Archive for the ‘ဝေဖန်သုံးသပ်ချက်’ Category
ပြတ်ပြတ်သားသား ကန့်ကွက်ကြပါစို့
အောင်ဒင်
(က) နိဒါန်း
၁၊ လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရက (၁၉၉ဝ)ပြည့်နှစ် မေလမှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီး တရပ်ကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် (၃၉၂)နေရာ အနိုင်ရရှိပြီး အဖွဲ့ချုပ်ရဲ့ မဟာမိတ်များဖြစ်ကြတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသား ပါတီများက လွှတ်တော်ကိုယ်စားလှယ် (၆၇)နေရာ အနိုင်ရရှိခဲ့ပါတယ်။ စစ်တပ်က ထောက်ခံအားပေးတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ် (၁ဝ)နေရာသာ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါဟာဖြင့် ပြည်သူလူထု တရပ်လုံးက စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများကို နိုင်ငံတော်ကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများကို အာမခံချက်ပေးမယ့် နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ဦးဆောင်သွားဖို့ တာဝန်အပ်နှင်းလိုက်တာပါပဲ။
၂၊ ဒါပေမယ့်လည်း “ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြီ စစ်တန်းလျားကို ပြန်ပါ့မယ်”လို့ ကတိပေးခဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိကို ပျက်ကွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်၊ အနိုင်ရ ပါတီကို အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ တိုင်းရင်းသား ပါတီများက စစ်အစိုးရနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ကျင်းပပြီး တိုင်းပြည်ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကမ်းလှမ်းတာကိုပါ ငြင်းပယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် အသက်သွင်းမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကိုလည်း (၁၉၉ဝ) ရွေးကောက်ပွဲက ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒ မပါ၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ဆန္ဒ မပါပဲ၊ တဖက်သတ် ရေးဆွဲခဲ့ပြီး အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို (၂ဝဝ၈)ခုနှစ် မေလမှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်နေပါတယ်၊ ဒါဟာဖြင့် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး အကြောက်တရားကင်းတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ နေထိုင်ချင်ကြတဲ့ ပြည်သူလူထု တရပ်လုံးကို စစ်အစိုးရက စိန်ခေါ်လိုက်တာပါပဲ။ ဒါဟာဖြင့် (၁၉၉၀) ရွေးကောက်ပွဲရလဒ်ကို တရားဝင် ငြင်းပယ်လိုက်တာပါပဲ။ စစ်အစိုးရက သူ့ရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကို မတရားတဲ့နည်းလမ်းများနဲ့ အတည်ပြုလိုက်နိုင်တာနဲ့ တပြိုင်နက် (၁၉၉၀) ရွေးကောက်ပွဲရလဒ်ဟာ ပျက်ပြယ်သွားပါပြီ။ (၁၉၉၀) ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းက ပြီးဆုံးသွားပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အဆင့်အတန်း ပျက်ပြယ်သွားပါပြီ။ အဆိုးဆုံးကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် အောက်ကို တရားဝင် ရောက်ရှိသွားပြီး ကျနော်တို့ရဲ့ သားစဉ်မြေးဆက်တွေ စစ်ကျွန်ဘ၀ ရောက်ကြရတော့မှာပါ။
ဆက်လက်ဖန်ရှုရန်
Download: reject-sham-constitution_f1.pdf
နအဖ ရေးတဲ့ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ

Source: Lin Let Kyal Sin’s email
ပြည်တွင်း၌ သတင်းမှန်များ စီးဆင်းပြန့်ပွားရေး NLD လူငယ်အဖွဲ့ စတင်လုပ်ဆောင်ပြီ

ကိုစိုး | ဇန်နဝါရီ ၇၊ ၂၀၀၈
ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
ဘာတွေ ဖြစ်ခဲ့သည်၊ ဘာတွေ ဖြစ်နေသည်၊ ဘာတွေ ဖြစ်လာတော့မည် စသည့် သတင်းများကို လူတိုင်း နီးပါးလောက်ပင် စိတ်ဝင်စားကြသည်။ သတင်းဟူသည် လူထု၏ နေ့စဉ်ကိစ္စများနှင့် ဆက်စပ်နေသောကြောင့် သတင်းများကို သိရှိနေမှသာ မိမိတို့နှင့် သက်ဆိုင်ရာများကို ကြိုတင် ပြင်ဆင်လုပ်ဆောင်နိုင်စရာများ ရှိကောင်း ရှိလာနိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် အနီးအနား ရပ်ကွက်တခု၌ ကြက်ငှက် တုပ်ကွေးရောဂါ စတင် ပြန့်ပွားနေသည့်သတင်းကို သိထားလျှင် ကြက်သား ၀ယ်စားမိခြင်းမျိုးမှ ရှောင်ကြဉ်နိုင်စရာ ရှိသည်။ ထို့အတူ မိမိ သွားလာနေကျ ခရီးစဉ်၌ ယာဉ်စီးခများ ရုတ်တရက် ခုန်တက်သွားသည်ကို မသိပဲ နေပါက လိုရာခရီးသို့ ရောက်ရန် အခက်အခဲများ ရှိနိုင်သည်။
သို့ဖြစ်၍ သတင်းမှန်များ လူထုအကြားသို့ အချိန်မီ ရောက်ရှိရေးမှာ အလွန်အရေးကြီးသည်။ နိုင်ငံ့အစိုးရမှ ဖြစ်စေ၊ ပုဂ္ဂလိက အစုအဖွဲ့တို့မှ ဖြစ်စေ သတင်းများကို ရေးသား ဖော်ပြပေးရသည်။ ထုတ်ဝေ ဖြန့်ချိပေးရသည်။ အသံ၊ စာသား၊ ရုပ်ပုံ တခုခုဖြင့် (သို့) ဖြစ်နိုင်လျှင် အားလုံးစု၍ လူထု သိရှိနေစေရန် သတင်း ဖြန့်ချိပေးရသည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲ တိုးတက်မှုနှင့်အတူ အင်တာနက်ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာနိုင်ကြသဖြင့် သတင်းစီးဆင်း ပြန့်နှံ့မှုကို ကောင်းစွာ အထောက်အကူ ဖြစ်စေလျက်ရှိသည်။ ကမ္ဘာ၏ မည်သည့်နေရာမဆို ဖြစ်ပွားခဲ့သည့် သတင်းအကြောင်းကို တကမ္ဘာလုံးမှ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း သိရှိနေသည်။ ဤမျှအထိ သတင်းစီးဆင်းမှုက မြန်ဆန်လွန်းလှသည်။ သတင်း မှန်သမျှ ဖုံးဖိရန် အခြေအနေမပေးတော့။
အင်တာနက်သတင်းများက မည်မျှပင် မြန်ဆန်အောင် သတင်း ဖြန့်ချိပေးနိုင်သည် ဆိုစေကာမူ နေ့စဉ် သတင်းစာ ဖတ်ရှုခြင်း၊ ရေဒီယို နားထောင်ခြင်း၊ တီဗီ ကြည့်ရှုခြင်းများကလည်း မည်သည့်အခါမျှ တိမ်ကော ပပျောက်သွားမည် မဟုတ်ပါ။ သူ့နေရာနှင့်သူ အထိုက်အလျောက် တန်ဖိုး ကြီးကြီးမားမား ပေးနိုင်သဖြင့် အသုံးဝင်နေဆဲ ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဆက်သွယ်ရေး တိုးတက် ကောင်းမွန်အောင် မလုပ်ဆောင်ပေးနိုင်သေးသည့် နိုင်ငံများ၌ ဖြစ်သည်။ အဆိုပါ နိုင်ငံများတွင် အစိုးရ မဟုတ်သော အသင်းအဖွဲ့များ၊ တသီးပုဂ္ဂလများက တနိုင်တပိုင် ၀င်ရောက် လုပ်ဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ပေးခြင်းကိုလည်း အစိုးရများမှ အတတ်နိုင်ဆုံး အားပေးသင့်သည်။ သို့မှသာ ပြည်သူတို့အပေါ် သဘောထား ကြီးကြောင်း၊ စေတနာထားကြောင်း ပေါ်လွင်မည် ဖြစ်သကဲ့သို့ အစိုးရ၏ ၀န်ထုပ်ဝန်ပိုးကိုလည်း တဖက်တလမ်းမှ လျော့ပါး သက်သာနိုင်စရာ ရှိလေသည်။
သတင်းမှန်သည်၊ မှားသည် ဆိုသည်ကတော့ သတင်းပေးပို့သည့် နေရာ၏ ဂုဏ်သိက္ခာကို ရေရှည် ထိန်းသိမ်းလိုသည့် ခံယူချက် အပေါ် မူတည်သည်။ သတင်းမှားတခုကို တမင်တကာ ထုတ်ပြန်လိုက်သည့် တိုင်အောင် အမှန်တရားကို မည်သူမျှ ဖုံးကွယ်နိုင်စွမ်း မရှိသောကြောင့် သတင်းထုတ်ပြန်သူနှင့် ထုတ်ပြန်သည့် သတင်းဌာနသာ နောက်ဆုံးတွင် လူထု၏ ယုံကြည်ကိုးစားမှု မရပဲ သိက္ခာကျဆင်းမည် ဖြစ်သည်။
သို့ဖြစ်၍ သတင်းအမှားများ ထုတ်လွှင့်လေမလား၊ ၀ါဒဖြန့်သတင်းများ ထုတ်လွှင့်လေမလား ဟူ၍ စိုးရိမ်ပူပန် နေစရာမလို။ သူ့အရှိန်နှင့်သူ မှန်လျှင် စံ၍ မှားလျှင် ခံရပေလိမ့်မည်။ အမှန်-အမှားကို နိုင်ငံ့အာဏာပိုင်တို့က ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ အချိန်ကုန်-ငွေကုန်ခံ၍ ဆုံးဖြတ်ပေးရန်လည်း မလိုပါ။ လူထုကသာ ဆုံးဖြတ်မည် ဖြစ်သည်။ စေတနာ၏ အကျိုးသက်ရောက်ပုံကို လူထုကသာ လက်တွေ့ကျကျ ခံစား သိရှိရသောကြောင့် အမှန်အတိုင်း ဆုံးဖြတ်နိုင်ခြင်း ဖြစ်သည်။
ဤအချက် မှန်-မမှန် အစိုးရထုတ် သတင်းစာများကို လူထုက မည်မျှ လက်ခံ ဖတ်ရှုနေသည်၊ အစိုးရ ထုတ်လွှင့်နေသော တီဗီများကို လူထုက မည်မျှ ကြည့်ရှုနေသည်၊ အစိုးရထုတ် စာစောင်များ မည်မျှ ရောင်းနေရသည် စသည်တို့အား သုတေသနပြု စစ်တမ်း ကောက်ယူသင့်သည်။
မည်သို့ပင်ဖြစ်စေ၊ “သစ် မရှိခင် စပ်ကြား ၀ါးပေါင်းကွပ်” ဆိုသကဲ့သို့ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစစ်အမှန် မပေါ်ထွန်းသေးမီ လူထုက ရွေးကောက် တင်မြှောက်ထားသော နိုင်ငံရေးပါတီတို့မှ ယခုကဲ့သို့ လူထုအကြား သတင်းဖြန့်ချိ ထုတ်ပြန်ရေးမျိုး တနိုင်တပိုင် လုပ်ဆောင်လာခြင်းကို ၀မ်းသာအားရ ကြိုဆိုလိုက်ပါသည်။
လူထုအပေါ် စေတနာထားသည့် အလုပ်ဟူသည် မည်မျှပင် အခက်အခဲ ရှိစေကာမူ လူထု၏ အားပေး ထောက်ခံမှုကို မလွဲမသွေ ရရှိသည်ဖြစ်၍ နောက်ဆုံးတွင် အောင်မြင်ရမည်သာ ဖြစ်သည်။
လွင်အောင်စိုး
၂၀၀၈ ဇန်န၀ါရီ (၈)ရက်
လတ်တလော မြန်မာ့ ဒေသန္တရ နိုင်ငံရေး (ထိုင်းနိုင်ငံ)
လတ်တလော မြန်မာ့ ဒေသန္တရ နိုင်ငံရေး
နိဒါန်း
၂၀၀၇ ခုနှစ် ဒုတိယနှစ်ဝက်လောက်က စပြီး ကမ္ဘာ့နိုင်ငံရေး အခြေအနေများ သိသိသာသာ ပြောင်းလဲ နေသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ ပါကစ္စတန်၊ ဗင်နီဇွဲလား၊ ရုရှား စသော လုံးဝ အာဏာရှင် (သို့) အာဏာရှင်တပိုင်း နိုင်ငံများ မျက်ခုံးလှုပ်နေရသည့် ပြောင်းလဲမှုများက အထင်းသား ပေါ်လွင်လာသည်။ အာဏာရှင်ထိုင်ခုံပေါ်မှ မဆင်းရရေးအတွက် နည်းမျိုးစုံဖြင့် အဓမ္မ လုပ်ဆောင်နေခဲ့ကြသည်များကိုလည်း အတိုင်းသား မြင်တွေ့နေရသည်။
ယခုတလော ကမ္ဘာတလွှား အကျော်ကြားဆုံး လူထုတော်လှန်ရေးမှာ ရွှေဝါရောင် တော်လှန်ရေးဟု တင်စားခေါ်ဝေါ်ခံရသည့် မြန်မာနိုင်ငံမှ ၂၀၀၇ခုနှစ် စက်တင်ဘာ အစိုးရဆန့်ကျင်ရေး ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသူများကို လက်ရှိ အုပ်စိုးနေသူ စစ်အာဏာရှင် အစိုးရက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲ နှိမ်နှင်းပြီးနောက် စစ်အစိုးရကိုယ်တိုင် စိတ်ကြိုက် ပြင်ဆင်နေသော လမ်းပြမြေပုံဖြင့်သာ မြန်မာနိုင်ငံကို ဒီမိုကရေစီ အသွင်ပြောင်းလဲမည်ဟု ကြွေးကျော်လာသည်။
အဆိုပါလမ်းပြမြေပုံတွင် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး၊ အတည်ပြုရေးနှင့် အခြေခံဥပဒေအတိုင်း ရွေးကောက်ပွဲ ကျင်းပရေး၊ လွှတ်တော်ဖွဲ့စည်းရေးနှင့် ယင်းမှတဆင့် အစိုးရ ဖွဲ့စည်းရေးတို့က အဓိက အချက်များအဖြစ် ပါရှိသည်။
နိုင်ငံနှင့် နိုင်ငံသားတို့၏ အနာဂတ် ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဤကိစ္စကြီးကို သာမန်ကာ လျှံကာ လစ်လျူရှု မထားထိုက်ပါ။ သက်ရောက်နိုင်သော ကောင်းကျိုးနှင့် ဆိုးကျိုးများကို ကြိုတင်ခန့်မှန်းသုံးသပ်၍ လိုအပ်သည့်အတိုင်း စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ပါမှ တော်ကာကျနိုင်ပါလိမ့်မည်။ အထူးသဖြင့် အာဏာရှင် အစိုးရအား အတိုက်အခံပြု၍ ကြိုးပမ်းကြရသဖြင့် နိုးနိုးကြားကြားဖြင့် ဂရုတစိုက် ပြင်ဆင်အပ် လှပါသည်။
မြန်မာနိုင်ငံနှင့် ဒေသန္တရ နိုင်ငံရေး ဆက်စပ်နေသော အခြားနိုင်ငံများမှ အဖြစ်များကို နမူနာယူခြင်းဖြင့်လည်း အာဏာရှင်တို့၏ ခြေလှမ်းများကို အနည်းနှင့်အများ ရိပ်စားမိနိုင်ပါသည်။ ဦးစွာအားဖြင့် မြန်မာ့အိမ်နီးချင်း နိုင်ငံတခုဖြစ်သော ထိုင်းနိုင်ငံမှ ဖြစ်ရပ်များနှင့် အလားအလာများကို ဖော်ပြလိုက်ပါသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ်က သာ့ခ်ဆင် (Thaksin Shinawatra )၏ ဒီမိုကရေစီ အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများနှင့် အာဏာအလွဲသုံးစား လုပ်မှုများကြောင့် လပေါင်းများစွာ ကြာအောင် အတိုက်အခံ နိုင်ငံရေးပါတီများနှင့် ပြည်သူတို့က ဆန့်ကျင်ဆန္ဒပြနေခြင်းကို အခွင့်ကောင်းယူ၍ ဗိုလ်ချုပ်ကြီး စုံသီ (Sonthi Boonyaratglin) က သွေးထွက်သံယို မရှိပဲ စစ်အာဏာသိမ်းခဲ့သည်။
ဗိုလ်ချုပ်ကြီး စုံသီမှာ အာဏာသိမ်းမည်ဟု ထိုင်းနိုင်ငံရေးလောကမှ မျှော်လင့်တွက်ဆ မထားခဲ့ပါ။ ထိုအခြေအနေရောက်အောင်လည်း ၎င်းက အနည်းဆုံး (၄)လခန့် ကြိုတင်ပြင်ဆင်ခဲ့ပုံရသည်။
“နိုင်ငံရေးမှာ စစ်တပ်က ပါဝင်လာတိုင်း နိုင်ငံတွင်းမှာ ပြဿနာတွေ ကြီးထွားလာပြီး ပိုဆိုးလာတဲ့ သဘော ရှိပါတယ်။ ဒါကြောင့် စစ်တပ်အရာရှိတွေဟာ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေရပါမယ်။ ထိုင်းနိုင်ငံမှာ နောက်ထပ် အာဏာသိမ်းတာတွေ မရှိစေရဘူးလို့ လူတိုင်းကို ကျနော် အခိုင်အမာ ရှင်းရှင်းလင်းလင်း အာမခံ ပြောကြားလိုက်ပါတယ်”ဟု အာဏာမသိမ်းမီ (၄)လအလို ၂၀၀၆ မေလတွင် ဗိုလ်ချုပ်ကြီး စုံသီက လူသိရှင်ကြား ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။
သို့သော် သူသည် ၂၀၀၆ စက်တင်ဘာ (၁၉)ရက်တွင် အမှန်ပင် အာဏာသိမ်းခဲ့သည်။ စကားတည်သူ တဦး မဟုတ်ပဲ အပြောတခြား အလုပ်တခြားလုပ်သူ တဦးအဖြစ် သတ်မှတ်ခံရသည်။
မည်သည့် အာဏာသိမ်းမှုမဆို မည်သို့ပင် အကြောင်းပြချက် ပေးသည်ဖြစ်စေ၊ အဆိုပါ အကြောင်းပြချက် ပေးရုံဖြင့် အာဏာရှင်ဆန်ဆန် စိတ်ကြိုက်လုပ်ပိုင်ခွင့် ပေးနိုင်ကောင်းသောကိစ္စ မဟုတ်ပါ။ အထူးသဖြင့် နိုင်ငံသားတို့က လေးစားလိုက်နာနေသည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေက ကောင်းစွာ အသက်ဝင်လျက် ရှိနေသည့် အချိန်ကာလများတွင် ပို၍့ပင် အာဏာ သိမ်းခြင်းအမှုကို မပြုသင့်ပါ။
၃၀-၉-၂၀၀၇ တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ အနားယူကြောင်း ဗိုလ်ချုပ်ကြီး စုံသီက ကြေညာလိုက်သော်လည်း ၎င်းစိတ်ကြိုက် အသစ်ဖွဲ့စည်းလိုက်သည့် အမျိုးသားလုံခြုံရေးကောင်စီ Council for National Security (CNS)တွင်လည်း ဥက္ကဌအဖြစ် တာဝန်ယူထားသည်။ တဖန် အာဏာသိမ်း စစ်တပ်၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းထားသော အစိုးရအဖွဲ့တွင်လည်း ဒုတိယ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိနေပြန်သည်။ ဤအချက်က စုံသီသည် နိုင်ငံရေးအာဏာကို မက်မောပြီး မရမက ဖက်တွယ်လိုစိတ် ရှိနေကြောင်း အထင်အရှား ဖော်ပြနေသည်။
အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စုံသီမှာ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်သည်ဟု သတင်း ထွက်နေသော်လည်း သူနှင့် ဇနီး နှစ်ယောက်စလုံးတွင် ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ (၂.၈)သန်းမျှသာ ရှိသည်ဟု တရားဝင် ကြေညာထားသည်။ စုံသီမှ တိုက်ရိုက်ခန့်ထားသည့် ၀န်ကြီးချုပ် စူရာယွတ် ချူလာနွန် (Surayud Chulanont)ကလည်း သူသည် အမေရိကန် ဒေါ်လာ (၃.၉)သန်း ပိုင်ဆိုင်သည်ဟု တရားဝင်ကြေညာသည်။ ဤသည်မှာ ထိုင်းနိုင်ငံရေးလောကသို့ တရားဝင် နေရာယူလိုသဖြင့် တဖက်သပ် ကြေညာနေခြင်းမျှသာ ဖြစ်သည်။ အမှန်တကယ် ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေးရန် အခြေအနေမျိုး ဖန်တီးပေးထားခြင်း မရှိသေးပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၏အခြေအနေကို အကြမ်းဖျဉ်းလေ့လာကြည့်လျှင် နိုင်ငံအတွင်း အထူးသဖြင့် နိုင်ငံရေးလောက၌ အကွဲအပြဲများ ရှိနေဆဲဖြစ်သည်။ ၀န်ကြီးချုပ် စူရာယွတ်၏ အုပ်ချုပ်မှုအောက်တွင် နိုင်ငံတည်ငြိမ်ရေးနှင့် ပြည်သူတို့၏ လုံခြုံရေးတို့ကို ဦးစားမပေးနိုင်ခြင်းများက အမြော်အမြင် ကြီးမားသူတို့အား ရတက်မအေး ဖြစ်နေစေတော့သည်။
အထူးသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် များတွင် ဝေဖန်ခံနေရသည်။
စစ်အစိုးရ ကျောထောက် နောက်ခံပြု ရေးဆွဲထားသော အခြေခံဥပဒေအပေါ် ၁၉-၈-၂၀၀၇ နေ့က လူထုဆန္ဒခံယူပွဲ လုပ်ရာ မဲပေးနိုင်သူများအနက် (၆၀)%သာ လာရောက်ကြသည်။ သို့သော်လည်း ထောက်ခံမဲ အများစု ရရှိခဲ့သည်။ စစ်အစိုးရအတွက် အောင်ပွဲတခု ရရှိလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း ထောက်ခံမဲ (၅၆.၆၉)%နှင့် ကန့်ကွက်မဲက (၄၁.၃၇)% ဖြစ်နေသည်ကို ထောက်ရှုလျှင် အနာဂတ်တချိန်တွင် အငြင်းပွားစရာ အများအပြား ရှိလာနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတခုဟု ဆိုရပေလိမ့်မည်။
ပြီးခဲ့သော နှစ်များအတွင် ထိုင်းနိုင်ငံ၌ စီးပွားရေး တိုးတက်မှုများ အမှန်ပင် ရှိနေခဲ့သည်။ လူထု နှစ်သက်သော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဒီမိုကရေစီအရ တည်ဆောက်ထားခဲ့သည့် စီးပွားရေးစနစ်က အခြေခိုင်နေသောကြောင့်သာ နိုင်ငံ့စီးပွားရေးကို လတ်တလောအားဖြင့် မထိခိုက်သေးခြင်းသာ ဖြစ်သည်။ သို့သော်လည်း အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယုံကြည်ကိုးစားရန် သံသယရှိခြင်းနှင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေများကြောင့် ပြည်သူတို့၏ ၀ယ်သူစားသုံးနိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ကျဆင်းနေတုန်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သာ့ခ်ဆင်နှင့် သူ့မိသားစု အသိုင်းအ၀ိုင်းမှ ပိုင်ဆိုင်သည့် အမေရိကန် ဒေါ်လာ (၂.၁) ဘီလျံခန့်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အာဏာသိမ်းစစ်တပ်မှ ခန့်ထားသည့် အစိုးရ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ထိန်းချုပ်ထားသည်။ အဆိုပါကိစ္စက သာ့ခ်ဆင်အား နိုင်ငံရေးလောကမှ အပြီးအပိုင် မထွက်ခွာနိုင်အောင် တုပ်နှောင်လိုက်ခြင်းဖြစ်ပြီး သူ့အနေဖြင့်သော်၎င်း၊ သူ၏နိုင်ငံရေး အသိုင်းအ၀ိုင်း အနေဖြင့်သော်၎င်း နိုင်ငံရေး အခွင့်အလမ်းသာအောင် ဆက်လက်ကြိုးပမ်းနေဦးမည့် လက္ခဏာတရပ် ဖြစ်လာသည်။
ထိုကြိုးပမ်းမှုများနှင့်အတူ သာ့ခ်ဆင်၏ ယခင် နိုင်ငံရေးအတိုက်အခံများ၊ အာဏာသိမ်းသူ စုံသီနှင့် လက်ရှိ စစ်အစိုးရခန့် အစိုးရအဖွဲ့တို့အကြားတွင် နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုများ (သို့) နောက်တကြိမ် စစ်အာဏာသိမ်းရန် စသည့် အလားအလာများက ရှိနေသည်။
ထိုကြားထဲ (၅-၁၂-၂၀၀၇)နေ့တွင် အသက်(၈၀) ပြည့်သည့် ထိုင်းဘုရင် ဘူမိဘော (Bhumibol Adulyadej) မှာ အသက်အရွယ်ကြောင့် သိသိသာသာ ကျန်းမာရေး ကျဆင်းနေသည့်အဖြစ်နှင့် နန်းမွေ ဆက်ခံရေးအပေါ် ပြည်သူတို့က ပူပင်ကြောင့်ကြလျက်ရှိသည်။ ထိုင်းဥပဒေအရ သူ့နေရာတွင် သမီးဖြစ်သူ သီရိဒုံ(Maha Chakri Sirindhorn)က ဆက်ခံရဖို့ရှိသည်။ ဘုရင် ဘူမိဘောမှာ ထိုင်းနိုင်ငံနှင့် ပြည်သူ တို့ကို စုစည်းပေးနိုင်စွမ်း ရှိသူဖြစ်သည်။ သူ၏နန်းသက် (၆၁)နှစ်အတွင်း ၀န်ကြီးချုပ် စုစုပေါင်း (၂၀)ဦးနှင့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေသစ် စုစုပေါင်း (၁၆)ခု ရှိခဲ့သော်လည်း ထိုင်းပြည်သူတို့က ဘုရင်အား အစဉ်အလာ မပျက် ဆက်လက်ကိုးကွယ် ယုံကြည်အားထားခဲ့ကြသည်။ အာဏာသိမ်းသူများပင်လျှင် ထိုင်းဘုရင်အား လွန်ဆန်၍ မရနိုင်သော နိုင်ငံရေးစွမ်းအားကို ဘုရင်က ပိုင်ဆိုင်ထားသည်။
လာမည့် ဒီဇင်ဘာ (၂၃)ရက်တွင် ထိုင်းနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည်။ အာဏာသိမ်း စစ်တပ်မှ ကျောထောက်နောက်ခံပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ကျင်းပပေးခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်ကို လေးစားမည်ဟုလည်း စုံသီက တရားဝင် ကြေညာထားသည်။
အာဏာသိမ်းခေါင်းဆောင် စုံသီက ဦးဆောင် ဖွဲ့စည်းထားသည့် မဲကလိန်ကျမှုများ တားဆီးရေးအဖွဲ့က ထိုင်းနိုင်ငံတွင် ဥပဒေအရ မဲပေးနိုင်သူ (၄၀.၈)သန်း အနက် (၇၁)%ခန့်က လာရောက်မဲပေးဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ (၂၃)ရက်နေ့တွင် မဲမပေးနိုင်သူများက တပါတ်ကြိုတင်၍ မဲပေးနိုင်သည့် ရွေးကောက်ပွဲ စနစ်ကို ကျင့်သုံးထားသည်။
စစ်မှန်သော ဒီမိုကရေစီစနစ်အောက်တွင် လွတ်လပ်၍ သမာသမတ်ရှိသော ရွေးကောက်ပွဲတရပ် ဖြစ်ရန် အလားအလာ အကောင်းဆုံး ရှိတတ်သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ယခုရွေးကောက်ပွဲတွင် လွတ်လပ်၍ သမာသမတ်ရှိသော မဲပေးပွဲ၏ ဂုဏ်အင်္ဂါရပ်ပေါ် သံသယ ဖြစ်စရာများတွင် အနည်းဆုံး အချက် နှစ်ချက်က ထင်ထင်ရှားရှား ရှိနေသည်။
ပထမအချက်မှာ အာဏာသိမ်း စစ်အစိုးရက လုပ်ပေးသည့် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်စနစ် ဖြစ်ပြီး ဒုတိယအချက်မှာ ထိုင်းနိုင်ငံ၏ သုံးပုံတပုံကျော်၌ ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး ဥပဒေကို မရုပ်သိမ်းပေးသေးခြင်း ဖြစ်သည်။
နှစ်ဆန်းပိုင်း (၂၆-၁-၂၀၀၇)နေ့က ထိုင်းနိုင်ငံရှိ ခရိုင်ပေါင်း (၇၆)ခုအနက် (၄၁)ခုတွင် စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းပေးခဲ့သည်။ သို့သော် စစ်အုပ်ချုပ်ရေး ကျန်ရှိနေသေးသည့် ခရိုင် (၃၅)ခုမှ အများစုမှာ ၀န်ကြီးချုပ် ဟောင်း သာ့ခ်ဆင်အား အပြည့်အ၀ ထောက်ခံသည့် မြောက်ပိုင်း ထိုင်းနိုင်ငံမှ ကျေးလက်ဒေသများသာ ဖြစ်နေသည်။
လက်ရှိ အခြေအနေတွင် အချို့စစ်အရာရှိများက ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများနှင့် နိုင်ငံရေး ပါတီများအပေါ် ခွဲခြားဆက်ဆံ နှိမ့်ချမှုများ ရှိနေကြောင်း စွပ်စွဲထားသည်များလည်း ရှိနေပြန်သည်။
စုံသီက ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းပြီးပြီးချင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကောင်စီ Council for Democratic Reform (CDR) ကို ဖွဲ့စည်းလိုက်သည်။ သို့သော် ထိုင်းပြည်သူတို့ ကိုယ်တိုင်ရေးဆွဲသည့် ထိုင်းနိုင်ငံ သက်တမ်း တလျှောက်တွင် အကောင်းဆုံးဟုပင် ကင်ပွန်းတပ်နိုင်သည့် ထိုင်းအခြေခံဥပဒေ (၁၉၉၇ ခုနှစ်)ကို အာဏာသိမ်း ခေါင်းဆောင် စုံသီက ဖျက်သိမ်းခဲ့သည်။
အစိုးရအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးသည့်တိုင်အောင် ဖောက်ပြန်ပျက်စီးသည်ကို အထောက်အထား ခိုင်လုံစွာ တွေ့ရှိရပါက အခြေခံဥပဒေဖြင့်သာ ကာကွယ် ထိန်းသိမ်း ပြုပြင်ရမည့်အစား အာဏာသိမ်း၍ အခြေခံဥပဒေ ဖျက်သိမ်းသည့် နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းတတ်ခြင်းကို သတိပြုနိုင်စရာ အရေးကြီးသော အချက်အဖြစ် ထောက်ပြလိုပါသည်။ ထိုင်းနိုင်ငံတွင် ဒီမိုကရေစီ အတော်အတန် အခြေခိုင် နေပြီးမှ အာဏာသိမ်းတတ်သည့် ထိုင်းစစ်တပ်၏ အစဉ်အလာဟောင်းကို ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ အာဏာရှင်တို့၏ လုပ်ထုံးလုပ်နည်းများကို ထိုင်းစစ်တပ်မှ ကာကွယ်ပေးရမည့်အစား ကိုယ်တိုင် ကျူးလွန် ထောက်ခံလျက် ရှိသည်ကို တွေ့ရသည်။
ထို့ပြင် အထက်ပါအချက်ကြောင့်လည်း ထိုင်းနိုင်ငံတွင် ကျင့်သုံးမည့် ဒီမိုကရေစီမှာ အစစ်အမှန်ဖြစ်ခြင်းနှင့် ဒီမိုကရေစီကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း ရှိမှုအပေါ် သံသယ ဖြစ်ရတော့သည်။
ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွင် စုံသီက လုပ်ပုရီ ခရိုင်ကို ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ပြိုင်မည်ဟု သတင်းများ ထွက်နေသည်။ ထိုင်းနိုင်ငံ၏ လက်ရှိ ပြည်တွင်း လုံခြုံရေးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် စုံသီ၏ အကြံပေးဖြစ်သူကိုယ်တိုင်က စုံသီ ရွေးကောက်ပွဲဝင်မည့် လုပ်ပူရီခရိုင်တွင် မဲဆွယ်ရေးမှူး လုပ်နေသည်။
ထို့ပြင် အဆိုပါ ပြည်တွင်း လုံခြုံရေးဆိုင်ရာအဖွဲ့ (ISOC)က ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ သာ့ခ်ဆင်ကို ထောက်ခံသည့် ဒေသခံများ၊ စစ်အစိုးရကို ဆန့်ကျင်သူများထံသို့ သွားရောက်၍ စစ်တပ်ကို ထောက်ခံရန် မဲဆွယ်လှုပ်ရှားနေကြသည်။ စစ်အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာ အသုံးချပိုင်ခွင့်ကို ပါတီ နိုင်ငံရေးအတွက် အသုံးချနေကြသည်ဟု ဆိုရပါမည်။
ရွေးကောက်ပွဲပြီး၍ အစိုးရသစ်ဖွဲ့ပြီးပါက အမျိုးသားလုံခြုံရေးကောင်စီ Council for National Security (CNS) ကို အမြဲတမ်း ဖွဲ့စည်းမည်ဟု ကြေညာထားသော်လည်း နိုင်ငံရေးတွင် မည်သည့်အခန်းကဏ္ဍထိ ပါဝင်ပတ်သက်နေမည်ကို ရှင်းလင်းထားခြင်း မရှိပေ။
ယင်းသို့ဆိုလျှင် အသစ်တက်လာသော အစိုးရ (အဆက်ဆက်တို့) အနေဖြင့် အဆိုပါ အမျိုးသားလုံခြုံရေး ကောင်စီနှင့် ပြေလည်မှုမရပါက နောက်တကြိမ် ဖယ်ရှားခံရမည် (သို့) စစ်တပ်မှ အာဏာသိမ်းဦးမည် ဆိုသည့်အချက်ကို မည်သူမျှ အာမ မခံနိုင်သည့် အနေအထား ဖြစ်သွားသည်။ တနည်းအားဖြင့် နိုင်ငံတွင် အသက်တမျှ အရေးပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာရှင် တည်ရှိနေသရွေ့ မည်သို့မျှ တန်ဖိုး မရှိသည့် စာရွက်များသာ ဖြစ်နေပေလိမ့်မည်။
လွင်အောင်စိုး
ဒီဇင်ဘာ ၂၀၀၇
လူရည်ချွန် ဒါမှမဟုတ် အမျိုးဂုဏ် မြင့်မားရေး
ရန်ကုန် ပဏ္ဍိတ ရာမ (၁၀)မိုင်ကုန်း တရားစခန်း ၀န်ဆောင်ဆရာတော် အရှင် ဇောတိက ဟောကြားတဲ့ လူရည်ချွန် ဒါမှမဟုတ် အမျိုးဂုဏ် မြင့်မားရေး ဆိုတဲ့ တရားခွေမှ ကောက်နှုတ်ချက်အချို့ကို ဒီဗီဘီမှာ သတင်းအဖြစ် တင်ထားပါတယ်။
- အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြင့်မားစေချင်ရင် မိမိတို့ရဲ့သီလ-စရဏကို မြှင့်တင်ပေးရမယ်၊
- တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲစေချင်ဘူး ဆိုရင် မေတ္တာထားရမယ်၊ ခွင့်လွှတ်ရမယ်၊ သည်းခံရမယ်၊ နားလည်ပေးရမယ်၊
- ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီတွေ ဆန့်ကျင်ကြ ဆိုတဲ့ ကြွေးကျော်သံနဲ့ ပတ်သက်လို့ ဘာဝနာ ပွားပေးရမယ်၊
- တရားမျှတတဲ့ လူ့အဖွဲ့အစည်း တခု ပေါ်ပေါက်ဖို့ဆိုရင် အကြောက်တရား ကင်းကင်းနဲ့ အမှန်တရားဘက်က ရပ်တည်ရမယ်၊
- ကိုယ်နဲ့အမြင် မတူသူတွေကို ဘုံရန်သူလို့ သတ်မှတ်ပြီး ချေမှုန်းနေချိန်မှာပဲ အခြားတဘက်ကနေ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ အော်နေရုံနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက ရလာမှာ မဟုတ်ဘူး၊
- အမြင်မတူတဲ့ ပုဂ္ဂိုလ်တွေ ဖိတ်ခေါ်၊ အမြင်မတူတာတွေ စုစည်းပြီး တိုင်းပြည်ရဲ့အင်အားအဖြစ် အသုံးချရမယ်၊
- အမှန်တရားထွန်းကားဖို့ မိမိလိုအပ်ချက်ကို အခြားသူတွေက ဝေဖန်ထောက်ပြတာ ခံနိုင်ရမယ် စတဲ့အချက်တွေကို ဆရာတော်က ဟောပြောသွားပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာ အမျိုး-ဘာသာ-သာသနာ တည်တံ့ ပြန့်ပွား တိုးတက်ရေးကို အထောက်အကူ ပေးနိုင်မယ့် အလွန်ကောင်းမွန်တဲ့ တရားခွေ ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
သာဓု သာဓု သာဓုပါ အရှင်ဘုရား။
ဒီဗီဘီ သတင်း အပြည့်အစုံ ဖတ်ရန် http://burmese.dvb.no/news.php?id=3166
ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲကြ
အာဏာရှင်စနစ်အောက်တွင် ရှိနေသရွေ့ ဒီမိုကရေစီ ရမည်မဟုတ်။
တိုက်ယူမှ ရမည်။
သေနတ်ကိုင်၍ အကြမ်းဖက် တိုက်မည်မဟုတ်။
နိုင်ငံရေးနည်းလမ်းဖြင့် အကြမ်းမဖက် တိုက်ပွဲဝင်မည် ဖြစ်သည်။
လူတစုဖြင့် မရ။ လူထုတရပ်လုံး ပါဝင်မှ ရမည်။
ဒီမိုကရေစီ လိုချင်သော ပြည်သူတို့က ဒီမိုကရေစီ အားပေးထောက်ခံသော နိုင်ငံတကာနှင့် လက်တွဲ၍ တိုက်ပွဲဝင်ရမည်။
ရနိုင်သမျှ ဒီမိုကရေစီ အင်အားစုများကို စုစည်းကြရမည်။
ထောက်ခံအားပေးသူ မရှိလျှင် မည်သည့် အာဏာရှင်မှ မရပ်တည်နိုင်။ ချက်ချင်း ပြုတ်ကျသည်။
ယခုနှစ်ကုန် လူထုအုံကြွမှု စတင်မည်
အပြည့်အစုံ – ဒီဗီဘီ သတင်း
http://burmese.dvb.no/news.php?id=3156
ဝေဖန်ခြင်း
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာစစ်အစိုးရ အာဏာပိုင်တွေ အပေါ်မှာ စိတ်ရှည် သည်းခံနိုင်စွမ်း ကုန်နေတယ်လို့ ထုတ်ပြောလာရပါပြီ။
အမေရိကန်အပါအ၀င် အီးယူ၊ ကနေဒါ၊ သြစတြေလျ တို့ကလည်း စစ်အစိုးရ အပေါ် ပြစ်ဒဏ်ခတ် အရေးယူတာတွေ ထပ်ဆင့်လုပ်နေသလို တိုးတက်မှု မရှိသရွေ့ နောင်လည်း ဆက်ပြီး ပြစ်ဒဏ် တိုးခတ်နေဦးမှာ ဖြစ်တယ်။ နိုင်ငံတကာ အတိုင်းအတာနဲ့ အရေးယူအပြစ်ပေးတဲ့ အထိတောင် ရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း အစီရင်ခံစာ တင်ပြပြီး စက်တင်ဘာ အရေးအခင်းတုန်းက သူ စုံစမ်းတွေ့ရှိခဲ့တာတွေကို နိုင်ငံတကာ သိအောင် ဖော်ထုတ်လိုက်ပါပြီ။
မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ မိမိတိုရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ တိုင်းသူပြည်သားတွေရဲ့အကျိုးကို ကြည့်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းလာအောင် နိုင်ငံရေး နည်းလမ်းအရ မျှတမှန်ကန်စွာ လုပ်ဖို့ အချိန်တန်နေပါပြီ။
အချိန်မနှောင်းခင် အာဏာရှင်လမ်းစဉ်ကနေ စွန့်ခွာပြီး ဒီမိုကရေစီ အရိပ်အောက်မှာ ခိုလှုံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ခေတ်ပြောင်းနေပါပြီ။ မျက်ခုံးမွှေးတဆုံး ကြည့်ပြီး ခေတ်နောက်ပြန် မဆွဲဖို့ သတိပေးလိုက်ပါတယ်။
တရက် တမနက် ဆိုတာ နစ်နာဆုံးရှုံးနေရသူတွေအတွက် တန်ဖိုး ကြီးကြီးမားမားနဲ့ ပေးဆပ်နေရတာဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှု ဆိုတာ အချိန်မရွေး ပေါ်ပေါက်လာနိုင်ပါတယ်။
သာသနာဖျက်တို့ အာဏာပြလွန်း
မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု လုံးဝမရှိတော့။ အစဉ်အလာကောင်း ယဉ်ကျေးမှုတို့လည်း ပျက်သုန်းလေပြီ။
မတရားသည့် ဥပဒေကို ရဟန်းရှင်လူ ပြည်သူတို့က ကြိတ်မှတ် ခေါင်းငုံ့ခံပေး နေရသည်ကိုပင် အာဏာရှင် လူရမ်းကားတို့က အားမရသေး။
လူမျိုးတုန်း၊ သာသနာတုန်းအောင် ရမ်းကားလွန်းနေသည်မှာ မြန်မာနိုင်ငံသမိုင်းတွင် မကြုံစဖူး ဖြစ်နေတော့သည်။
တိုင်းတပါးမှ ကျွန်လာပြုသော အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်တို့ပင် ဤမျှလောက် မရက်စက်ဟု လူကြီးသူမတို့က ပြောဆိုနေကြသည်ကို တစက္ကန့် တမိနစ်မျှ စဉ်းစားကြည့်စေဖို့ ကောင်းသည်။
အာဏာယစ်မူးနေသော ခေါင်းဆောင်တို့က ရဟန်းသံဃာ မြင်တိုင်း မိုက်ရိုင်းနေကြသည်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဟုပင် မခေါ်အပ်တော့။
ထိုခေါင်းဆောင်တို့နှင့် နောက်လိုက် လက်ကိုင်တုတ်တို့က မြတ်စွာဘုရား၏ သားတော်များအပေါ် ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် ပြစ်မှားခဲ့ပြီးသည့်နောက်ပိုင်း ၀န်ချတောင်းပန်ခြင်း မရှိသေးပဲနှင့် မိမိတို့အိမ်က တခမ်းတနား ကိုးကွယ်ထားတဲ့ ဘုရားစင်ရှေ့မှာ ထိုင်ရှိခိုးဝံသေး၏လော။
အထက်အမိန့်ဆိုသည့် စကားလုံးဖြင့် နောက်လိုက်ငယ်သားတို့အား ခိုင်းစေကာ မြေခွေးအမြီးပြတ် ဖြစ်အောင်၊ အ၀ီစိငရဲရောက်အောင် လုပ်နေသည်ကို နိုင်ငံ့အခွန်ငွေ စားသောက်နေရသူအပေါင်း သတိရှိဖို့ လိုပြီ။
——————-
မြတ်စွာဘုရား၏ ဓမ္မ ထုံးတမ်းစဉ်လာနှင့် မြန်မာနိုင်ငံ၏ ထုံးတမ်းစဉ်လာတို့ကို စစ်အာာဏာရှင် လူရမ်းကားတစုတို့က ချိုးဖောက် ဖျက်ဆီးနေသည်။
မဂ္ဂင်ကျောင်းတိုက်ကိစ္စကို နိုင်ငံတကာရှုထောင့်အရ ကြည့်လျှင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုနှင့် ဘာသာရေး နှိပ်ကွပ်မှုများကို စစ်အစိုးရက ပြောင်တင်းတင်း ကျူုးလွန်နေသည်သာမက အိုးအိမ်နှင့် မြေယာ ပိုင်ဆိုင်သည့် အခွင့်အရေးကိုပါ ကျူးလွန်လာကြောင်း အထောက်အထား ခိုင်လုံစွာ တွေ့နေရသည်။
အလုံးစုံ ပျက်သုန်းရေးကို အာဏာရှင်ကိုယ်တိုင်က ဖန်တီးနေသည် ဟုသာ ဆိုရပေလိမ့်မည်။
——————————–
ဆူဆူညံညံ အာဆီယံ
ဆူဆူညံညံ အာဆီယံ
မြန်မာစကားမှာ လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့ စကားရှိပါတယ်။ ဟန်ချက်ညီညီ ဖြစ်နိုင်ဖို့အတွက် ရည်ရွယ်တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒီနှစ် (၁၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာတော့ အရင်နှစ်တွေနဲ့ မတူပဲ ဝေဖန်ကန့်ကွက် သံတွေနဲ့ ပိုပြီး ဆူညံနေခဲ့ပါတယ်။ အဓိကအချက်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေကြောင့် ဖြစ်ပါတယ်။
ဝေဖန်ကန့်ကွက်သံတွေမှာ အာဆီယံကို သွားမရှိဘူးလို့ ပြောတာတွေ ရှိနေခဲ့ပါတယ်။ အဲဒါကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံမှာ သွားမရှိပေမယ့် လျှာ ရှိပါတယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ “လင်နဲ့မယား လျှာနဲ့သွား” ဆိုတဲ့ မြန်မာစကားလို အာဆီယံအနေနဲ့ ဟန်ချက်ညီညီ မလုပ်ပေးနိုင်ဘူး လို့ ကိုယ်တိုင် ၀န်ခံရာ ရောက်သွားပါတယ်။
အာဆီယံ ခေါင်းဆောင်တွေ ဒီနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ အာဆီယံ ပဋိဥာဉ်စာချုပ်ဟာလည်း အရင်လိုပဲ သွားမရှိပြန်ဘူးလို့ ထပ်မံဝေဖန်ခံနေရပါတယ်။
အာဆီယံဟာ ၁၉၆၇ ခုနှစ် သြဂုတ်လ (၈)ရက်နေ့မှာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က စတင် ဖွဲ့စည်းတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဖွဲ့ဝင်သစ်တွေ တိုးလာခဲ့ပါတယ်။ အာဆီယံရဲ့မူတွေဟာ ပြောင်းလဲတိုးတက်လာနေတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီတော့ပဲ ဖြစ်နေတဲ့အတွက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တဲ့ နံပါတ်(၉)အဖွဲ့ဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ပြန်လည်ပြင်ဆင်တဲ့အနေနဲ့ အာဆီယံ ပဋိဥာဉ် စာချုပ်သစ်ကို လွန်ခဲ့တဲ့ (၂)နှစ်ကျော် ကတည်းက စတင် ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးတော့လည်း အဖွဲ့ဝင်တွေအကြား ပိုမို စုစုစည်းစည်း ဖြစ်လာအောင် ဥရောပ သမဂ္ဂလို ဒေသတွင်း အဖွဲ့အစည်း ပုံစံမျိုးအတိုင်း အတုယူထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ပိုမို အားကောင်းလာစေဖို့၊ အစိုးရကောင်းတရပ် ဖြစ်လာအောင် အားဖြည့်ဖို့၊ တရားဥပဒေ စိုးမိုးရေး ခိုင်မာစေဖို့အပြင် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကာကွယ် မြှင့်တင်ပေးဖို့ပါ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ သိပ်အရေးကြီးတဲ့ ရည်မှန်းချက်တွေထဲမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းအားဖြည့်ဖို့၊ အာဆီယံဘုံဈေးကွက် ဖွင့်လှစ်နိုင်ဖို့၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးတွေ တိုးမြှင့်ဖို့တွေလည်း ပါရှိပါတယ်။
စာချုပ်သစ်အရ ဆိုရင်တော့ အဖွဲ့ဝင်နိုင်ငံတွေဟာ စာချုပ်ပါစည်းမျဉ်းအတိုင်း တရားဝင် လိုက်နာ လာရဖို့ ရှိတယ် ဆိုပေမယ့် ၀င်ရောက်မစွက်ဖက်ရေးမူ၊ အများသဘောတူ ဆုံးဖြတ်တဲ့မူ၊ တနိုင်ငံက ကန့်ကွက်ရင် အများက လိုက်လျောပေးရတဲ့မူတွေကတော့ အရင်လိုပဲ ပြန်ပါလာတာ တွေ့ရပါတယ်။ စည်းမျဉ်းအတိုင်း မလိုက်နာရင် ဘယ်ပုံဘယ်နည်း အပြစ်ပေး အရေးယူမလဲ ဆိုတာတွေလည်း ထည့်သွင်း ရေးဆွဲထားတာ မရှိပါဘူး။
ဒါဟာ လူ့အခွင့်အရေးကိစ္စမှာ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာ အပြစ်ပေး အရေးယူ တာတွေ လုပ်မှာမဟုတ်ဘူးလို့ အဓိပ္ပာယ်ထွက်သွားပါတယ်။ ဒီတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ မြန်မာ စစ်အစိုးရကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တက်လာအောင် အာဆီယံ ပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းတွေအတိုင်း အတင်းအကြပ် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
လူ့အခွင့်အရေးကိစ္စဟာ နိုင်ငံတကာ တောင်းဆိုချက်ကို အာဆီယံက အနိမ့်ဆုံး စာသားအနေနဲ့ ထည့်သွင်းရေးဆွဲထားရုံပဲ ရှိနေပြီး အာဆီယံရဲ့ အဓိက လုပ်ငန်းစဉ်ကြီးတခု မဟုတ်ဘူး ဆိုတာကို နားလည်သဘောပေါက် ထားရတော့မှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် အာဆီယံ ပဋိဥာဉ်စာချုပ်သစ်ဟာ အာဆီယံ ပြည်သူတွေနဲ့ နိုင်ငံတကာ မိသားစုကို ကျေနပ်နှစ်သိမ့်အောင် အပြည့်အ၀ မလုပ်ပေးနိုင်သေးရုံမက အားကိုး မျှော်လင့်နိုင်စရာလည်း သိပ်မရှိလှသေးပါဘူး။ ဒါကြောင့် အာဆီယံရဲ့ အနာဂတ်မှာလည်း ဝေဖန်ကန့်ကွက်သံတွေ၊ ရှုံ့ချပြစ်တင်သံတွေကို ဆက်လက် ကြားနေရဦးမှာ ဖြစ်ပါတယ်။
အခုလည်း စာချုပ်ကို အတည်ပြုလိုက်တာနဲ့ ဝေဖန်သံတွေ မိုးမွှန်သွားပါတယ်။ အင်မတန် ပျော့ပြောင်း လွန်းတဲ့ စာချုပ်၊ ဟာကွက်တွေ အားနည်းချက်တွေရှိတဲ့ စာချုပ်၊ အာဆီယံပြည်သူတွေအတွက် တကယ်တမ်း အကျိုးမပြုနိုင်တဲ့ စာချုပ်လို့ အမျိုးမျိုး ဝေဖန်နေကြပါတယ်။
ဒီပဋိဥာဉ်စာချုပ်မှာ မြန်မာနိုင်ငံကို လက်မှတ်ရေးထိုးခွင့် ပြုလိုက်တာကြောင့် စာချုပ်ကို တရားဝင် အသိအမှတ်ပြုတဲ့အခါမှာ အားနည်းသွားရပါပြီလို့ အာဆီယံအရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ SAPA (Solidarity for Asian People’s Advocacies)အဖွဲ့က ပြောဆိုလိုက်ပါတယ်။
SAPAရဲ့အခြား မဟာမိတ်အဖွဲ့တခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက လူ့အခွင့်အရေးအဖွဲ့ (Indonesian Human Rights Group)ကလည်း အာဆီယံ စာချုပ်သစ်ဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးလို နိုင်ငံတကာ အသိအမှတ်ပြု အဆင့်အတန်းမျိုး မရှိပါဘူး။ အခြား ဒေသဆိုင်ရာ အဖွဲ့ တွေထက် အဆင့် အများကြီး နိမ့်နေပါတယ်လို့ ဝေဖန်လိုက်ပါတယ်။
Fletcher School of Law and Diplomacy က လူ့အခွင့်အရေးဆိုင်ရာ ပရော်ဖက်ဆာ Jeremy Sarkin ကလည်း စာချုပ်က စာရွက်စာတမ်းအဆင့်မှာပဲ ရှိနေပြီး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အရေးယူ အပြစ်ပေးတာတွေ မရှိဘူးဆိုရင် အာဆီယံကို အရင်ထက်ပိုပြီး ယုံကြည်အားထား နိုင်စရာတွေ၊ တရားဝင် အသိအမှတ် ပြုနိုင်စရာတွေ ဆုံးရှုံးစေလိမ့်မယ်လို့ ဝေဖန်သွားပါတယ်။
ဒီကြားထဲမှာ ဝေဖန်စရာတခု ထပ်တိုးလာတာကတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘားရီကို အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအကြောင်း သူတွေ့ကြုံသိရှိလာရတာတွေကို ရှင်းပြပေးဖို့ အာဆီယံ လက်ရှိဥက္ကဌ စင်္ကာပူ ၀န်ကြီးချုပ်က ဖိတ်ကြား စီစဉ်ထားပြီးမှ မြန်မာဘက်က ကန့်ကွက်တာကြောင့် ဖျက်သိမ်းလိုက်ရတဲ့ကိစ္စပါပဲ။
အစီအစဉ်ကို ဖျက်ဖို့- မဖျက်ပဲဆက်လုပ်ဖို့ ငြင်းကြခုန်ကြတာနဲ့ပဲ မြန်မာနိုင်ငံက အားလုံးရဲ့ပါးစပ်ဖျားမှာ ပြောဆိုဝေဖန်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ခေါင်းဆောင်အတော်များများကတော့ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရပါတယ်။ ဖိလစ်ပိုင် သမ္မတဆိုရင် အတော့်ကို စိတ်ပျက်သွားရတယ်လို့ သူမရဲ့ အရာရှိ တဦးက ပြောပြသွားပါတယ်။
အသေအချာ စီစဉ်ထားပြီးမှ ပျက်ရတာဟာ နှစ်ပေါင်း (၄၀) အာဆီယံ သက်တမ်းအတွင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဂမ်ဘားရီ လာရှင်းပြမယ့်ကိစ္စကို အာဆီယံ ဥက္ကဌက နိုဝင်ဘာ(၉)ရက်မှာ ကြေညာပြီး စီစဉ်ထားတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ကန့်ကွက်မယ်ဆိုရင်တောင် အချိန်အများကြီး ရပေမယ့် မကန့်ကွက်ပဲ အနီးကပ်မှ ကန့်ကွက်တာဟာ အများသဘောတူ ဆုံးဖြတ်ထားတာကို ဆန့်ကျင်တာပဲလို့ ဝေဖန်ကြပါတယ်။
နဂိုကတည်းကပဲ မြန်မာအကြောင်းကို နိုင်ငံတကာက ကောင်းကောင်း သိနေပြီးသားဖြစ်တာကြောင့် ဂမ်ဘားရီ ထပ်ရှင်းပြနေတာကို မြန်မာစစ်အစိုးရအနေနဲ့ ပိုပြီး သောကရောက်စရာ မလိုတော့ပါဘူး။
ဒါပေမယ့် အခုတော့ ဂမ်ဘားရီ ပြောဖို့အစီအစဉ် ပျက်သွားရတဲ့ အကြောင်းရင်းက ဂမ်ဘားရီ ပြောဖို့ပြင်ဆင်ထားတာထက် ပိုပြီး လူသိများသွားတဲ့အပြင် အများကဲ့ရဲ့စရာ တခုအဖြစ် သတ်မှတ် ခံလိုက်ရပါတော့တယ်။
ဂမ်ဘားရီ ပြောမယ့် အစီအစဉ်ကတော့ လုံးဝပျက်သွားတာတော့ မဟုတ်ပါဘူး။ သူ့ကိုပြောဖို့ သတ်မှတ်ထားတဲ့ ၂၁-၁၁-၂၀၀၇ နေ့မှာပဲ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ကမ်ဘောဒီးယား၊ သြစတြေလျ၊ နယူးဇီလန် စတဲ့နိုင်ငံတွေနဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာစစ်အစိုးရနဲ့ သူဘယ်လို ဆွေးနွေးခဲ့တာတွေကို ပြန်ရှင်းပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ နောက်ဆုံးအချိန်ထိ ရထားတဲ့ ဂမ်ဘာရီနဲ့ တွေ့မယ့် နိုင်ငံစာရင်း ဖြစ်ပါတယ်။
ဂမ်ဘားရီ ရှင်းပြမယ့် အစီအစဉ် ပျက်သွားတာကြောင့် အာဆီယံအဖွဲ့အပေါ် ယုံကြည်အားထား ရတာတွေ ထိခိုက်သွားခဲ့ပြီလို့ လေ့လာသုံးသပ်သူတွေကို မှတ်ချက်ချနေကြပါတယ်။
စင်္ကာပူမှာရှိတဲ့ S. Rajaratnam အင်တာနယ်ရှင်နယ် ကျောင်းက Hiro Katsumata က “ဒါဟာ မြန်မာအတွက် အောင်ပွဲတပွဲ ဆိုတာ သိပ်ဟုတ်တာပေါ့။ ဒါပေမယ့် အာဆီယံအဖွဲ့မှာတော့ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပါပြီ”လို့ ပြောလိုက်ပါတယ်။
ဂမ်ဘားရီရဲ့အစီအစဉ်ကို ဖျက်ဖို့ ဆုံးဖြတ်လိုက်ကြတာဟာ အမျှော်အမြင် သိပ်နည်းရာရောက်သွားပြီး တကယ်လို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ဂမ်ဘားရီ တက်ရောက်နိုင်ခဲ့ရင် အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ စိုးရိမ်ပူပန်မှု ရှိတာကို အနည်းဆုံး ပြသနိုင်မှာ ဖြစ်တယ်လို့ Macquarie တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ Sean Turnell က မှတ်ချက်ချပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂမ်ဘားရီအနေနဲ့ မြန်မာ့ရေးရာ အခြေအနေကို ဒီအစည်းအဝေးမှာ ရှင်းပြဖို့ အခွင့်အရေး ရသင့်တယ်လို့ သူယူဆကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Masahiko Komura က ပြောဆိုသွားပါတယ်။
လွင်အောင်စိုး
(၂၁-၁၁-၂၀၀၇)
ကိုးကား- World Forcus on Burma (20-11-2007) တွင် ဖော်ပြထားသည့် မြန်မာနှင့် အာဆီယံ သတင်းများထဲမှ အချို့။






