Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

မြန်မာစစ်အစိုးရကို ဖိအားပေးနိုင်ဖို့ တရုတ်က အရေးပါကြောင်း ဥရောပသမဂ္ဂ ပြော

leave a comment »

စစ်အစိုးရ အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကနဦး အဆင့်တွေကို အောင်မြင်စေဖို့် တရုတ် ထောက်ခံချက်က အလွန်အရေးပါနေပါတယ်လို့ မြန်မာ့အရေးဆိုင်ရာ ဥရောပသမဂ္ဂ အထူးသံတမန် ပီအဲရို ဖာဆီနိုက ပြောဆိုသွားပါတယ်။မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ အစိုးရဆန့်ကျင်ရေးတွေကို အကြီးအကျယ် လှုပ်ရှားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်အစိုးရကို ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ နိုင်ငံတကာ ဖိအားတွေ ပေးလာပါတယ်။ မြန်မာအစိုးရအပေါ် သြဇာညောင်းနိုင်တဲ့ ကမ္ဘာ့နိုင်ငံ ဆိုလို့ မရှိသလောက် နည်းပါးနေပေမယ့် တရုတ်ကတော့ သြဇာလွှမ်းမိုးနေဆဲပါ။ တရုတ်ဟာ မြန်မာရဲ့အဓိက ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာစစ်အစိုးရအတွက် အနည်းအကျဉ်းလောက်သာရှိတဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။

၂၀၀၇ ဒီဇင်ဘာ ၂၀ ရက်က ကျင်းပတဲ့ ဥရောပသမဂ္ဂ အထူးသံတမန်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားခဲ့ပါတယ်။

“မြန်မာ့ပြဿနာနဲ့ ပတ်သက်လို့ တရုတ်အာဏာပိုင်တွေနဲ့ ကျနော် ဆွေးနွေးတဲ့အခါမှာ ပြဿနာဖြေရှင်းဖို့ ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေဟာ မြန်မာတွေအပေါ်မှာပဲ မူတည်တဲ့အကြောင်းကို သူတို့က ရှင်းရှင်းပဲ ပြောပါတယ်။

“အဲဒီလမ်းကြောင်းအတိုင်း မြန်မာစစ်အစိုးရက ဦးတည်သွားစေဖို့ တိုက်တွန်းအားပေးတာဟာ ကျနော်တို့ရဲ့တာဝန် ဖြစ်တယ် လို့ ကျနော် အမှန်တကယ်ပဲ ယုံကြည်ပါတယ်။ စစ်အစိုးရက ပြဿနာ ဖြေရှင်းတဲ့အခါမှာ အလွန်အရေးပါတဲ့ ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက နိုင်ငံရေး ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ဖြစ်ပါလိမ့်မယ်။

“ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ဆိုတာ မြန်မာတွေအပါ် မူတည်ပါတယ်လို့ တရုတ်က ပြောပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လည် လွတ်မြောက်ရေးအတွက် တရုတ် အစိုးရက တိုက်ရိုက် တွန်းအားပေးမှာ မဟုတ်ကြောင်း ဥရောပသမဂ္ဂ အထူးသံတမန်က ပြောခဲ့တယ်လို့ ရိုက်တာသတင်း ဌာနရဲ့ စောစောပိုင်း သတင်းမှာ ပါရှိခဲ့ပါတယ်။ အထူးသံတမန်ဟာ အဲဒီလို ပြောဆိုခဲ့တာ မဟုတ်ပါဘူးလို့ အထူးသံတမန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂီယန်နီ ဂီယိုဗန်နက်တီက နောက်တနေ့ (၂၁-၁၂-၂၀၀၇)မှာ ပြောပြပါတယ်။

ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ရာမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသမားတွေ လွတ်မြောက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘားရီက အကြိမ်ကြိမ် အကြံပြုခဲ့တာ ရှိပါတယ်။ ဂမ်ဘားရီရဲ့ ကြိုးပမ်းချက်တွေကိုလည်း တရုတ်အစိုးရက အမြဲတမ်း ထောက်ခံလျက်ရှိနေပါတယ် ”လို့ ဆက်လက် ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ်ထဲမှာ ဒီမိုကရေစီ လိုလားသူတွေကို ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေက ဦးဆောင်ပြီး နှစ်(၂၀)နီးပါးအတွင်း အကြီးမားဆုံး စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြတွေ လှုပ်ရှားခဲ့ပါတယ်။

ဒီဆန္ဒပြပွဲတွေကို စစ်အစိုးရက ဖြိုခွဲနှိမ်နှင်းရာမှာ (၃၁)ဦး သေဆုံးတယ်လို့ တရားဝင်စာရင်း ရှိပေမယ့် ဒီထက် အများကြီး ပိုမို သေဆုံးခဲ့လိမ့်မယ်လို့ အနောက်နိုင်ငံက သံတမန်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တရုတ်အစိုးရက ထောက်ခံပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရကို အတင်းအကြပ် ဖိအားပေး လုပ်ဆောင်ခိုင်းတဲ့ ကြိုးပမ်းမှုတွေကိုတော့ တရုတ်က ဆန့်ကျင်တယ်လို့ ထပ်ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ ပြဿနာတွေအပေါ် ရှုမြင် သုံးသပ်တာတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ လေးစားသင့်ပါတယ် ”လို့ ပြောရေးဆိုခွင့်ရှိသူ ကွင်ဂန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

တရုတ်ဟာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ပြစ်ဒဏ်ခတ်တာတွေကို ဆန့်ကျင်ပေမယ့် မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းကြ ရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ အထူးသံတမန် ဖာဆီနိုက ပြောပါတယ်။ ဒီလို ကြိုးပမ်းမှုတွေ မှာ စစ်အစိုးရနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘားရီတို့ တွေ့ဆုံပြောဆိုတာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား ဂမ်ဘားရီက ကြားဝင်ကူးလူး ဆက်ဆံပေးတာတွေ ပါဝင်ပါတယ်။

ဒီလို ကနဦးအဆင့်တွေ အောင်မြင်နိုင်ဖို့ တရုတ်က ကြားဝင်ဆောင်ရွက်ပေးဖို့ဟာ အလွန်အရေးပါနေတယ် ဆိုတာ ကျနော်တို့ သိရှိထားပါတယ်လို့ အထူးသံတမန်က ပြောပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ပိတ်ဆို့ပြစ်ဒဏ်ခတ်တာတွေကို တရုတ်က ဆန့်ကျင်ပါတယ်။ သဘာဝ ဓါတ်ငွေ့နဲ့ သစ် အပါအ၀င် မြန်မာ့ သဘာဝ သယံဇာတတွေအပေါ် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ကိစ္စတွေမှာ (ပိတ်ဆို့ပြစ်ဒဏ် ခတ်နေတဲ့ နိုင်ငံတွေနဲ့) သဘောတူ လိုက်လျောပေးဖို့ တရုတ်က အာသီသ မရှိပါဘူး။

တရုတ်နဲ့ ခြားနားချက်ကတော့ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက ကုမ္ပဏီ လုပ်ငန်းပေါင်း (၁၀၂၇)ခုကို စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားလိုက်ပါတယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ဗီဇာပိတ်ပင်လိုက်ပြီး သူတို့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ် ထားလိုက်ပါပြီ။ ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့ ဖိနှိပ်မှုတွေကို လျှော့မချဘူးဆိုရင် ပိုပြီး ပြစ်ဒဏ်ခတ်ဖို့ အသင့်ရှိနေတယ်လို့ ဥရောပ ခေါင်းဆောင်တွေက လွန်ခဲ့တဲ့ တပါတ်ကပဲ ပြောခဲ့ပါတယ်။

တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟဲယာဖေး၊ ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာ ဌာနကြီးမှူး ၀မ်ကျားလွီတို့နဲ့ တွေ့ဆုံ တဲ့အခါမှာ ဥရောပ အထူးသံတမန်က “မြန်မာ စစ်အစိုးရအပေါ် စီးပွားရေးအရ ပြစ်ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေဟာ ဥရောပသမဂ္ဂရဲ့ ရည်မှန်းချက်မဟုတ်ပဲ ရည်မှန်းချက်ရောက်အောင် လုပ်ဆောင်ပေးနေတာတွေပဲ ဖြစ်တဲ့အကြောင်း တရုတ် အစိုးရကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ် ”လို့ ဆိုပါတယ်။

ဥရောပ အထူးသံတမန် ဖာဆီနိုဟာ မြန်မာနိုင်ငံကို ၂၀၀၈ မတ်လမှာ သွားရောက်နိုင်ဖို့နဲ့ ကုလသမဂ္ဂ အထူးသံတမန် ဂမ်ဘားရီက ၂၀၀၈ ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကို ပြန်လည် သွားရောက်နိုင်ဖို့ ဖာဆီနိုက မြန်မာ စစ်အစိုးရကို မေတ္တာရပ်ခံ ထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူထုဆန္ဒပြပွဲတွေကို ဖြိုခွဲ နှိမ်နှင်းပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်း ပိတ်ဆို့သွားပြီ ဆိုတဲ့ အချက်ကို ဥရောပ အထူးသံတမန်က သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုသွားပါတယ်။

မြန်မာ့ပြဿနာဟာ ပြီးဆုံးသွားပြီလို့ ကျနော် အမှန်တကယ် ယုံကြည်မထားပါဘူး။ ကျနော် ယုံကြည်တာကတော့ အခြေ အနေတွေ မပေါက်ကွဲခင်မှာ ကျနော်တို့ဟာ မြန်မာ့အရေးအတွက် ညှိညှိနှိုင်းနှိုင်း လုပ်ကြရပါမယ်

မြန်မာဘာသာပြန် – လွင်အောင်စိုး

၂၂-၁၂-၂၀၀၇

မူရင်းဆောင်းပါး – (Reuters, UK) CORRECTED-UPDATE 1-China pressure on Myanmar key, EU says

By Lindsay Beck (Additional reporting by Ben Blanchard; editing by Philippa Fletcher)

Written by Lwin Aung Soe

December 26, 2007 at 12:07 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: