရတာမို့ပါ။ တခုခု ပြောလိုက်ပြီး၊ ဒါနဲ့ပတ်သက်လို့ ကျွန်မကလဲ ဖတ်ထားဖူးတယ်ဆိုရင် အကြောင်းအရာကို မသိတော့ရင်တောင် ဘယ်စာအုပ်လဲ၊ စာအုပ်အစပိုင်းမှာလား၊ အလယ်ပိုင်းမှာလားစသဖြင့် ကျွန်မခေါင်းထဲ ပြန်ပေါ်လာလေ့ရှိပါတယ်။ လူတွေနဲ့ ပတ်သက်ရင်လဲ ဒီအတိုင်းပါပဲ။ တခါတလေ နိုင်ငံရေးထဲမှာ လူတယောက် နာမည်ကြားတာနဲ့၊ ဒီလူဟာ ဘယ်အမှုတုန်းက လူထင်တယ်ဆိုတာ ပေါ်ပေါ်လာတတ်ပါတယ်။ အခုလဲ ကဗျာတွေမြင်တာနဲ့ ဘယ်စာအုပ်ထဲက ဆိုတာ ကျွန်မသိနေတော့ အင်္ဂလိပ်ဘာသာပိုင်းက ကျွန်မနဲ့ မဆိုင်ကြောင်း၊ ကိုယ့်ဘာသာကို တိုက်ရိုက် ပို့စေလိုကြောင်း ပြောရင်း အသည်းအသန် လက်ရှောင်လိုက်ရပါတော့တယ်။

အဲ-ဘာလိုလိုနဲ့ (၁၀)ရက်လောက်ကြာလာတော့ ကျွန်မ အတော် စိတ်ပင်ပန်းနေပြီရှင့်။ တော်သေးတယ်။ နိုင်ငံမတူလို့ဆိုပြီးပဲ စိတ်ဖြေရတော့တယ်။ သူနေတဲ့နိုင်ငံနဲ့ ကျွန်မနေတဲ့ နိုင်ငံက မတူတော့ ကျွန်မ ခဏ စိတ်သက်သာအောင် ကိုယ်နေနေတဲ့ တိုင်းပြည် ပြန်လာလို့ ရတာပေါ့ရှင်။ ကျွန်မနေတဲ့နိုင်ငံရဲ့ ဥပဒေကြောင်းအရ သူ့ကို ချက်ချင်း ခေါ်လာလို့ မရသေးတာကြောင့်၊ နောက်မှ ခေါ်ပါ့မယ်ဆိုပြီး နားချ ပြန်လာခဲ့ရတော့တယ်။ များမကြာခင်မှာပဲ ကျွန်မမှာ မျိုးဆက်သစ်လေး ရလာတော့မယ်ဆိုတာ သိရပါတယ်။ သူ့ကို စိတ်ကုန်နေတာမှန်ပေမယ့် သည်းခံပြီး အဆက်အသွယ်လုပ်တာ လက်ခံနေရသေးတယ်။ ဖြစ်ချင်တော့ ကျွန်မရဲ့ ကိုယ်ဝန်ဆောင် မိခင်ဘ၀က သိပ်လွယ်လှတာတော့ မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်တွေမှာသာ ဖြစ်လေ့ရှိတဲ့ severe hyperemesis က ကျွန်မဆီလာဖြစ်ပါတယ်။ အပျော့စားနဲ့ အပြင်းစားရှိရာမှာ ကျွန်မက လူတသောင်းမှာ တယောက်ပဲရှိတဲ့ အပြင်းစားပါ။ နံနက်မိုးလင်းကစပြီး တောက်လျှောက် အန်တာဟာ ညဘက်အထိ ဘာစားစား ပြန်အန်ပါတယ်။ ရေသောက်ရင်တောင် ရေပြန်ထွက်တာမို့ ကျန်းမာရေးက အတော် ဆိုးဝါးပါတယ်။ ခဏခဏ ဆေးရုံသွား ဆေးသွင်းရပါတယ်။ အလုပ်က ပြန်ခေါ်တဲ့အချိန်မှာ ကျွန်မမသွားနိုင်တော့ပါဘူး။ တော်ပါသေးတယ်။ စုဆောင်းထားတာတွေရှိလို့။ သူကလဲ ရရစားစားလို့ ဆိုနေတာမို့ သူ့ဆီကလဲ မတောင်းပါဘူး။ အလိုလေး၊ကိုယ့်ဘဏ်စာရင်းကိုတောင် သူနဲ့ joint ဖို့ပြောနေတာ ကျွန်မဆီကပါ ပြန်ပါသွားနိုင်တဲ့ အခြေအနေမျိုးပါ။

ဒီလို အင်အားချိနဲ့ နေချိန်မျိုးမှာ သူ့ဆီက ဖုန်းတွေ နားထောင်နေရတာကလဲ ဒုက္ခတမှောင့်ပါပဲ။ ကျွန်မက ကိုယ်လုပ်တဲ့ အလုပ်ကို တာဝန်အလွန်ကျေချင်သူပါ။ ရုံးမှာတုန်းကဆို တခါတလေ ကျွန်မရုံးဆင်းချိန်ဟာ ည(၈)နာရီ နောက်ပိုင်းထိကို ရောက်သွားတတ်ပါတယ်။ နေမကောင်းပေမယ့် ကျွန်မတာဝန်ယူထားတဲ့ စာစောင် အပတ်စဉ် ထွက်ရေး၊ ပါဝင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာ တာဝန် ကျေပြွန်ရေးအတွက် ကျွန်မ ကြိုးစားလုပ်ကိုင်ပါတယ်။ ခေါင်းမထူနိုင်လွန်းရင်တောင် အိပ်ယာထဲ လှဲရင်း အိပ်ပျော်သွားမှာစိုးလို့ ကွန်ပျူတာကို ရင်ဘတ်ပေါ် တင်ထားပါတယ်။ ကျွန်မကြောင့် လုပ်ငန်းနှောင့်နှေးတာမျိုး လုံးဝ အဖြစ်မခံနိုင်တာမို့ပါ။ အဲဒီလိုအခါမျိုးတွေမှာ သှူ့ဆီက ဖုန်းလာရင် ကျွန်မ သိပ်စိတ်ညစ်ပါတယ်။ အရေးပါစကားတွေဆိုရင်တမျိုးပေါ့။ အရေမရ၊ အဖတ်မရ စကားတွေ လာလာပြောနေတာ မပြီးနိုင်၊ မစီးနိုင်ဖို့ ဖုန်းကိုင်ရတဲ့ လက်တွေ ညောင်းပါတယ်။ စာဖတ်ချိန်တွေလဲ လျော့ကုန်တော့ပါတယ်။ နိုင်ငံရေးလာဆွေးနွေးရင် ပိုစိတ်ကုန်ရ ပြန်ပါရော။ ဘာလို့လဲ ဆိုတော့ သူက ဆွေးနွေးတာမဟုတ်ပဲ နိုင်ငံရေးလောကထဲက လူတွေရဲ့ အတွင်းရေးတွေ၊ Background တွေ လိုက်မေးနေတာမို့ပါ။

ဒီအခြေအနေအတွင်းမှာပဲ ကျွန်မဆေးရုံကို (၃)ရက်လောက်တက်ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ အားဆေးတွေသွင်းရတာပါ။ စိတ်ကသာ တင်းထားလို့ ခိုင်နေပေမယ့် ရေမ၀င်၊ အစာမ၀င်တာကြာရင် လူဟာ လဲတတ်တာပါပဲ။ အဲဒီမှာ ကျွန်မဆီကို ဖုန်းလာပါတယ်။ သူ့ကို မြန်မြန်ခေါ်ဖို့ အကြောင်း။ သြော်-ငါ့ယောက်ျား ငါ့ကို ဂရုစိုက်ပါလားလို့ တွေးမိရုံရှိသေး၊ သူဆက်ပြောတဲ့စကားက “ကိုယ်လဲ မနေနိုင်တော့ဘူးမျိုးရဲ့“တဲ့။ ဘာပြောတာလဲဆက်မေးတော့ “ယောက်ျားဆိုတာ အကြာကြီး ပစ်မထားရဘူး။ ကိုယ်က မိန်းကလေးတွေ စကတ်တိုတို ၀တ်ထားရင်တောင် စိတ်ထဲမှာ တမျိုးပဲ”လို့ ဆိုပါတော့တယ်။ အိပ်ယာထဲလဲနေတဲ့ ကျွန်မ ဘယ်လိုဖြစ်သွားမလဲ စဉ်းစားသာ ကြည့်ကြပါတော့။ လူချင်းသာ အပြင်မှာ တွေ့တာဆိုရင်တော့ ကျွန်မ လူသတ်မှုဖြစ်နေလောက်ပြီ။ တော်သေးတာက အင်မတန် တည်ကြည် ဖြောင့်မတ် သန့်စင်တဲ့ ချစ်သူ ယောက်ျားကောင်း တယောက်ကို ဆုံခဲ့ဖူးတာပါ။ မဟုတ်ရင်တော့ “မဲမဲမြင်တာနဲ့၊ သရဲသရဲ အော်ကြတာလိုမျိုး၊ ယောက်ျားမြင်တာနဲ့၊ ——–အော်ပြီး ပြေးရမယ့်ကိန်း ဆိုက်သလိုမျိုးပါ။

အမျိုးသမီး အခွင့်အရေး သင်တန်းတချို့ တက်ဖူးစဉ်က ခင်ပွန်းသည်တွေဟာ ဇနီးသည်တွေကို တခါတရံ Rape လုပ်တယ် ဆိုတာ ကြားရတော့ ကျွန်မမယုံခဲ့ဘူး။ တကယ်တော့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ “ငါ့ဇနီးပဲ၊ ငါလုပ်ချင်တာ လုပ်လို့ရပြီ“ သတ်မှတ်လို့ မရပါ။ လူတိုင်းဟာ သူ့သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ဖွဲ့စည်းထားတာပါ။ ယောက်ျားတွေ ကာမဘီလူးစီးတိုင်း မိန်းမတွေက လိုက်လက်ခံပေးစရာမလိုအပ်ပါ။ ဆန္ဒမပါရင် ငြင်းခွင့် ရှိပါတယ်။ ဒါကိုမှ ရှေ့တိုးရင်တော့ ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ခွင့် ရှိပါတယ်။ ယောက်ျားတွေအတွက် ဆိုရင်ရောလို့ မမေးပါနဲ့။ အခွင့်အရေး အတူတူပါပဲရှင်။ မိန်းမတွေ ကာမဘီလူး စီးလာရင်လဲ အလိုမတူရင် လင်ယောက်ျားဖြစ်သူက ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။

အတော်ပင် ဒေါသထွက် စိတ်ကုန်နေတာဖြစ်ပေမယ့် ဒီအထိလဲ ကျွန်မ သည်းခံသေးတယ်ရှင့်။ အဲ- နောက်ဆုံးကျတော့ အဖြစ်အပျက် နှစ်ခုက ရှေ့ဆင့် နောက်ဆင့်ပေါ်လာပါတယ်။ ပထမတခုက တခြား တနိုင်ငံမှာရှိတဲ့ ကျွန်မမိတ်ဆွေ အမျိုးသမီးတယောက်ရဲ့ ဖုန်းကို သွားဆက်တဲ့ ကိစ္စပါ။ ကျွန်မအမျိုးသားလို့ မပြောတဲ့အပြင် ကျွန်မကိုပါ အသိမိတ်ဆွေ ဆိုပဲ။ အဲ-သူမကိုလဲ ကိုယ်ရေးကိုယ်တာတွေ မေးရုံမက သူ့ဆီလာပါလို့ ဖိတ်ခေါ်လိုက်သေးသတဲ့။ ကိုယ်ရေးနောက်ခံတွေပါ သေချာလိုက်မေးနေတော့ ဟိုက ပျူးပျူးပျာပျာနဲ့ ဒီလူနာမည် ကြားဖူးလား ကျွန်မဆီ လာစုံစမ်းပါတော့တယ်။ ဒီအခြေအနေအထိ ဆိုတော့ ကျွန်မအနေနဲ့ သတိထားလာရပြီ ဖြစ်ပါတယ်။ ကိုယ့်ယောက်ျား တခြားမိန်းကလေးဆီ ဖုန်းဆက်လို့ သ၀န်တိုတာမျိုးတွေကို ကျွန်မ မဆိုလိုပါ။ ကျွန်မဆီမှာ အဲဒီလို အားအားယားယား သ၀န်လိုက်ကြောင်နေသော စိတ်မျိုးလုံးဝ မရှိပါ။ အခုဟာက အခြေအနေပုံစံ တမျိုးကြီး ဖြစ်လာတာပါ။

တချိန်တည်းမှာ နိုင်ငံခြားသား သတင်းထောက်တယောက် ရေးတဲ့ ရှစ်လေးလုံး မှတ်တမ်းတခုကို အမှတ်မထင် ပြန်ဖတ်မိတော့ သူ ကျွန်မဆီကို ကိုယ်ရေးအကျဉ်း ပို့စဉ်ကရော၊ အဖွဲ့အစည်းထဲကို ၀င်စဉ်က ရေးထားတဲ့ သူ့နောက်ကြောင်း ရာဇ၀င်ကရောနဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တခုကို ကျွန်မသွားတွေ့ပါတယ်။ သူပြောထားတာတွေနဲ့ တခြားစီပါ။ ကျွန်မ အိမ်ထောင်ဘက်ကို နိုင်ငံရေးသမားမှ၊ နိုင်ငံရေး အကျဉ်းသားဟောင်းမှလို့ သတ်မှတ်ထားခဲ့တာမျိုး မရှိပါ။ သို့ပေမယ့် သူနဲ့တွေ့တော့ ဒီအချက်တွေကလဲ ကျွန်မရဲ့ ဆုံးဖြတ်ချက်များကို ထောက်ကူပေးခဲ့တာအမှန်ပါ။

ရင်ထဲက သံသယကို ကျွန်မ ရေရှည် သိမ်းမထားပါ။ ကိုယ့်ယောက်ျားကိုယ် ချော့တခါ၊ ခြောက်တလှည့်နှင့် စစ်ကြောရေး ပြန်လုပ်နေရတဲ့ အခြေအနေမျိုးပါ။ ကျွန်မ သံသယရှိသည့် အတိုင်းပါပဲ။ မည်သည့်အခါကမှ ထောင်ထဲမရောက်ခဲ့ဖူးပါ။ ကျွန်မတို့တွင်မက၊ အဖွဲ့အစည်းမျိုးစုံမှ လူများသာမက၊ သူ နိုင်ငံရေးခိုလှုံခွင့် ယူထားသော နိုင်ငံအစိုးရ ပါမကျန် ပိပိရိရိ အလိမ်ခံလိုက်ရတာပါ။ ဒေါသလဲထွက်၊ စိတ်လဲပျက်။ ဘာရည်ရွယ်ချက်လဲ ဆိုတာတော့ သိဖို့လိုတယ် ထင်လို့ ဆက်စကားပြောနေမိတော့ သူက ကျွန်မကို ဘာတွေ ပြန်ပြီး စည်းရုံးသွားတယ် ထင်ပါသလဲ။ စစ်အစိုးရနဲ့ ပူးပေါင်းဖို့လို့ မိတ်ဆွေ ထင်ပါသလား။ မဟုတ်ပါ။ လုံးလုံး မဟုတ်ရပါရှင်။ တကယ်လို့များ သူသာ နအဖဘက်တော်သား တယောက်ဖြစ်ပြီး၊ ပူးကပ်ဝင်ခဲ့တယ် ဆိုရင်တောင်မှ ဒါဟာ စစ်တို့ရဲ့ သဘောသဘာဝပေပဲ ဆိုပြီး၊ ကျွန်မ ခွင့်လွှတ်လို့ ရဦးမယ်။ အခုများတော့ သူပြောသွားတာတွေကို အတိုချုပ်ရရင်-

(၁) ကျွန်မဟာ ဒေါ်အောင်ဆန်းစုကြည်လိုလဲ ဖြစ်လာမှာမဟုတ်၊ ဘယ်တော့မှ နိုဘယ်ဆုလဲရမှာ မဟုတ်လို့ အလကား အချိန် ကုန်ခံမနေနဲ့။ ကိုယ့်အကျိုးပဲကိုယ်ကြည့်။ ကိုယ့်မိသားစု ကောင်းစားရေးပဲ ကိုယ်ကြည့်တဲ့။

(၂) နိုင်ငံရေးနဲ့ လုပ်စားနေသူတွေအများကြီးပဲ။ သူတို့ရဲ့ ငွေဝင်ပေါက်တွေ၊ နိုင်ငံတကာရံပုံငွေတွေ ဘယ်လိုရနေလဲဆိုတာကို သူတို့နဲ့ ပူးပေါင်းပြီး နည်းရှာ။ ပြီးရင် ပြိုင်ပြီးလုတဲ့။

(၃) မြန်မာပြည်က မိတ်ဆွေသူငယ်ချင်းတွေကို ရုံးခန်းဖွင့်ခိုင်းပြီး၊ မြန်မာပြည်က ကျောင်းသားတွေကို ဥရောပမှာ ကျောင်းတက်ဖို့ အမြတ်တင် ခေါ်ရမယ်တဲ့။ (ဥပမာ- ကျောင်းလခက တစ်သောင်းဆိုရင် တစ်သောင်းခွဲ အပြီးအစီးဆိုတာမျိုး) ကျွန်မက ပညာရေးကိစ္စတွေ နားလည်တော့ ကျွန်မနာမည်နဲ့ဆိုရင် ဖြစ်ပါမယ်တဲ့။

(၄) ဥရောပရောက်နေတဲ့ကျောင်းသားတွေကို ဆွယ်တရားဟောပြီး၊ နိုင်ငံရေးခိုလှုံခွင့် တင်ခိုင်းရမယ်တဲ့။ တဘ၀လုံးစာဆိုတော့ ဒီကငွေ (၁၅၀၀)၊ (၂၀၀၀) ဆိုရင် လုပ်ကြမှာပဲတဲ့။ သူတို့အတွက် လုပ်ဇာတ်တွေကို ကျွန်မက ကြံဖန်ရေးပြီး၊ အဖွဲ့အစည်းခေါင်းစီးနဲ့ ထောက်ခံပေးရပါမယ်တဲ့။

(၅) ချမ်းသာဖို့၊ ငွေရဖို့ဆိုရင် ဘာမဆို လုပ်ရပါမယ်တဲ့။ ဘိန်းကုန်ကူးသင့်ရင်လဲ ကူးရမှာပဲတဲ့။

ကဲ-ဒီလိုစိတ်ဓာတ်ကြီးကို ကျွန်မက ဘယ်လိုပုံစံမျိုးနဲ့ ညှိနှိုင်း ပြုပြင်ပေးရမှာတဲ့လဲ။ ပြင်ဖို့ကြိုးစားရင်း ကျွန်မရဲ့ သိက္ခာတွေ၊ ယုံကြည်ချက်တွေ၊ ခံယူချက်တွေကိုပါ ထိပါးပွန်းပဲ့သွားမယ့် အဖြစ်။

နိုင်ငံရေး ဆိုတာကို နိုဘယ်ဆုရမှသာ လုပ်ရမယ်ဆိုရင် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတလျှောက်က တော်လှန်ရေးသမားတွေရဲ့ အရိုးတွေက တွန်ပြကြပါလိမ့်မယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာက မတရားတာကို တွန်းလှန်တာပဲဖြစ်ပါတယ်။ ဘယ်သူသိသိ၊ မသိသိ၊ ဘယ်သူ အသိအမှတ် ပြုပြု၊ မပြုပြု၊ ဘယ်သူဆုတံဆိပ်ပေးပေး၊ မပေးပေး တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ကြရတာမျိုးပါ။ အလောင်းဘယ်မှာ မြှုပ်ထားခံရတယ် ဆိုတာတောင် ဘယ်သူမှ မသိတဲ့ အညတရ တော်လှန်ရေးရဲဘော်တွေရဲ့ သွေးစက်တွေသာ ပေါင်းစပ်လိုက်ရင် မြန်မာပြည်မှာ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းတို့အပြင် နောက်ထက် သွေးမြစ်ကြီး တစင်းတောင် ပေါ်ပေါက်လာဦးမှာပါ။

နောက်တချက်ဖြစ်တဲ့ နိုင်ငံရေးလုပ်စားသမားတွေ ဆိုတာကတော့ မရှိမဟုတ်၊ ရှိတာပါပဲ။ နိုင်ငံရေး သီအိုရီအရကို ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်မှာ အခွင့်အရေးသမား (opportunists) တွေ ရှစ်ဆယ်ရာခိုင်နှုန်း ရှိတတ်တယ်လို့ ဆိုထားတာပါပဲ။ သူ့လမ်းနဲ့သူ၊ ကိုယ့်လမ်းနဲ့ကိုယ်ပါ။ အရေးကြီးတာက ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင် ပြီးတာပါပဲ။

နောက်တချက်ဖြစ်တဲ့ ကျောင်းသားတွေနဲ့ လုပ်စားဖို့ ဆိုတာကိုလဲ ကျွန်မ လုံးဝ လက်မခံနိုင်ပါ။ ကျွန်မက ပညာကို နှစ်နှစ်ကာကာကြီးကို တန်ဖိုးထားတာပါ။ မြန်မာကျောင်းသားတွေ နိုင်ငံရပ်ခြားမှာ ကျောင်းစရိတ်ကြီးစွာ ပေးကြရလွန်းလို့၊ စကောလားရှစ် အခွင့်အရေးတွေကို ကူရှာပေးနေတဲ့သူပါ။ မြန်မာတွေအများကြီး ပညာတတ်တွေ ဖြစ်တာကို ကျွန်မ အရမ်း မြင်ချင်ပါတယ်။ တော်လှန်ရေး ပြီးသွားတဲ့အခါ ကျွန်မတို့ တိုင်းပြည်ကို ချောက်ထဲကနေ ပြန်ဆွဲတင်နိုင်မယ့် တခုတည်းသောအရာဟာ ပညာရေးလို့ ယုံကြည် ထားတာမို့ပါ။ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတာရယ်၊ ပညာရေးကို လုပ်စားတာရယ်က ကောင်းကင်နဲ့ မြေကြီးပမာ ကွာခြားလှပါတယ်။

အဲ-နောက်တချက်ကျတော့လဲ ကျွန်မ အလွန်မုန်းတီးတဲ့ အချက် ဖြစ်နေပြန်ပါတယ်။ သေချာစဉ်းစားမယ်ဆိုရင် ဒါဟာ တော်လှန်ရေးမှာ ပေးဆပ်သွားသူတွေကို သစ္စာဖောက်ခြင်း တမျိုးပါ။ ဥပဒေကြောင်းအရ ဆိုရင်လဲ နိုင်ငံတကာ လူကုန်ကူးမှုပါ။ နအဖမကောင်းတာက မကောင်းတာ သပ်သပ်၊ လူကုန်ကူးမှု ဒုစရိုက်မှု ကျုးလွန်တာက ကျူးလွန်တာ သပ်သပ်ပါ။ ရောထွေးလို့ မရပါဘူး။

နောက်ဆုံးတချက်ကတော့ ကျွန်မ တခုလပ်လုပ်ဖို့ ဆုံးဖြတ်ချက်ကို တွန်းအား ပေးလိုက်တာပါ။ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများကို ကျွန်မ အရမ်းမုန်းပါတယ်။ နအဖထက်တောင် ပိုမုန်းပါတယ်။ ကိုယ်ငွေရလိုမှုနဲ့ သူတပါး လူညွန့်တုံးအောင် ကြံရွယ်လုပ်ကိုင်မှုပါ။ မုန်းရုံတင်မက၊ ရွံလဲရွံ၊ စက်လဲစက်ဆုပ်ပါတယ်။ ကျွန်မဘ၀မှာ ကိုယ့်အိမ်ထောင်ဘက်ဆီက ဒီစကားမျိုး ထွက်လာတာ ကြုံရလိမ့်မယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဘူးပါ။

ပြီးတော့တခါ ကျွန်မမိတ်ဆွေဆီ ဖုန်းဆက်တဲ့ကိစ္စကို ကျွန်မ ဆက်စဉ်းစားပါတယ်။ မိတ်ဆွေက ကျွန်မထက် အသက်ကြီးသူလဲဖြစ်၊ သူငယ်ချင်းလဲ ဖြစ်တာမို့သာ ကျွန်မအမျိုးသားကို ကျွန်မ ပြဿနာ မရှာတော့တာပါ။ တကယ်လို့များ ကျွန်မဖုန်းထဲက ဖုန်းနံပါတ်ကို သူယူပြီး၊ ကျွန်မရဲ့ ကျောင်းသူလေးတွေဆီကိုသာ ဆက်ခဲ့တာဆိုရင်တော့ ကျွန်မ သက်ဆိုင်ရာကို အကြောင်းကြားပြီး အရေးယူခိုင်းမိမှာပါ။ ကျွန်မဆီမှာ ကမ္ဘာအရပ်ရပ်မှာ ပျံ့နှံ့နေတဲ့ ကျောင်းသူ ညီမလေးတွေ ရှိပါတယ်။ မြန်မာပြည်မှာတုန်းက စာသင်ပေးခဲ့သူလေးတွေပါ။ ကျွန်မကလဲ စာသင်ရတာကို အရမ်းကျေနပ်နှစ်သက်ပါတယ်။ အရမ်းကို ပျော်တာပါ။ စီးပွားရေး စီမံခန့်ခွဲရေးသင်တန်းတွေ ပြင်ပကျောင်းတခုမှာ တက်တုန်းကဆို ကလေးတွေနဲ့ တရုန်းရုန်းပါပဲ။ အဆင့်မြင့် ဒီပလိုမာ တက်နေတုန်း၊ ဒီပလိုမာတန်းက ကျောင်းသားတွေနဲ့ ကျွန်မနဲ့ ဘယ်လောက် ရင်းနှီးလဲဆို ကျွန်မရဲ့ စာမေးပွဲ အခန်းရှေ့မှာအထိ စာလိုက်မေးနေကြလို့၊ ကျွန်မ စာမေးပွဲခန်းကို စောင့်မယ့် ဆရာမက သူတို့ကို အော်ထုတ်ပြီး ကျွန်မကို စာမေးပွဲ ဖြေစေရပါတယ်။ ကျောင်းသား ဘ၀တုန်းကလဲ သူများကို စာရှင်းပြရတာ သိပ်ကြိုက်ပါတယ်။ ဆယ်တန်းအောင်ပြီးတော့လဲ စာသင်ချင်လွန်းလို့ကို study guide လုပ်ပါတယ်။ ဆေးကျောင်းရောက်တော့လဲ အဆောင်မှာ လက်ဖက်သုတ်ဖိုး အကုန်ခံပြီးတော့ကို လူတွေခေါ်ပြီး စာစုဆွေးနွေးပွဲ လုပ်ပါတယ်။ စာသင်ရမယ်ဆိုရင် ပျော်လွန်းလို့ နောက်တနေ့ စာမေးပွဲကို ညလုံးပေါက် ထိုင်ဖတ်မယ့် ညီမလေးတယောက်ကိုလဲ အဖော်အဖြစ် ကူထိုင်ပေးပါတယ်။ သူမေးတာရှင်းပြပါတယ်။ သူ လိုအပ်တာ ဖြည့်ဆည်းပေးပါတယ်။

နိုင်ငံရပ်ခြား ရောက်တော့လဲ ဒီအကျင့် မပျောက်သွား။ စာရင်းကိုင် ဖြစ်ချင်တယ်၊ အလုပ်ကလဲ (၉)နာရီမှ ပြီးတယ်ဆိုတဲ့ ညီမလေး တစ်ယောက်ဆီကို ည (၁၀)နာရီကနေ ည (၁၂)နာရီအထိ စာသွားသင်ပေးပါတယ်။ night bus နဲ့ အိမ်ပြန်ပါတယ်။ သူလိုချင်တဲ့ Professional Membership ပြီးသွားပြီဆိုတဲ့နေ့မှာ ကျွန်မတညလုံး ၀မ်းသာလွန်းလို့ အိပ်လို့တောင် မပျော်ပါ။ ကျွန်မအိမ်ကို လူဝင်လူထွက် များတာ၊ ကျွန်မဖုန်းကို ဆက်ပြီး အရေမရ၊ အဖတ်မရပြောတာတွေကို မကြိုက်ပေမယ့် စာနဲ့ ပတ်သက်ရင်တော့ အချိန်မရွေးပါပဲ။ သြစတြေးလျ ရောက်ခါစမှာ အချိန်ခြားနားမှုတွေကို အတွက်မှားပြီး၊ ယူကေအချိန် ည(၂)နာရီမှာ ဖုန်းဆက်စာမေးတဲ့ ညီမလေးတယောက်ကိုလဲ စာအုပ်တွေ ထရှာပြီး ရှင်းပြပါတယ်။ သင်ခန်းစာတွေများတော့ မိုးလင်းသွားပါတယ်။ ပြီးတော့မှ အချိန်မေးလို့ ပြောပြတော့ သူက အားနာ၊ ကိုယ်ကတော့ စိတ်လေးတောင် မကွက်၊ သူ စာနားလည်သွားတာကိုပဲ ပျော်လိုက်ရတာ။ ကျောင်းအရ၊ အလုပ်အရ မြန်မာတယောက်မှ မရှိတဲ့မြို့ ရောက်လာတော့လဲ ဒီဇဟာ မပျောက်သွား။ စာသင်ပေးနေရတဲ့ ကလေးတွေ ရှိတာပါပဲ။ ဆယ်ကျော်သက်လေးတွေပါ။ ဒီက လူတချို့က အိုလယ်ဘယ် အောင်ပြီးရင် အေလယ်ဘယ်လ်ကို အပြင်က ဖြေတတ်ကြတယ်ရှင့်။ ကျွန်မလဲ ကျူရှင် မှတ်ပုံတင်သွားပြီး၊ သွားသင်ပေးနေတာပါ။ ခြုံပြောရရင် ကျွန်မ သူတို့အားလုံးကို သိပ်ချစ်ပါတယ်။ တန်ဖိုးလဲထား၊ မျှော်လင့်ချက်တွေလဲ ထားပါတယ်။ မြန်မာဖြစ်ဖြစ်၊ တခြားလူမျိုးပဲ ဖြစ်ဖြစ် လူငယ်တွေဆိုတာ အနာဂတ် ကမ္ဘာလောကကြီးရဲ့ ဖန်ဆင်းရှင်တွေပါ။

ဒါကြောင့် ပြောတာပါ။ သူဆက်တဲ့ဖုန်းဟာ ကျွန်မရဲ့ညီမလေးတွေဆီသာ ရောက်သွားခဲ့ရင် ကျွန်မရဲ့ ဖုန်းထဲက ဖုန်းနံပါတ်တွေကို ခိုးယူမှုနဲ့ ကျွန်မ ဥပဒေကြောင်းအရ တရားစွဲဖြစ်လိမ့်မယ်လို့။ ကျွန်မရဲ့ သူငယ်ချင်းမှာတင် သိက္ခာက ကျလှပြီ။ သူဘယ်လိုယူဆသွားမလဲ။ တပည့်တွေနဲ့သာဆို ကျွန်မ ထိန်းသိမ်းထားတဲ့ ဆရာသမားဂုဏ်သိက္ခာတွေ အဖတ်ဆည်မရ ဖြစ်သွားမှာပေါ့။ ဒီလိုနဲ့ပဲ တခုလပ်ဖြစ်ဖို့ ဆုံးဖြတ်ချက်တခုကို ကျွန်မ ပိုင်ပိုင်နိုင်နိုင် ချရတော့တယ်။ မသိသူများကို ကျွန်မနာမည်သုံးပြီး လက်တလုံးခြား လုပ်မှာစိုးလို့ လူသိရှင်ကြားကို ကွာရှင်းပြတ်စဲကြောင်း ကြေငြာလိုက်ရတာပါရှင်။ ကြောက်လွန်းလို့။

အဲလိုအချိန်မှာ ကျွန်မ လွယ်ထားတဲ့ ရင်သွေးလေးက (၅)လထဲမှာပါ။ သားလား၊ သမီးလားတော့မသိ။ လူ့လောကထဲမရောက်ခင်ကတည်းက ဖခင်မဲ့သွားပါပြီ။ ဒါပေမယ့် ဖခင်ရှိပြီး လက်ဦးဆရာပီသစွာ သူ့စိတ်တွေ သွင်းလိုက်လို့ မူးယစ်ရာဇာ၊ လူလိမ်လူညာ ဖြစ်သွားမှာထက် စာရင်တော့ မရှိတာက ပိုကောင်းတယ်လို့ ကျွန်မ ယူဆပါတယ်။ ကလေးဆိုတာ ဗီဇထက် ပြုပြင်ထိန်းကျောင်းမှုက ပိုအရေးကြီးတာပါ။ ဇပါလာမှာပဲဆိုပြီး သတ်မှတ်လို့ကလဲ မရ။ သူတို့လေးတွေက အင်မတန် သနားစရာကောင်းတာပါ။ မိဘဆိုတာကို ရွေးချယ်ခွင့် မရကြရှာပါဘူး။ မိဘရဲ့ အရိပ်မဲကိုကျတော့ ခံကြရပါတယ်။

မဆီမဆိုင် တခုလပ်ဖြစ်ကာမှ ပတ်ဝန်းကျင် (မြန်မာများ) ရဲ့ စိတ်အနှောင့်အယှက် ပေးမှုတွေက ကြုံရပြန်ပါသေးတယ်။ နိုင်ငံခြားသားများကတော့ အဲလို စပ်စပ်စုစု၊ စပ်စပ်ယှက်ယှက်တွေ မလုပ်ကြပါ။ ဘာလိုအပ်လဲဆိုတာ စောင့်ကြည့်ပြီး၊ လိုအပ်မယ်ထင်တဲ့ အကူအညီကို ပေးကြပါတယ်။ မြန်မာအများစု (အချို့မိတ်ဆွေကောင်းများ မပါပါ) ကတော့ အားမနာ၊ လျှာမကျိုး၊ အလိုက်မသိ၊ တယ်လီဖုန်းခအကုန်ခံပြီးတော့ကို ဓလေ့ထုံးစံ ဆိုတာတွေ လာပြောကြ၊ ပွဲတွေ၊ အခမ်းအနားတွေ သွားရင်း အချင်းချင်း တွတ်ထိုးကြ၊ မေးငေါ့ကြ လုပ်တတ်ကြပါတယ်။

သူတို့ ပြောလေ့ပြောထရှိတာက “မိန်းမကောင်း၊ ပန်းတပွင့်ပန်“တဲ့။ ပန်းတပွင့် ပန်ပြထားပြီး၊ နောက်ကွယ်မှာ တွဲခုတ်နေကြတဲ့ မိန်းမတွေကရော မိန်းမကောင်းတွေပဲလား။ အကြောင်းမလှလို့ တခုလပ်ဖြစ်ပြီး၊ ကိုယ်ဘာသာကိုယ် တည်တည်တံ့တံ့ နေနေကြတဲ့ မိန်းမတွေက ပန်းတပွင့် မပန်တာနဲ့ပဲ အလိုလိုနေရင်း မိန်းမယုတ်ဖြစ်သွားရရောလားလို့ တွေးမိတယ်။

အဲ-နောက်တခုက အိမ်ထောင်ရေးမှာ ယောက်ျားတွေကို မိန်းမတွေက ထိန်းသိမ်းရမယ်တဲ့။ တခုလပ်မိန်းမတွေဟာ ကိုယ့်ယောက်ျားကို ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းမရှိလို့ တခုလပ် ဖြစ်တာပါတဲ့။ ကျွန်မကတော့ အိမ်ထောင်ရေးကို အသိဥာဏ်ရှိသော လူနှစ်ယောက် ဘ၀ခရီး အတူလျှောက်ခြင်း လို့ပဲမြင်ပါတယ်။ ယောက်ျားတွေက လိုက်ထိန်းသိမ်းဖို့ လိုတယ်ဆိုရင် အသိဥာဏ်မရှိတဲ့ မြည်းသတ္တ၀ါတွေ ဖြစ်နေလို့လား ဆိုတာပဲ ပြန်မေးချင်တော့တယ်။

“နောက် အိမ်ထောင်ပြုဦးပေါ့။ ငယ်သေးတာပဲတဲ့“။ ဘယ်သူကများ ကျွန်မဘေးမှာ ယောက်ျားတယောက် လိုအပ်နေပါတယ်လို့ တောင်းဆို ဟစ်ကြွေးနေလို့လဲ။ ရှိခဲ့တဲ့ တယောက်တောင် ကန်ထုတ်ထားပါတယ် ဆိုမှ။ တခါလာသေးတယ်။ “လင်မရှိတဲ့မိန်းမဟာ မတင့်တယ်ဘူး“တဲ့။ တင့်တယ်ပါတယ်ရှင်။ ဘယ်လိုဌာနဆိုင်ရာမျိုး၊ ဘယ်လို ပွဲလမ်းသဘင်မျိုးမှာ ယောက်ျားတယောက်နဲ့ ရင်ဘောင်တန်းပြီး ယှဉ်ပြရမလဲလို့သာ စိမ်ခေါ်ချင်လာတော့တယ်။ ကွာခြင်းပြတ်စဲခြင်းကို ကျေညာပြီးတဲ့နောက်မှာ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်ရတာ ကျက်သရေ မင်္ဂလာအပေါင်းကို ခညောင်းလို့။ အရင်တုန်းကဆို ငါဟာ ကလေးငယ်လေး မွေးပြီးတာနဲ့ ဒီလို ကာမကွန်ယက်ထဲ ထပ်ရောက်ဦးမှာပါလား ဆိုပြီး၊ စဉ်းစားမိရင် ကိုယ့်ဘာသာကိုယ် နေရင်းထိုင်ရင်း ကျက်သရေယုတ်ပြီး၊ အိပ်မပျော်တဲ့ ညတွေမှ အများကြီး။ တခုလပ်လည်း ဖြစ်ရော ပျော်လွန်းလို့ ရှန်ပိန်ဖောက်ပြီးကို သူငယ်ချင်းတွေကို ဧည့်ခံခဲ့တာပါ။ မင်္ဂလာရှိလွန်းလို့။

“ယောက်ျားနဲ့မိန်းမဟာ မတူဘူး။ ကလေးလေးတယောက်နဲ့ ဘ၀ကို ဆက်လျှောက်လို့ မရဘူး။ သူတို့ရှိမှ ဖြစ်မယ်“တဲ့။ ကလေး တယောက်ထဲတင်မက အများကြီးကိုပါ တယောက်တည်း တာဝန်ယူ ပျိုးထောင် ပေးနိုင်ခဲ့တဲ့ မုဆိုးမတွေ၊ တခုလပ်မတွေ အများကြီးပါ။ နောက်အိမ်ထောင်မပြုပဲ ကလေးတာဝန်တွေယူနိုင်တဲ့ မုဆိုးဖိုတွေ၊ တခုလပ်ဖိုတွေကသာ ရှားပါးတာ။ မိန်းမနဲ့ ယောက်ျား အရည်အချင်းကွာတာ ဒါကိုကြည့်ရင်တောင် ရှင်းနေပါပြီ။ ခန္ဓာဗေဒ သင်ရတုန်းက မိန်းမအလောင်းနဲ့ ယောက်ျားအလောင်း ဘာကွာလဲ ဆိုတာ နှိုက်နှိုက်ချွတ်ချွတ်ကို လေ့လာဖူးပါတယ်။ မိန်းမနဲ့ ယောက်ျား တကယ်ကွာတာ နှစ်နေရာထဲပါ။ အဲဒါတွေကြောင့် မိန်းမတယောက်ကို နိမ့်ကျတယ် သတ်မှတ်ရင် ကိုယ့်ကိုကိုယ် ပြန်မေးပါ။ ဒါတွေကြောင့် ကိုယ် လူ့လောကထဲ ရောက်လာပြီး၊ အသက်ဆက်ရှင်ခွင့် ရခဲ့တာပဲ မဟုတ်လား။ ယောက်ျားတွေက ခွဲခြားတယ်ဆိုထားဦး၊ မိန်းမတွေကပါ ဒါတွေကြောင့် ကိုယ့်ကိုကိုယ် နိမ့်ပါးတယ်ထင်နေတာက ပိုဆိုးပါတယ်။ တကယ်တော့ ယောက်ျားနဲ့မိန်းမ ဘာမှ မကွဲပြားပါ။ တန်းတူရည်တူပါ။ လူတွေက ကွဲပြားအောင် လိုက်လုပ်နေကြတာပါ။ အဲ-အင်အားချင်းတော့ ကွာတာပေါ့လေ။ ဒါပေမယ့် အင်အားချင်းကွာလို့ အထင်ကြီး ကိုးကွယ်စတမ်း ဆိုရင် ကျွန်းသစ်လုံးကြီးတွေကို နှာမောင်းနဲ့ ဆွဲနိုင်တဲ့ ဆင်တွေကိုကျတော့ကော ကိုးကွယ်ရမှာတဲ့လား။

နောက်ဆုံးတခု ကျန်ပါသေးတယ်။ အန်တီကြီးတယောက်က သြ၀ါဒ ခြွေတာပါ။ ရယ်ရင်တောင် ဟဟမရယ်နဲ့။ လူအထင်သေးတတ်တယ်။ သမီးက တခုလပ် ဆိုတော့လေ“ တဲ့။ သြော်-ဒုက္ခ။ ဒုက္ခ။ လွတ်လပ်တဲ့ လူ့ဘောင်ကြီးမှာ ကိုယ့်ဘာသာ ရယ်ချင်ရယ်မယ်၊ ငိုချင်ငိုမယ်ပေါ့။ အိမ်ထောင်နဲ့ မိန်းမတွေ ရယ်ရင်တော့ အိမ်ထောင်ရေးသာယာလို့ ထင်ပါရဲ့တဲ့။ မုဆိုးမတွေ ရယ်ရင်ကျတော့ ဒီလောက် ယောက်ျား ဆုံးပြီးတာတောင် တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀ကို ရင်ဆိုင်နိုင်တယ်။ တော်လိုက်တာတဲ့။ ဘယ်နဲ့ တခုလပ်တွေကျတော့ ဟဟတောင် မရယ်ရဘူးတဲ့။ ပြဿနာ အတော်ရှာတဲ့သူတွေပဲ။ တခုလပ် ဆိုတာကကော လူစိတ်ကင်းမဲ့နေတဲ့ စက်ရုပ်ကြီးတွေမို့လား။ လောကမှာ လူအထင်သေးတာ၊ မသေးတာ၊ ကဲ့ရဲ့တာ၊ မရဲ့တာတွေသာ လိုက်ကြည့်နေရရင် ထမင်းတောင်စားနိုင်မှာ မဟုတ်ဘူး။ လူတွေအားလုံးဟာ ကိုယ့်ဘ၀အကြောင်းနဲ့ကိုယ်၊ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပဲ။ အဲ-လာသေးတယ်။ တခုလပ်ရယ်တာဟာ လူပျိုလေးတွေကို မြူဆွယ်တာပါတဲ့ရှင်။ လူပျိုလေးတွေပဲ။ သူတို့ဘာသာ စိတ်လှုပ်ရှားတာတော့ တခုလပ်မှ မဟုတ်ပါဘူး။ အိမ်ထောင်ရှိသူ ရယ်ရင်လဲ ဖြစ်ချင်ဖြစ်တာပဲ။ အပျိုရယ်လဲ ဖြစ်ချင်ဖြစ်မှာပဲ။ ဘယ်နဲ့၊ တခုလပ်တွေကမှ လာခလုတ်တိုက် နေရတာတုံး။ အဲ-လူပျိုလေးတွေက တခုလပ်ရယ်မှပဲ တသသ စွဲလမ်းသွားကြတယ် ဆိုရင်တော့ ရေမရှိတဲ့ ချောင်းမှာပဲ နှာခေါင်းဖော်ပြီး သွား သေလိုက်ကြပေတော့။

ဤတွင် တခုလပ်တယောက်၏ ပေါက်ကွဲသံစဉ်များ အဆုံးသတ်ပါပြီ။

ခင်မမမျိုး

(၁၅၊ ၁၂၊ ၂၀၀၇)

ခင်မမမျိုး ဘလော့ဂ် မှ

Written by Lwin Aung Soe

March 6, 2008 at 7:38 am

%d bloggers like this: