Save Burma

အာဏာရှင်စနစ် ကျဆုံးမှ တတိုင်းပြည်လုံး စစ်မှန်တဲ့ ဒီမိုကရေစီကို ခံစားရမယ်

Archive for the ‘ဝေဖန်သုံးသပ်ချက်’ Category

လက်ခုပ်တီးမလား၊ ဒါမှမဟုတ် လက်ဖျောက်တီးမလား

with 3 comments

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေဟာ နှစ်ပွင့်ဆိုင်၊ သုံးပွင့်ဆိုင် ဆိုပြီး နအဖစစ်အစိုးရနဲ့ အကျိုးရှိရှိ တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုတာ၊ ကမ်းလှမ်းတာ၊ တိုက်တွန်းတာ၊ ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ချပေးတာ စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပမှာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးပမ်းနေခဲ့ကြပါတယ်။

ဒါကိုကြည့်လိုက်ရင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ရှိသူတွေ သက်ဆိုင်သူတွေအားလုံးမှာ တွေ့ဆုံဆွေးနွေးဖို့လမ်းကလွဲပြီး အခြားမရှိဘူး။ ဒါမှ မဟုတ် အဆင်သင့်မဖြစ်သေးဘူး ဆိုတာ အတိအလင်း ဖော်ပြနေပါတယ်။

ဘယ်လိုပဲ ကြိုးပမ်းနေခဲ့ပေမယ့်လည်း အခုအချိန်ထိ မအောင်မြင်ရသေးတာကတော့ “နအဖ”လို့ အမည်တပ်ထားတဲ့ စစ်အာဏာရှင်လူတစုကြောင့် ဖြစ်တယ်လို့ ရာနှုန်းပြည့် လက်ညှိုးထိုးလို့ရတဲ့အထိ ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။

တိုင်းပြည် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တန်ဖိုးရှိလှတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ တောင့်တတဲ့ ဒီမိုကရေစီကို ခံစားနိုင်ဖို့အရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူတို့ရဲ့ အသက်၊ သွေး၊ ချွေးနဲ့ အချိန်ကို အဆမတန် ရင်းနှီးပေးဆပ်ရင်း နေလာခဲ့ကြရတာက အနည်းဆုံး ၁၉၉ဝ ရွေးကောက်ပွဲ ပြီးကတည်းကပါ။

အဲဒီအရင် ရှစ်လေးလုံး လူထုလှုပ်ရှားမှုကတည်းက ပြတ်ပြတ်သားသား ရှိခဲ့တဲ့ လူထုရည်မှန်းချက်ကတော့ ဒီမိုကရေရစီ ရရှိရေး ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေဟာ အဲဒီမူလရည်မှန်းချက်ကနေ တဆင့်လျှော့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတဲ့ ရည်မှန်းချက်ကို မျှော်လင့်ချက်နည်းနည်းနဲ့ လုပ်နေရပြီလို့ ယူဆရပါတယ်။

ဒီမိုကရေစီ ရရှိဖို့ အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံရမယ်ဆိုတဲ့ ရေရှည်အကျိုးကိုကြည့်ပြီး အကောင်းဘက်က တွေးခဲ့ကြတဲ့အတိုင်း မူလရည်မှန်းချက်ကို တဆင့်လျှော့ခဲ့ကြတယ်လို့ သုံးသပ်စရာဖြစ်လာပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လမ်းစရှာမတွေ့နိုင်အောင် ချုပ်ကိုင်ထားတဲ့ နအဖဟာ ဘာတွေ လုပ်ထားနိုင်လို့ သူတို့ရပ်တည်ချက်ကို ပြောင်းလဲမသွားသလဲဆိုတာ သုံးသပ်ခန့်မှန်းရပါမယ်။ တကယ်လို့ သုံးသပ်ခန့်မှန်းနိုင်ပြီဆိုရင် တစုံတရာ အကျိုးရှိချင်ရှိနိုင်ပါမယ်။

မြန်မာနိုင်ငံတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက်နဲ့ မားမားမတ်မတ် ရပ်တည်ဟစ်ကြွေးနေသူ တဦးမှမရှိပါဘူး။ နိုင်ငံတကာမှာလည်း ဒီလိုမျိုး အကျိုးယုတ်စေမယ့် လမ်းညွှန်တိုက်တွန်းချက်တွေကို လုပ်ဆောင်နေခဲ့တာ မရှိပါဘူး။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အသံတိတ် ဆန့်ကျင်ကန့်ကွက်နေတာကတော့ နအဖ စစ်အာဏာရှင် အစိုးရနဲ့ သူ့ကိုမှီပြီး စီးပွားဖြစ်နေကြတဲ့ ပြည်တွင်းပြည်ပ ကိုယ်ကျိုးရှာသူတွေ၊ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

နအဖက စစ်အာဏာရှင်ပီပီ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိမှ အာဏာကို ဆက်လက် ချုပ်ကိုင်လို့ရမယ် ဆိုတဲ့ သီအိုရီကနေ လုံးဝအလျှော့မပေးခဲ့ပါဘူး။ ဒါဟာ အရင် တော်လှန်ရေးကောင်စီနဲ့ မဆလမှာ ဉက္ကဌလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းခေါင်းဆောင် ဦးနေဝင်းရဲ့ သဘောတရားတွေအတိုင်း ဖြစ်တယ်လို့ ဆိုနိုင်စရာရှိပါမယ်။

အာဏာရှင်နဲ့ပေါင်းပြီး ကြီးပွားနေကြတဲ့ ပြည်တွင်းပြည်ပ ကိုယ်ကျိုးရှာသူတွေ၊ နိုင်ငံတွေကလည်း အစားရချောင်နေတာကို အထိအခိုက် မခံနိုင်တဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရေငုံနှုတ်ပိတ် နေခဲ့ကြပါတယ်။

နအဖစစ်အာဏာရှင်ဟာ သူ့ရဲ့သီအိုရီကို ကာကွယ်လိုတဲ့အတွက် သူတို့အာဏာ ဆက်ကိုင်နိုင်အောင် လမ်းဖွင့်ပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ “အမျိုးသားညီလာခံအား ထိခိုက်ပျက်ပြားစေတဲ့ ဥပဒေ ၅ / ၉၆” ကို တချက်လွှတ်အမိန့်နဲ့ ပြဌာန်းလိုက်ပါတယ်။

ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး မလုပ်ဆောင်နိုင်အောင် သူတို့ စစ်အာဏာရှင်အဖွဲ့ကို သဘောထားတင်းမာတဲ့ ဘောင်အတွင်းမှာ ထိန်းလိုက်ရုံသာမက တတိုင်းပြည်လုံး၊ တကမ္ဘာလုံးက တောင်းဆိုနေတာတွေကိုလည်း ပြတ်ပြတ်သားသား ပယ်ချလိုက်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီတချက်လွှတ်အမိန့် ၅ / ၉၆ ကို မဖျက်သိမ်းသရွေ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။

အဲဒီတချက်လွှတ်အမိန့် ၅ / ၉၆ ကို ဖျက်သိမ်းနိုင်ဖို့ နအဖဟာ အရင်က ပြဌာန်းခဲ့တဲ့ တချက်လွှတ်အမိန့်တွေ ထဲက တခုချင်းကို ပယ်ဖျက်ရုပ်သိမ်းပေးကြောင်း ကြေညာပေးရပါမယ်။

ဥပမာ နဝတ ကြေညာချက် ၁ / ၉ဝ အပိုဒ် ၁၉ (က) ဖြစ်ပါတယ်။ ဒီလိုမျိုး တစတစ ဖျက်သိမ်းလာပြီဆိုရင် အမျိုးသားညီလာခံအား ထိခိုက် ပျက်ပြားစေတဲ့ ဥပဒေ ၅ / ၉၆ ကို ဖျက်သိမ်းဖို့အတွက် လမ်းခင်းပေးလာတာလို့ ဆိုနိုင်ပါလိမ့်မယ်။

အဲဒီတော့မှ ယနေ့ထိတိုင် တောင်းဆိုနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့နဲ့တကွ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာနိုင်မှာ ဖြစ်ပါတယ်။

တချက်လွှတ် အမိန့် ၅ / ၉၆ ကို မဖျက်သိမ်းပဲ နိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးလိုက်ရင် နအဖဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေ သူတို့ကိုယ်တိုင် ခြေနဲ့ပြန်နင်းသလို ဖြစ်နေမယ့်ကိစ္စကို လုပ်မှာမဟုတ်ဘူးလို့ ထင်ရပါတယ်။

ဒါကြောင့် အစကနဦးမှာ နအဖရဲ့ အခြား တချက်လွှတ်အမိန့်တွေကို အရင်ဖျက်သိမ်းပစ်ဖို့က အဓိက အချက် ဖြစ်ရပါမယ်။

အခြားဖြစ်နိုင်စရာ လမ်းကြောင်းခွဲတခုကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်။ ဒါပေမယ့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရင် အကျဉ်းထောင် လူလျှော့တာမျိုးမဟုတ်ပဲ နိုင်ငံရေးအကျဉ်းသမား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီလိုနိုင်ငံရေးအရိပ်အရောင်ကိုမြင်ရမှ မြန်မာ့နိုင်ငံရေး တိုးတက်အောင် စစ်အာဏာရှင်တွေဘက်က စလုပ်ပြီ လို့ ပိုင်ပိုင်နိုင်နိုင်ပြောလို့ရပါမယ်။ စစ်အာဏာရှင်တွေဘက်က စလုပ်လာမှလည်း ပိတ်ဆို့ခံနေရတဲ့ တရားဝင် နိုင်ငံရေးပါတီတွေက တုန့်ပြန်ပေးလို့ ရနိုင်ပါမယ်။

လက်ခုပ်နှစ်ဘက်တီးမှ အသံထွက်တဲ့ အမှန်တရား ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ နိုင်ငံရေး အတိုက်အခံအင်အားစုတွေနဲ့ အတူလက်တွဲနိုင်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေး ဆိုတာ ဖြစ်လာပါလိမ့်မယ်။

စစ်အာဏာရှင်တွေရော၊ နိုင်ငံရေးပါတီတွေ နှစ်ဘက်စလုံးက သဘောတူတာမရှိပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ပါဘူး။ အရင့်အရင်အချိန်တွေမှာ အများစဟာလည်း ဒီအမှန်တရားကိုအခြေခံပြီး ချဉ်းကပ်ကြိုးစားနေခဲ့ကြတာ ဖြစ်ပါတယ်။

အကယ်၍ စောစောက နိုင်ငံရေးအရိပ်အရောင်ကို မမြင်ရသေးလို့ မြင်ဖို့လမ်းစ မရှိနိုင်တော့ဘူးလို့ အသေအချာ တွက်ချက်ဆုံးဖြတ်လိုက်ပြီ ဆိုပါတော့။ ဒါဆိုရင် ဒီမိုကရေစီအင်အားစုတွေဟာ လက်တဘက် လှုပ်ရှားရုံနဲ့ အသံမြည်နိုင်မယ့် နည်းလမ်းကို ရှာဖွေအသုံးချရဖို့ပဲ ကျန်နေပါတော့တယ်။ ဒီနည်းလမ်းကတော့ လက်ဖျောက်တီးတာပဲ ဖြစ်ပါတယ်။

လက်ခုပ်တီးကြမလား။ ဒါမှမဟုတ် လက်ဖျောက်တီးမလား။ တခုခုကို ရွေးရပါတော့မယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ပြောင်းလဲသွားစေမယ့် လမ်းဆုံလမ်းခွ (Crossroads) ရောက်နေပါပြီ။

ဒါမှမဟုတ် လမ်းဆုံလမ်းခွမှာ နိုင်ငံရေးပရိယာယ် ကြွယ်ဝစွာ လုပ်နိုင်မယ့် အခြားလမ်းခွဲတခု ရှိပါတယ်။ အဲဒါကတော့ လက်ခုပ်တီးဟန်ဆောင်ပြီး လက်ဖျောက်တီးဖို့ အားယူနေတာပဲ ဖြစ်ပါတယ်။

လက်ခုပ်တီးတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ရှိသူ သက်ဆိုင်သူ အားလုံးတို့က နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာ ဖြစ်ပါတယ်။

လက်ဖျောက်တီးတာကတော့ တာဝန်ရှိသူ သက်ဆိုင်သူအားလုံးတို့က နိုင်ငံရေးကို လူထုနည်းနဲ့ အကြမ်းမဖက် ဖြေရှင်းတာပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ သဘောတူလိုက်လျောလာမယ့်အချိန်ကို စောင့်မနေတော့ပဲ သူတို့က နောက်ဆုံးမှာ မဖြစ်မနေ သဘောတူ လိုက်လျောလာရမယ့် နိုင်ငံရေးအခြေအနေကို ဒီမိုကရေစီ အင်အားစုတွေက လူထုနည်းနဲ့ ဖန်တီးတာပဲ ဖြစ်ပါတယ်။

တနည်းအားဖြင့်ဆိုရင် မိမိတို့ပန်းတိုင်အတွက် လိုအပ်မယ့် နိုင်ငံရေး အခြေအနေကို မိမိတို့ကိုယ်တိုင် ရယူဖန်တီးလိုက်တာပါပဲ။

ကိုယ့်အားကိုယ်ကိုးပါ (Self-reliance)လို့ တိုက်တွန်းအားပေးတဲ့စကားသံတွေ ကြားရတာ အားရှိလှပါတယ်။ မိမိတို့နိုင်ငံရေးရည်မှန်းချက်အတွက် အခြားသူတွေကို အားမကိုးပါနဲ့၊ သူတို့ အကူအညီကို စောင့်မနေပါနဲ့၊ သူတို့သဘောတူခွင့်ပြုလာတဲ့အထိကို စောင့်မနေပါနဲ့လို့လည်း အဓိပ္ပာယ်ကောက်ရပါတယ်။

လက်ဖျောက်တီးသံကို နားစွင့်နေမယ့် ပြည်သူတွေ အဆင်သင့်ရှိနေမယ့်အချိန် ရောက်လာပါတော့မယ်။ လက်ဖျောက်တီးမယ့်အချိန်မှာ နိုင်ငံရေးကို လူထုနည်းနဲ့ အကြမ်းမဖက် ဖြေရှင်းနိုင်ဖို့ မဟာဗျူဟာနဲ့ နည်း ဗျူဟာတွေကို အထိုက်အလျောက် ရေးဆွဲပြင်ဆင် လေ့ကျင့်ပြီးဖြစ်ရပါမယ်။

လက်ဖျောက်တီးမယ့်သူကတော့ လူထုကြားကထွက်ပေါ်လာမယ့် လူထုခေါင်းဆောင်ပါပဲ။

.

လွင်အောင်စိုး

၁ဝ-၂-၂ဝဝ၇

.

(မှတ်ချက်။ လွန်ခဲ့သည့် (၂)နှစ်နီးပါးခန့်က ရေးခဲ့သည့် သုံးသပ်ထင်မြင်ချက် ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါသည်။ ဤအတောအတွင်း အဓိက နိုင်ငံရေးဖြစ်ရပ်များ သိပ်မရှိလှပါ။ ၂ဝဝရ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေး၊ (၈၈) မျိုးဆက်ကျောင်းသားများနှင့် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားသူများ အဖမ်းခံရမှု၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး နအဖ၏ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအပေါ် လူထုဆန္ဒ ခံယူပွဲ ကျင်းပခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ဥပဒေအရ (၅)နှစ်ပြည့်သွားသော်လည်း နအဖ စစ်အစိုးရက ပြန်မလွှတ်ပေးသေးခြင်းတို့သာ ရှိနေခဲ့သည်။ ယခုချိန်ထိ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အမှန်တကယ် ပါဝင်ထိုက်သူများဖြင့် မစတင်နိုင်သေးသော်လည်း အချိန်မနှောင်းသေးပါ။ မြန်မာ့တပ်မတော်က အခြားသော ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးယူရန် ကြိုးပမ်းခြင်းသည် လက္ခဏာကောင်းတရပ် ဖြစ်သော်လည်း ဤကိစ္စမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး နိုင်ငံရေးလုပ်ငန်းစဉ် မဟုတ်သဖြင့် ငြိမ်းချမ်းပြေလည်စွာဖြင့် ဒီမိုကရေစီအသွင်ပြောင်းရေးကို အထောက်အကူဖြစ်စေမည် မဟုတ်ပါ။ နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲမည့် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ရန်မှာ သက်ဆိုင်သူအားလုံးတို့က လူထုတရပ်လုံးကို ကိုယ်စားပြုလျက် နိုင်ငံရေးအရ ပူးပေါင်းလက်တွဲကြရသည့် နည်းလမ်းတခုတည်းသာ ရှိသည်ကို သတိပြုအပ်သည်။ ၂၈-၁-၂ဝဝ၉ )

Written by Lwin Aung Soe

January 28, 2009 at 3:05 pm

အဆင့်နိမ့်ကျသွားသော နအဖ

without comments

Download file – burmese-junta-degrades-itself2

Download Reference – YIT Student Dies of Snake-bite

….

မြွေကိုက်ခံရသူ တက္ကသိုလ်ကျောင်းသူ မြွေဆိပ်ဖြေဆေး မရှိ၍ သေဆုံးရ

without comments

၂၀၀၈ ခုနှစ် သြဂုတ် ၄ ရက် ။ ရန်ကုန် သတင်း

အထက်ပါ အဖြစ်အပျက်နှင့် ပတ်သက်၍ နအဖ ကျန်းမာရေး ဝန်ကြီးဌာနမှ အရေးယူ ဆောင်ရွက်ပုံကို နအဖအာဘော် သတင်းစာတွင်

အောက်ပါအတိုင်း ဖော်ပြထားသည်။

Download: ytu-student-girl-dies-of-snake-bite1

Source: email

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂမ်ဘာရီ ဘာကြောင့် မတွေ့ဖြစ်ခဲ့သလဲ

without comments

စည်းလုံးခြင်းရဲ့အင်အား ဘလော့ဂ်မှ ကူးယူဖော်ပြသည်။

24 August 2008

ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီ၏ ကိုယ်စားလှယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝသို့ ရောက်ရှိလာစဉ်

ဂမ်ဘာရီ၏ ကိုယ်စားလှယ် နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ရေး ခြံဝမှာ ခွင့်တောင်းနေပုံ
.
သတင်း အပြည့်အစုံ ဖတ်ရန် – http://photayokeking.blogspot.com/2008/08/blog-post_24.html
..

၂ဝဝ၇ ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား ပြန်လွှတ်ပါ

without comments

၂ဝဝ၇ ငြိမ်းချမ်းရေး လမ်းလျှောက်သူများအား ပြန်လွှတ်ပါ

၂ဝဝ၇ သြဂုတ် ၁၅ ရက်တွင် နအဖ အာဏာပိုင်တို့က လောင်စာဆီ ဈေးနှုန်းများကို ရုတ်တရက် အဆမျာစွာ မြှင့်တင်လိုက်လိုက်သည့် အတွက် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကုန်ဈေးနှုန်း ကြီးမြင့်မှု အပါအဝင် အထွေထွေ အကြပ်အတည်းများကို ဖြေရှင်းပေးရန် (၈၈) မျိုးဆက်သစ် ကျောင်းသားများက ၂ဝဝ၇ သြဂုတ်လ ၁၈ ရက်တွင် တပ်မတော် အစိုးရအား အလေးအနက် တောင်းဆိုခဲ့သည်။

၂ဝဝ၇ သြဂုတ် ၁၈ ရက်တွင် (၈၈) မျိုးဆက်သစ် ကျောင်းသားများက ငြိမ်းချမ်းစွာ လမ်းလျှောက်ကြသည်။ အော်ဟစ်ဆူပူခြင်း မရှိ။ လှုံ့ဆော်ခြင်းမရှိ။ တောင်းဆိုခြင်း မရှိ။

၂ဝဝ၇ သြဂုတ် ၂၁ ရက် ညသန်းခေါင်တွင် (၈၈) မျိုးဆက်သစ် ကျောင်းသား အများစုတို့၏ နေအိမ်များသို့ နအဖ အာဏာပိုင်မျာက တပြိုင်တည်း ဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီ၊ ကိုပဏ္ဏိထွန်း၊ ကိုယဉ်ထွန်း အပါအဝင် ကျောင်းသား (၂ဝ)ခန့် အဖမ်းခံရသည်။ ယခုဆိုလျှင် တနှစ်မျှ ရှိလေပြီ။

(၈၈) မျိုးဆက်သစ် ကျောင်းသားများတွင် မည်သည့်အပြစ်များ ရှိနေပါသနည်း။

နအဖ စစ်အစိုးရသည် ဒီမိုကရေစီ ဖော်ဆောင်ပါမည်ဟု ကမ္ဘာသိ ကြွေးကျော်လျက် ရှိသည့်အတိုင်း အမှန်တကယ် လက်တွေ့ကျကျ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဆိုလျှင် လွန်ခဲ့သော တနှစ်က ဖမ်းဆီးခံထားရသော ထိုကျောင်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။

ထို့ပြင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံနေရသော အခြားသူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။

အနာဂတ် မြန်မာနိုင်ငံအား ဒီမိုကရေစီဖြင့် တည်ဆောက်လိုလျှင် ဒီမိုကရေစီကို ရဲဝံ့စွာ လက်တွေ့ကျကျ ရင်ဆိုင်ရဲရမည် ဖြစ်သည်။

အမေရိကန်စစ်၊ တရုတ်စစ် နဲ့ ဗမာစစ်

without comments

စည်းလုံးခြင်းရဲ့အင်အား ဆိုတဲ့ ဘလော့ဂ်က စာကောင်းတပုဒ်ပါ။ ကူးယူဖော်ပြလိုက်ပါတယ်။ ဖတ်သင့်၊ မှတ်သင့်၊ လေ့လာသင့်၊ ဖြန့်ဝေပေးသလို ပြင်ဆင်စရာ ရှိတာတွေလည်း ပြင်ဆင်ကြရပါတော့မယ်။

———————————–

အမေရိကန်စစ်၊ တရုတ်စစ် နဲ့ ဗမာစစ်

ဆရာ ဂါမဏိ

……………………..အဓိကခြေကုတ်ဖြစ်စရာရှိတဲ့ ထိုင်းနိုင်ငံကို သူ့ရဲ့လေကြောင်းနဲ့ ရေကြောင်း အားသာမှုတွေ အပြည့်အဝအသုံးမချနိုင်ခင် စစ်ပွဲစပြီးရက်ပိုင်းအတွင်း ဗမာစစ်တပ်ရဲ့ အဓိကအားကိုးရာ ကြည်းတပ်နဲ့ ဘန်ကောက် အထိ အမြန်ဆုံးတက်သိမ်းဖို့၊ ပြည်တွင်းကနေ အမေရိကန်တပ်တွေကို အားပေးကူညီ သူတွေဖြစ်ဖို့ အလားအလာရှိသူပုဆိန်ရိုးတွေလို့ နအဖကသတ်မှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်တွေ၊ ကျောင်းသားဟောင်းတွေ၊ တခြားအတိုက်အခံနိုင်ငံရေးသမားတွေ၊ လူမျိုးစုတက်ကြွလှုပ်ရှားသူတွေကို အပြတ်ရှင်းပစ်ဖို့ စီမံချက်တွေ ဆွဲထားပါတယ်။

ဒါကြောင့် ဒုတိယစီမံချက်အတွက် ထိုင်းနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာအချက်အလက်တွေကို အနီးကပ်ထောက်လှမ်း စောင့်ကြည့်ပြီး ကြည်းကြောင်း စစ်ဆင်ရေးအတွက် အချက်အလက်တွေ စုဆောင်းပြင်ဆင်နေပါတယ်။ နယ်စပ်တလျှောက်မှာလည်း ၁၂ဝမမ စိန်ပြောင်းကြီးနဲ့၊ ၁ဝ၅မမ အမြောက်ကြီးတွေ၊ ဝေဟင်ပစ် HN-5 အမျိုးအစား နဲ့ HN-2 အမျိုးအစား၊ မြေပြင်က ဝေဟင်ပစ် ဒုံးလက်နက်တွေအပြင် 12.7mm လေယာဉ်ပစ် စက်သေနတ်ကြီးများ၊ မြေပြင်က မြေပြင်ပစ် 106mm, 107mm ဒုံးပစ်လက်နက်တွေနဲ့ ကွန်ပြူတာ၊ အီလက်ထရွန်နစ် ပါရှိသော ရေဒါများ ချထားပြီးသွားပြီဖြစ်ပါတယ်။ တတိယစီမံချက်အဖြစ်တော့ နိုင်ငံရေးလှုပ်ရှားသူ ၁၂၂၁ ဦးရဲ့ “နာမည်ဆိုးစာရင်း” ပြုစုထားပြီး အမေရိကန် ကျူးကျော် တိုက်ခိုက်မှု စတင်တာနဲ့ အမြန်ဆုံးသုတ်သင်ပစ်ဖို့ တိုင်းစစ်ဌာနချုပ်တွေကို အမိန့်ပေးထားတယ်။

လက်တွေ့ပြည်တွင်းစစ်ဆင်ရေးအစီအမံတွေအဖြစ် “ပြည်သူ့စစ်မဟာဗျူဟာ” ဆိုတာကို ချမှတ်ထားရာမှာ ကျေးရွာအုပ်စုတခုကို ပြည်သူ့စစ် တပ်ရင်းတရင်းနှုန်းဖွဲ့စည်းဖို့၊ ပြည်သူ့စစ်တပ်ရင်းတွေ ဖွဲ့စည်းရာမှာ တပ်ရင်းမှူးအဆင့်အပါအဝင် စစ်မှုထမ်းဟောင်းတွေကို အမာခံထား ဦးစီးစေဖို့၊ ဒုတိယဆင့်အမာခံအဖြစ် စစ်သား၊ ရဲနဲ့ မီးသတ်၊ ကြက်ခြေနီတွေရဲ့ ဇနီး သားသမီးတွေ၊ တတိယဆင့်အမာခံအဖြစ် အစိုးရဝန်ထမ်းတွေ၊ စတုတ္ထဆင့်အမာခံ ကတော့ အစိုးရဝန်ထမ်းတွေရဲ့ ဇနီး ခင်ပွန်း သားသမီးတွေနဲ့ ပြည်သူ့စစ်ကို မတည်ဖို့၊ နအဖရဲ့ တရားဝင်တပ်ဖွဲ့တွေအားလုံး ရှေ့တန်းထွက်စေပြီး နောက်တန်းနယ်မြေအားလုံးရဲ့ ကာကွယ်ရေး လုံခြုံရေးကို အဲဒီ ပြည်သူ့စစ်တပ်ရင်းတွေက လုံးဝတာဝန်ယူဖို့၊ မီးသတ်တွေနဲ့ ကြက်ခြေနီတွေကို စစ်တပ်အသွင် ဖွဲ့စည်းလေ့ကျင့်ဖို့၊ စစ်ဖြစ်တာနဲ့ တပြိုင်နက် တပြည်လုံးမှာ အကျဉ်းနည်းစစ်ဆေးကွပ်မျက်ရေးအာဏာ အပြည့်ချဖို့၊ တပ်အားလုံး နောက်တန်းဌာနချုပ်တွေကို အသေမကာကွယ်ဘဲ မိမိဒေသတွင်း ကျေးလက် တောတောင်တွေမှာ လှုပ်ရှားအခြေပြုဖို့ အစီအစဉ်တွေ ပါဝင်ပါတယ်။ ပျဉ်းမနားကြပ်ပြေးကို မြို့ တော်ရွှေ့တာ၊ ရေဇင်းအရှေ့ဘက် တောင်ပေါ်တောထဲမှာ လျှို့ဝှက်မြေအောက်စခန်းကြီး ဆောက်ထားတာတွေလည်း ဒီအစီအမံ အောက်မှာပဲ ဖြစ်ပါတယ်။ ဘိုးတော်ဘုရားခေတ်ကလို လူအင်အား အရေအတွက်ကိုသာ အားထားနေတဲ့ နအဖတပ်ဟာ အသက်ပြည့်တာ မပြည့်တာ၊ စစ်ထဲဝင်ဖို့ သတ်မှတ်စံချိန်တွေ မှီတာမမှီတာကို ဂရုမစိုက်တော့တဲ့အတွက် စစ်တပ်တခုလုံးရဲ့ ဆယ်ပုံတပုံဟာ ခလေးစစ်သားတွေ ဖြစ်နေပါတယ်။ ………………………….

အစအဆုံး ဖတ်ရန် -

စည်းလုံးခြင်းရဲ့အင်အား

မြန်မာ့အရေးကို အောင်မြင်စွာ ဖြေရှင်းနိုင်မည့် မဟာဗျူဟာ လိုအပ်နေသည်

without comments

Written by Lwin Aung Soe

July 25, 2008 at 9:58 am

ပြုပြင်ပြောင်းလဲရေးများ လိုအပ်နေသည် (အပိုင်း ၂)

without comments

Written by Lwin Aung Soe

July 6, 2008 at 2:21 pm

ပြုပြင်ပြောင်းလဲရေးများ လိုအပ်နေသည် (အပိုင်း ၁)

without comments

Written by Lwin Aung Soe

July 6, 2008 at 4:21 am

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အစည်းအဝေး အမြန်ဆုံး ကျင်းပရန် လိုနေပြီ

without comments

————————————————————–

မြန်မာပြည်သူလူထု ၈၂ %ကျော်ကလည်း ၁၉၉ဝ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် သမာသမတ်ရှိစွာ ရွေးချယ်တင်မြှောက်၍ လုပ်ပိုင်ခွင့်အာဏာ (mandate)ကို ယုံကြည်စွာ အပ်နှင်းထားခဲ့ပြီး ဖြစ်သည်။

အာဏာရှင်စနစ်ဆိုးကြီးအောက်မှ လွတ်မြောက်၍ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရန်နှင့် တရားဥပဒေ အမှန်တကယ် စိုးမိုးနိုင်ရန်အတွက် တာဝန်ရှိသူတို့မှ ရဲဝန့်ပြတ်သားစွာ၊ လိမ္မာပါးနပ်စွာ၊ အရည်အချင်း ပြည့်ဝစွာ ဦးဆောင်ပါမှ အကြီးအကျယ် နစ်နာဆုံးရှုံးနေရသော မြန်မာပြည်သူလူထုကြီးကလည်း ထပ်ချပ်မကွာ လိုက်လံအားပေး ထောက်ခံကြမည် ဖြစ်သည်။

မြန်မာပြည်သူတို့အနေဖြင့် ဤသို့လုပ်ဆောင်နိုင်ရေးကို နှစ်ပေါင်းများစွာ မျှော်လင့် စောင့်စားနေခဲ့ရသည်။ ယခုလည်း အဆင်သင့် ရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအနေဖြင့် လူထုက အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝ အသုံးချလျက် အာဏာရှင်တို့အား လည်စင်းပေးနေရသော လူထုဘက်မှ ရဲရဲဝန့်ဝန့် ရပ်တည်ပေးသင့်သည်။

လွင်အောင်စိုး

၁-၆-၂ဝဝ၈

Written by Lwin Aung Soe

June 1, 2008 at 4:57 pm